နေပြည်တော်  မတ်  ၁၅

 

အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့၏ စာရေးဝန်ထမ်းများ လုပ်ငန်းခွင်ဝင်အကြို သင်တန်း အမှတ်စဉ် (/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှု ဖူလုံရေးအဖွဲ့(ရုံးချုပ်) ကျင်းပသည်။ 

 

သင်တန်းဆင်းပွဲသို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက် ကြသည်။

 

သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုဝန်ကြီးက လူမှုဖူလုံရေးအဖွဲ့သည် လူမှုဖူလုံရေးအကျုံးဝင် အာမခံအလုပ်သမားများထံမှ လူမှုဖူလုံရေး ထည့်ဝင်ကြေးကောက်ခံပြီး အာမခံအလုပ်သမားများကို ဆေးကုသမှုဝန်ဆောင်မှုများနှင့် ငွေကြေး အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးသည့် လူမှုကာကွယ် စောင့်ရှောက်မှု (Social Protection) လုပ်ငန်းများ ဆောင်ရွက်နေသော အဖွဲ့အစည်းတစ်ရပ် ဖြစ်သည်နှင့်အညီ အလုပ်သမားထုနှင့် များစွာထိတွေ့ဆက်ဆံမှုပြုလုပ်ရန် လိုအပ်ကြောင်း၊ ယခုသင်တန်းသားများသည် နယ်မြေရုံးခွဲများ၊ ဆေးခန်းများတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများဖြစ်သည့်အတွက် အလုပ်သမားထုနှင့် ထိတွေ့ဆက်ဆံကြရာတွင် မိမိဌာန၏ လုပ်ငန်းစဉ် များကို သေချာစွာ ရှင်းလင်းဆွေးနွေးနိုင်ရန်နှင့် ယဉ်ကျေးစွာ ပြုမူပြောဆိုဆက်ဆံတတ်ရန်၊ မိမိတို့ဌာန အဖွဲ့အစည်း ဂုဏ်သိက္ခာကို ထိခိုက်စေမည့်အပြောအဆို၊ အပြုအမူများကို ရှောင်ကြဉ်ကြရန် လိုအပ်ကြောင်း၊ ဌာနက အားကိုးအားထားပြုထိုက်သည့် ဝန်ထမ်းကောင်းများဖြစ်အောင် မိမိတို့ ထမ်းဆောင်ရသည့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် စိတ်စေတနာ ကောင်းများထားရှိပြီး လက်တွဲကြိုးပမ်းလုပ်ဆောင်ကြရန် လိုအပ်ကြောင်းပြောကြားသည်။

 

ယနေ့နံနက်ပိုင်းတွင် သင်တန်းသူ၊ သင်တန်းသားများနှင့် ဌာနမှတာဝန်ရှိသူများသည် ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော် အောင်မြင်ခဲ့ သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များ အနက် ဉာဏ်တော်အမြင့်ဆုံး ဖြစ်သည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)