ရန်ကုန်၊ ၆ ဇန်နဝါရီ
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၏ လူမှုဖူလုံရေး-ကဲဝဲလ် အထွေထွေရောဂါကုဆေးခန်း ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် မဟာဗန္ဓုလပန်းခြံလမ်း (အထက်ဘလောက်)ရှိ တိုင်းဒေသကြီး လူမှုဖူလုံရေးရုံးတွင် ယနေ့ နံနက် ၈ နာရီခွဲက ပြုလုပ်သည်။
ရှေးဦးစွာ လူမှုဖူလုံရေး-ကဲဝဲလ် အထွေထွေရောဂါကုဆေးခန်းကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ လွှတ်တော်ကိုယ်စားလှယ်နှင့် လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဆေးခန်းဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကာ ဆေးခန်းအတွင်း လှည့်လည်ကြည့်ရှုကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းတို့က အမှာစကား ပြောကြားသည်။
ယင်းနောက် လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အေးနှင့် ကဲဝဲလ်မက်ဒီကယ်ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူတစ်ဦးတို့က လူမှုဖူလုံရေးအဖွဲ့၏ လုပ်ငန်းတာဝန်များ၊ လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားသည်။
နိုင်ငံတော်အစိုးရ၏ ဦးဆောင်လမ်းညွှန်မှုအရ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရန် လွယ်ကူမှုနှင့် ရင်းနှီးမြှုပ်နှံမှု အလားအလာကောင်းများ ဖော်ဆောင်လျက်ရှိရာ တိုင်းဒေသကြီး/ပြည်နယ်များအနက် ရန်ကုန်တိုင်းဒေသကြီးတွင် စီးပွားရေးလုပ်ငန်းများ တိုးတက်များပြားလာပြီး အလုပ်လုပ်ကိုင်သည့် လုပ်သားဦးရေ အများဆုံးရှိသော တိုင်းဒေသကြီး တစ်ခုဖြစ်ကြောင်း၊ လူမှုဖူလုံရေး အကျုံးဝင် လုပ်ငန်းဌာနပေါင်း (၁၄၂၂၁) ဌာနမှ လုပ်သားအင်အားပေါင်း (၉၄၈၉၅၉)ဦး ရှိသဖြင့် တစ်နိုင်ငံလုံးတွင်ရှိသည့် အာမခံအလုပ်သမားများ၏ (၇၀ ဒသမ ၅၉) ရာခိုင်နှုန်းရှိကြောင်း သိရသည်။
သတင်းစဉ်


