နေပြည်တော် ဇူလိုင် ၂၄

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနက အကောင် အထည်ဖော် ဆောင်ရွက်နေသည့် လူမှုရေးစီမံခန့်ခွဲမှုဆိုင်ရာသတင်း အချက်အလက်စနစ် (Social Management Information System-SMIS) လက်တွေ့အသုံးပြုခြင်းဆိုင်ရာ သင်တန်း ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။

 

အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင် က လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ငွေကြေးထောက်ပံ့မှု အစီအစဉ်များအနေဖြင့် လုပ်ငန်းပမာဏကြီးမားလာပြီး  လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို Manual စနစ်မှ Digital Platform စနစ်တစ်ခုကို အသုံးပြုပြီး အကောင်အထည်ဖော်ရန် လိုအပ်နေသည့်အတွက် လူမှုရေး စီမံခန့်ခွဲမှုဆိုင်ရာ သတင်းအချက်အလက်စနစ် (Social Management Information System – SMIS) Software ကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ တပ်မတော်(ကြည်း၊ ရေ၊ လေ)၊ သတင်းနည်းပညာဌာန၏ နည်းပညာပံ့ပိုး ကူညီမှုဖြင့် ၂၀၂၃-၂၀၂၄ခု၊ ဘဏ္ဍာရေးနှစ်မှ စတင်ပြီး အသုံးပြုနိုင်ခဲ့ပြီဖြစ်ကြောင်း၊ SMIS စနစ်ကို တည်ထောင်နိုင်သည့်အတွက် စာရင်းသွင်းလျှောက်ထားလာသူများ၏ အချက်အလက်များကို လွယ်ကူစွာ အတည်ပြုနိုင်ပြီး စာရင်းထပ်ခြင်းများကို ဖြေရှင်းနိုင်မည်ဖြစ်ပါကြောင်း၊ အဆိုပါစနစ်ကို တည်ဆောက်ခြင်း အားဖြင့် တိကျသည့်ထောက်ပံ့မှုစနစ်၊ ထောက်ပံ့ကြေးကို အလိုအလျောက် တွက်ချက်ပေးသည့်စနစ်များကြောင့် စာရင်းစစ်ဆေးမှုခံယူရာတွင်  များစွာအထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း၊ ယခုဖွင့်လှစ်သည့် သင်တန်းတွင် အကျိုးခံစားခွင့်ရှိသူများ၏ အတည်ပြုစာရင်းများ (Payment Sheet) ထွက်ရှိသည်အထိ ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပြောကြားသည်။

 

အဆိုပါ  သင်တန်းသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ သင်တန်းသား/သူ (၁၀၉)ဦး တက်ရောက်လျက်ရှိပြီး (၆)ရက်တာ သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သဘာဝဘေးအန္တရာယ်ဆိုင်ရာ  စီမံခန့်ခွဲမှုဗဟိုဌာန(DMC)၌  ကျင်းပသည့်  မိုခါဆိုင်ကလုန်းမုန်တိုင်း ဘေးသင့်ဒေသများတွင်  ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မုန်းဝန်းဗမာတိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့ချုပ်မှ အလှူငွေလှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်ပြီး မုန်းဝန်း ဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ချုပ်က လှူဒါန်းသည့် ငွေကျပ် သိန်းတစ်ထောင်ကို လက်ခံရယူ၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)