လွန်ခဲ့သည့် ၁၅ နှစ်က အမေရိကန်ပြည်ထောင်စု ဟားဗတ်တက္ကသိုလ် ကျောင်းသားတစ်ဦးနှင့် သူ၏ သူငယ်ချင်း တစ်သိုက်တို့ အကြားတွင် အွန်လိုင်းမှတစ်ဆင့် ဓာတ်ပုံနှင့် လိပ်စာမှတ်တမ်းကလေးများကို မျှဝေသုံးစွဲခဲ့ကြစဉ်က ၎င်းသည် မကြာတော့မည့် အနာဂတ်တွင် ကမ္ဘာနှင့်ချီ၍ ပျံ့နှံ့သုံးစွဲလာကြလိမ့်မည်ကို လည်းကောင်း၊ အိုင်တီနည်းပညာ မဟာကုမ္ပဏီကြီးများ ဖြစ်ကြသည့် အမေဇုန်၊ အက်ပဲလ်၊ ဂူဂဲလ်တို့နှင့်အပြိုင် ဖေ့စ်ဘုတ် လူမှုကွန်ရက်ကုမ္ပဏီကြီး ဖြစ်လာမည်ကိုလည်းကောင်း မျှော်လင့်မထားမိခဲ့ကြ ဟုဆိုသည်။ လက်ရှိအခြေအနေတွင်မူ ဖေ့စ်ဘုတ်သည် ကမ္ဘာ့အကြီးဆုံးသော လူမှုကွန်ရက်ကြီးအဖြစ် ရပ်တည်နေပြီ ဖြစ်ပြီး တည်ထောင်သူ မတ်က်ဇတ်ကာဘတ်သည်လည်း ကမ္ဘာပေါ် တွင် အသက်အငယ်ဆုံး ဘီလီယံနာ ဖြစ်နေပြီဖြစ်သည်။
အမေရိကန်ပြည်ထောင်စု တက္ကသိုလ် ပရိဝုဏ်များနှင့် ကျောင်းသား ကျောင်းသူများအကြားတွင် စတင်ခဲ့သည့် ဖေ့စ်ဘုတ်သည် ပိတ်ပင်ထားသည့် နိုင်ငံအချို့မှလွဲ၍ ကမ္ဘာတစ်ခွင်၌ သုံးစွဲနေကြရာ ၂၀၁၉ ခုနှစ်၏ ဒုတိယသုံးလပတ် အတွင်း၌ ပုံမှန်သုံးစွဲသူဦးရေ ၂ ဒသမ ၄၁ ဘီလီယံ ရှိနေပြီး နေ့စဉ်နှင့်အမျှလည်း တိုး၍တိုး၍ နေသည်ဟုဆိုသည်။
ဖေ့စ်ဘုတ်၏ မူလရည်ရွယ်ချက်က မိတ်ဆွေအချင်းချင်း ပေါင်းသင်းဆက်ဆံရေးတွင် နည်းပညာဖြင့် အထောက်အကူပြုပေးခြင်း ပင်ဖြစ်သည်။ မိမိ၏ ခံစားချက်ကို ထုတ်ဖော်ခြင်း၊ ထင်မြင်ချက်နှင့် ယုံကြည်ယူဆချက်တို့ကို တင်ပြခြင်း၊ အတွေ့အကြုံနှင့် ဗဟုသုတတို့ကို မျှဝေခြင်း၊ ဝါသနာတူသူချင်း ဆွေးနွေးဖလှယ်ခြင်း စသည့် မြောက်မြားလှစွာသော လူမှုဆက်ဆံရေးတို့ကို အချိန်အခါ၊ နေရာဒေသ အကွာအဝေးတို့ကို ကျော်လွန်၍ ပြုလုပ်နိုင်ကြသည်။
ဖေ့စ်ဘုတ်လူမှုကွန်ရက်ကို အကျိုးရှိစွာ အသုံးချနိုင်ပါက အဖိုးမဖြတ်နိုင်သော ရတနာသိုက်သဖွယ်ပင် ဖြစ်သကဲ့သို့ တလွဲအသုံးချ ခြင်းနှင့် အဆင်ခြင်မဲ့၊ ပညာကင်းမဲ့စွာ သုံးပါကလည်း ပင်ဒိုရာအိုးကို ဖွင့်မိသည့်နှယ် ကြောက်မက်ဖွယ် အန္တရာယ်ဆိုးများနှင့်လည်း ကြုံရနိုင်သည်။
ဖေ့စ်ဘုတ်သည် ပေါင်းသင်းဆက်ဆံရေးအတွက် နည်းပညာဖြင့် ဖန်တီးပေးထားသည့် နယ်ပယ်သစ် တစ်ခုဖြစ်သလို သတင်းအချက် အလက်များကို အမြန်ဆုံးရယူနိုင်သည့် မီဒီယာတစ်ခုလည်း ဖြစ်နေသည်။ ရပ်ထဲရွာထဲ၊ လုပ်ငန်းခွင်ထဲတို့တွင် အစဉ်အလာအားဖြင့် တည်ရှိသည့် လူမှုဆက်ဆံရေး၌ ကျင့်ဝတ်နှင့် ထုံးတမ်းစဉ်လာ ယဉ်ကျေးမှုတို့ရှိသလို သမားရိုးကျမီဒီယာများတွင်လည်း ကျင့်ဝတ်နှင့် စံနှုန်းများ ရှိကြသည်။ ဖေ့စ်ဘုတ်တွင်မူ ဤကဲ့သို့မဟုတ်တော့။ ဖေ့စ်ဘုတ်ပေါ်မှ ပေါင်းသင်းဆက်ဆံရေးသည် အစစ်အမှန် လောကမှ ကျင့်ဝတ်နှင့် ယဉ်ကျေးမှုတို့ဖြင့် ထိန်းကွပ်ထားသည့် ပေါင်းသင်းဆက်ဆံရေးနှင့် မတူညီဘဲ ကွာခြားမှု၊ ဆန့်ကျင်မှုများရှိသလို ဖေ့စ်ဘုတ်ပေါ်မှ ရရှိလာသည့် သတင်းအချက်အလက်များကိုလည်း သတိထား၍ စိစစ်မှုများပြုလုပ်ရန် လိုအပ်လာသည်။ ဖေ့စ်ဘုတ်ပေါ်မှ ဓာတ်ပုံ၊ အမည်နေရပ်၊ အလုပ်အကိုင်၊ ပညာအရည်အချင်း၊ အချက်အလက်များသည် လည်းကောင်း၊ ဆက်သွယ် ဆက်ဆံပြောကြားမှုများ၊ မျှဝေမှုများ၊ ဖြန့်ချိမှုများကို ဟုတ်မဟုတ်၊ မှန်မမှန်၊ မည်သည့် ရည်ရွယ်ချက်၊ ဖြစ်လာနိုင်သည့် အကျိုးဆက်များ စသည်ဖြင့် ဆင်ခြင်ရန်၊ ခွဲခြမ်းစိတ်ဖြာရန် လိုအပ်လာသည်။ တစ်ဖက်တွင်လည်း မိမိတို့၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို လုံခြုံစွာ ထိန်းသိမ်းတတ်ဖို့လည်း လိုအပ်လာသည်။
စင်စစ်အားဖြင့် ဖေ့စ်ဘုတ်သည် လူသန်းပေါင်းများစွာ နေထိုင်ကြသည့် မီဂါမြို့ ကြီးတစ်မြို့သဖွယ်လည်း ဖြစ်သည်။ မြို့ ကြီးထဲတွင် လေ့လာစရာ၊ လည်ပတ်စရာ၊ ပျော်ရွှင်စရာ နေရာအများအပြားသို့ လေ့လာလည်ပတ် ပျော်ရွှင်နိုင်သည်။ အချို့နေရာများက မသွားသင့်၊ အန္တရာယ်ရှိသည်။ မည်သို့ပင်ဖြစ်စေ မြို့ကြီးသူ မြို့ကြီးသား ပီသဖို့ဆိုလျှင် စမတ်ဖြစ် ဖို့လိုသည်။ ဥပဓိရုပ်ရှိရမည်။ ဤနေရာတွင် အပေါ်ယံ အသွင်အပြင်ထက် အရည်အချင်းကိုသာ ဆိုလိုခြင်းပင် ဖြစ်သည်။ မြို့ကြီးသူ မြို့ကြီးသား ဟူသည် တုံးအနေ၍မရ။ အကြမ်းဖက်မှု၊ ခြိမ်းခြောက်မှု၊ အနိုင်ကျင့်မှု၊ နှောင့်ယှက်မှုများကို ရှောင်ရှားနိုင်စွမ်း ရှိရသည်။ အကောင်းဆုံး တုံ့ပြန် နိုင်စွမ်းရှိရသည်။ ယဉ်ကျေးရသည်။ မရိုင်းရ။ ဖေ့စ်ဘုတ်သည် ခေတ်မီ လူမှုဆက်ဆံရေး နယ်ပယ်တစ်ခုအဖြစ်နှင့် နေ့စဉ်လူမှုဘဝတွင် နေရာယူလာ နေသော်လည်း အစစ်အမှန်လောက မဟုတ်သည့်အလျောက် ဆိုးသွမ်းသူ၊ ဖောက်ပြန်သူ၊ ရိုင်းပျသူတို့ အကြိုက်တွေ့ ကြသည့် နေရာဖြစ်နေသည်။ လူမျိုးရေး၊ ဘာသာရေး အမုန်းပွားစေဖို့ လှုံ့ဆော်ဘေးတီးကြသည်။ ယောကျာ်း မိန်းမ စသည့် လိင်ကွဲ ပြားမှုများအပေါ်၊ လိင်ပိုင်းဆိုင်ရာခံယူမှု၊ မသန်စွမ်းသူများနှင့် ကျန်းမာရေးချို့တဲ့ သူများအပေါ် ရည်ရွယ်ချက် အမျိုးမျိုးဖြင့် တိုက်ခိုက်ခြင်း၊ လိင်ကိစ္စနှင့် အဖော်အချွတ်များကို အတားအဆီးမဲ့ ထုတ်လွှင့်ခြင်းများလည်း ပြုလုပ်ကြသည်။
မည်သို့ပင်ဆိုစေ လူမှုကွန်ရက်ဟူသည် လူသားတို့၏ ဆက်ဆံရေးနယ်ပယ် ပင်ဖြစ်သည့်အတွက် ကျင့်ဝတ်များနှင့် စံနှုန်းများ ရှိသည်သာပင် ဖြစ်သည်။ ထို့အပြင် တရားဥပဒေဖြင့် တားဆီးကန့်သတ်ထိန်းချုပ်မှုများလည်း ရှိနေသည်ကို သတိချပ်ကြရမည်။ အထူးသဖြင့် လူမှုကွန်ရက် သုံးစွဲကြရာတွင် မိမိတို့ကိုယ်တိုင်ကတင် ပြခြင်းအပြင် အခြားသူတို့၏ တင်ပြချက်များကို ထပ်ဆင့် ဖြန့်ဝေခြင်း၊ ထောက်ခံခြင်း စသည့် အပြုအမူများအားလုံး၌ သတိနှင့် ဆင်ခြင်တုံတရားတို့ ထာဝစဉ်မပြတ် စွဲကပ်ထားရန်ဟူ၍သာ နှိုးဆော်လိုပါကြောင်း။ ။
(မြန်မာ့အလင်း)