လူမှုမီဒီယာများကို အသုံးချမှု ဟန့်တားရှုတ်ချ

နေပြည်တော် ၁၁ နိုဝင်ဘာ

 

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ နိုဝင်ဘာလ ၆ ရက်နေ့က ကျင်းပခဲ့သည့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ ဝန်ကြီးအဆင့် ဒေသခွဲအစည်းအဝေး ကျင်းပခဲ့ရာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့်အတူ ဘရူနိုင်းဒါရုဆလမ်၊ ဩစတြေးလျ၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် နယူးဇီလန်နိုင်ငံတို့မှကိုယ်စားလှယ်များ ပါဝင်တက်ရောက်ဆွေးနွေးခဲ့ကြသည်။

 

အစည်းအဝေးတွင် ကိုယ်စားလှယ်များက ဒေသတွင်းကြီးထွားလာ နိုင်ဖွယ်ရှိသော အကြမ်းဖက်မှု အန္တရာယ်များ၊ အကြမ်းဖက်မှုနှင့် အစွန်းရောက်မှုများ တားဆီးတိုက်ဖျက်ရာတွင် လူမှုအဖွဲ့အစည်းများ အနေဖြင့် အစိုးရများနှင့် ပူးပေါင်းဆောင်ရွက်သွားနိုင်မည့် အခန်းကဏ္ဍများနှင့် အကြမ်းဖက် ကွန်ရက်များအနေဖြင့် လူမှုမီဒီယာများကို အလွဲသုံးစားပြု အသုံးချနေမှုများအား တားဆီးဟန့်တားရေး အတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများအကြား ပူးပေါင်းဆောင်ရွက်သွားနိုင်မည့်အခြေအနေများကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

 

မျက်မှောက်ကာလတွင် စိုးရိမ်ဖွယ်ရာရှိနေသော အကြမ်းဖက်သမားများ၏ လှုပ်ရှားမှုများ၌သာမက ဒေသတွင်းလုံခြုံရေး၊ စည်းလုံးညီညွတ်ရေး၊ တရားဥပဒေစိုးမိုးရေး စသည့်ကိစ္စရပ်များတွင်ပါ လူမှုမီဒီယာများကို အလွဲသုံးစားပြု အသုံးချနေမှုများ ရှိနေသည်ကို မြင်တွေ့ကြားသိကြရမည် ဖြစ်သည်။ အလွဲသုံးစားပြု အသုံးချမှုပြုသည်ဆိုရာ၌ သက်ဆိုင်ရာမီဒီယာကသိလျက်နှင့်ဖြစ်စေ၊ မသိလျက်နှင့်ဖြစ်စေ သတင်းမှားတစ်ခု သို့မဟုတ် ထင်ယောင်ထင်မှားဖြစ်စေသော အမှုတစ်ခုကို ဖော်ပြလိုက်ခြင်းဖြင့်တစ်ဖက်အဖွဲ့အစည်း သို့မဟုတ် အသိုင်းအဝိုင်းကို ထိခိုက်နစ်နာမှုဖြစ်စေခြင်းကို ဆိုလိုသည်။

 

၅-၁၁-၂၀၁၈ ရက်နေ့ထုတ် Daily Star သတင်းစာတွင် အသက် ၁၅ နှစ်အရွယ် Narul Islam အမည်ရှိ လူငယ်သည် နွားကျောင်းနေစဉ် မြန်မာနိုင်ငံ ရေမောင်ခလီလုံခြုံရေးစခန်းဘက်မှ သေနတ်ဖြင့် ၁၇ ချက်ခန့်ပစ်ခတ်ခဲ့သဖြင့် ထိုလူငယ်၏တံတောင်ဆစ်တွင် ဒဏ်ရာရရှိသွားကြောင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်မှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ကြောင်း AFP သတင်းဌာန၏ သတင်းကို ဖော်ပြခဲ့ပါသည်။ မှန်ကန်မှုမရှိသော အဆိုပါသတင်းဖြစ်စဉ်ကို မီဒီယာတို့အနေဖြင့် သေချာစွာ သုံးသပ်စိစစ်ခြင်းမရှိဘဲ ထုတ်ပြန်ဖော်ပြလိုက်ခြင်းသည် နှစ်နိုင်ငံ အထင်အမြင်လွဲမှားမှုကို ဖြစ်စေပါသည်။

 

ထို့အပြင် မြန်မာနိုင်ငံအနေဖြင့် မကြာမီကာလအတွင်း မြန်မာနိုင်ငံဘက်မှ စိစစ်ပြီးဖြစ်သည့် နေရပ်စွန့်ခွာသွားသူများအား ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်စတင်တော့မည့်အချိန်တွင် ထိုလုပ်ငန်းစဉ် နှောင့်နှေးကြန့်ကြာပြီး အနှောင့်အယှက်၊ အဟန့်အတားဖြစ်စေပါသည်။ တစ်ဖက်နှင့် တစ်ဖက် အထင်အမြင်လွဲမှားမှုကိုဖြစ်စေနိုင်သည့် ထိုကဲ့သို့သတင်းများ အချိန်ကိုက် ထွက်ပေါ် လာသည်မှာ စိုးရိမ်ပူပန်မှုကိုသာ ဖြစ်စေပါသည်။ ယခုကဲ့သို့ အချက်အလက် သေချာခြင်း မရှိသည့်ကိစ္စမျိုးကို ဖြေရှင်းကန့်ကွက်ပြောဆိုနေရသည်မှာ နှစ်နိုင်ငံနှင့် ပြည်သူများအတွက် အကျိုးရှိစေနိုင် သောကိစ္စမျိုးမဟုတ်ပါ။

 

သတင်းမီဒီယာသမားများ လိုက်နာရမည့်တာဝန်နှင့် ကျင့်ဝတ်များတွင် သတင်းတိုင်းကို သတင်း အချက်အလက် တိကျမှန်ကန်မှုရှိစေရန်နှင့်တတ်နိုင်သမျှ ပြည့်စုံစေရန် စိစစ်ခြင်း၊ တိကျမှန်ကန်မှုမရှိသော သတင်းကို ဖော်ပြမိ၍ ပြင်ဆင်ရန်လိုအပ်ပါက အမြန်ဆုံးဖော်ပြခြင်းတို့ကို ပြုလုပ်ရမည်ဖြစ်ပြီး ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ လူမျိုးတစ်မျိုးကို အကြောင်းပြု၍ ပဋိပက္ခ ဖြစ်စေနိုင်သော လှုံ့ဆော်ရေးသားမှုမှ ရှောင်ကြဉ်ရမည်ဖြစ်သည်။ သို့ဖြစ်ရာ နိုင်ငံအချင်းချင်း၊ လူမျိုးအချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို ထိခိုက်စေသော ရေးသားဖော်ပြမှုများကို ရှောင်ကြဉ်ရန်နှင့် လူမှုမီဒီယာများကိုအသုံးချ၍ တည်ငြိမ်အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုကို ပျက်ပြားစေနိုင် သော မည်သည့်ကိစ္စရပ်တို့ကိုမဆို ဝိုင်းဝန်းဟန့်တား ရှုတ်ချကြရမည် ဖြစ်ပါကြောင်း။ ။

 

ကြေးမုံ