နေပြည်တော် ၁၀ ဩဂုတ်
လူမှုဖူလုံရေးအဖွဲ့သည် ပြင်ပလူနာဝန်ဆောင်မှုဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုကို တိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် လူမှုဖူလုံရေး - ကဲဝဲလ် အထွေထွေရောဂါကု ဆေးခန်းဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ကျင်းပသည်။
လူမှုဖူလုံရေး - ကဲဝဲလ် အထွေထွေရောဂါကုဆေးခန်းကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူစွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်စုစုမိုးကြည်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေကျော်၊ အလုပ်ရှင်ကိုယ်စားလှယ် ဦးမြင့်သန်း၊ အလုပ်သမားကိုယ်စားလှယ် ဦးဇော်ဝင်းနှင့် ကဲဝဲလ်မက်ဒီကယ်ကုမ္ပဏီမှ ဒေါက်တာ ကျော်တင်လတ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ဖွင့်ပွဲအခမ်းအနားကို ကနောင်ခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက လူမှုဖူလုံရေးအဖွဲ့သည် အာမခံအလုပ်သမားများ အားကိုးအားထားပြုရသည့် ဌာနတစ်ခု ဖြစ်ရန်အတွက် အလုပ်ရှင်၊ အလုပ်သမားများ၏ အဓိက လိုအပ်ချက်ဖြစ်သည့် ဆေးကုသမှုဝန်ဆောင်မှုကို ယခုထက် ပိုမိုထိရောက်အောင် ဆောင်ရွက်ပေးရန်နှင့် အကျိုးခံစားခွင့်များ ခွင့်ပြုပေးရာတွင် ပိုမိုလွယ်ကူလျင်မြန်ရန် အတွက် ပြုပြင်ပြောင်းလဲမှုများကို ILO ၏ နည်းပညာ အကူအညီရယူပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း။
နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး ဖြစ်ပေါ်တိုးတက်မှုများအရ တိုင်းဒေသကြီး/ ပြည်နယ်များအနက် ရန်ကုန်တိုင်းဒေသကြီးသည် လုပ်သားဦးရေ အများဆုံးရှိသည့် တိုင်းဒေသကြီး တစ်ခုဖြစ်ပြီး အကျုံးဝင်လုပ်ငန်းဌာနပေါင်း ၁၂၆၉၉ မှ အာမခံအလုပ်သမားပေါင်း ၉၄၅၃၂၉ ရှိသည့်အတွက် တစ်နိုင်ငံလုံးတွင်ရှိသည့် အာမခံအလုပ်သမားများ၏ ၆၉ ဒသမ ၄၈ ရာခိုင်နှုန်း ရှိပါကြောင်း၊ လူမှုဖူလုံရေးအဖွဲ့သည် ဒဂုံအရှေ့ စက်မှုဇုန်အတွင်းရှိ အကျုံးဝင် အာမခံအလုပ်သမားများအတွက် ကျန်းမာရေးစောင့်ရှောက်မှုကို ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ပြီး ကဲဝဲလ်ဆေးခန်းနှင့် စာချုပ်ချုပ်ဆို၍ လူမှုဖူလုံရေး - ကဲဝဲလ်ဆေးခန်းကို ထပ်မံတိုးချဲ့ဖွင့်လှစ်ပေးရခြင်း ဖြစ်ကြောင်း။
ထို့ပြင် တစ်နိုင်ငံလုံး အတိုင်းအတာအနေနှင့် အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို တိုးချဲ့ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတကာမှာ ကျင့်သုံးနေသည့် Provider Purchaser Split (PPS) စနစ်ကို အကောင်အထည်ဖော်ရန် Pilot စီမံကိန်းကို ရေးဆွဲချမှတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ Pilot ဆေးခန်း (၇) ခန်းကို ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ၎င်းအပြင် လူမှုဖူလုံရေးအဖွဲ့ပိုင် ဆေးရုံ၊ ဆေးခန်းများကို အဆင့်မြှင့်တင်ခြင်း၊ အသစ်ဆောက်လုပ်ခြင်းတို့ကို ဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီး ဒေါ်စုစုမိုးကြည်က အမှာစကားပြောကြားပြီး အလုပ်ရှင်နှင့် အလုပ်သမား ကိုယ်စားလှယ်များက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြသည်။
သတင်းစဉ်


