နေပြည်တော် ၂၈ ဒီဇင်ဘာ

 

လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲရေးစနစ်ဆိုင်ရာ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက် စံလုပ်ငန်းလမ်းညွှန် မိတ်ဆက်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက နေပြည်တော်၊  Hotel Max ၌ ကျင်းပသည်။

 

အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်ပြီး ပြည်သူများအတွက် ဖြည့်ဆည်းပေးရန် လိုအပ်ချက်များစွာရှိကြောင်း၊ သန့်ရှင်းသောသောက်သုံးရေရရှိရေး၊ လုံလောက်သော လျှပ်စစ်မီးရရှိရေး၊ ကောင်းမွန်သော လမ်းပန်းဆက်သွယ်ရေး၊ အားလုံးလက်လှမ်းမီသော ပညာရေး၊ ကျန်းမာရေးများရရှိရန်သက်ဆိုင်ရာ ဝန်ကြီးဌာနများက ပူးပေါင်းကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုလိုအပ်ချက်များကို အခြေခံ၍ဆက်စပ် ဖြစ်ပေါ်လာသော လူမှုဒုက္ခများကို ပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရကြောင်း၊ ပြောင်းလဲလာသော ခေတ်အခြေအနေနှင့် Social Media များကြောင့် အချို့သော ကိစ္စများသည် ပိုမိုရှုပ်ထွေးလျက်ရှိကြောင်း၊ ပဋိပက္ခများအကြားတွင် ကလေးသူငယ်များ၊ အမျိုးသမီးများ၊ မသန်စွမ်းများနှင့် သက်ကြီးရွယ်အိုများ၏ လူမှုရေးရာဖြစ်ရပ်များကို စနစ်တကျဖြေရှင်းရန် လိုအပ်ကြောင်း။

 

မိမိတို့ဝန်ကြီးဌာနအနေဖြင့် လူမှုရေးရာဒုက္ခများနှင့်ပတ်သက်၍ မွေးစမှ သက်ကြီးရွယ်အိုအထိ လူမှုဒုက္ခခံစားနေရသောသူများ၊ သဘာဝဘေးနှင့် လူကြောင့်ဖြစ်သော ဘေးဒဏ်များကြောင့် ဒုက္ခခံစားနေကြရသူများအတွက် ပံ့ပိုးကူညီဖြေရှင်းပေးလျက်ရှိပါကြောင်း၊ လိုအပ်သော ပြန်လည်ထူထောင်ရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးနေကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ရာတွင် မူဝါဒ၊ ဥပဒေများအပေါ် အခြေခံ၍ မဟာဗျူဟာများ ဖော်ဆောင်ပြီး လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းစဉ်များကို လက်တွေ့အကောင်အထည်ဖော်ရာတွင် ဒုက္ခခံစားနေရသော ပြည်သူများအကျိုးထိ ရောက်စွာဖြစ်ထွန်းစေရန် စံလုပ်ငန်းလမ်းညွှန် လိုအပ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အမျိုးသားအဆင့် လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာစီမံချက်ကို ၂၀၁၄ ခုနှစ်က ချမှတ်ခဲ့ပြီး လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲမှု လုပ်ငန်းလမ်းညွှန်ကို ၂၀၁၅ ခုနှစ်မှစ၍ ဆောင်ရွက်ခဲ့ပါကြောင်း။

 

သို့သော်လည်း ကလေးသူငယ်များအတွက်သာ အဓိကထား၍ စံလုပ်ငန်းလမ်းညွှန်ကိုရေးဆွဲခဲ့ရာ ကျား၊ မ ရေးရာ အပါအဝင် လူငယ်များနှင့် သက်ကြီးရွယ်အိုအထိ လူမှုဖြစ်ရပ်မျိုးစုံအတွက် ဘက်စုံလူမှုကာကွယ်စောင့်ရှောက်ရေးကို အကောင်အထည်ဖော်ရမည် ဖြစ်သဖြင့် ယခုစံလုပ်ငန်းလမ်းညွှန်အသစ်ကို ထပ်မံရေးဆွဲခဲ့ခြင်းဖြစ်ပါကြောင်း၊ လူ့ဘဝစက်ဝန်းတစ်လျောက်လုံး ကြုံတွေ့ရသော လူမှုဒုက္ခဖြစ်ရပ်များသည် များပြားပါကြောင်း၊ ဘက်စုံ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းဖြစ်သောကြောင့် ဌာနဆိုင်ရာများနှင့် ကဏ္ဍအသီးသီးရှိ အဖွဲ့အစည်းများ၏ တာဝန်ရှိသူတစ်ဦးချင်းက တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ယခုရေးဆွဲထားသည့် စံလုပ်ငန်းလမ်းညွှန်တွင် ချိတ်ဆက်ပူးပေါင်းဆောင်ရွက် အကောင်အထည်ဖော်ရန် လမ်းညွှန်ချက်များပါဝင်ကြောင်း၊ လုပ်ငန်းများကို လက်တွေ့အကောင်အထည်ဖော်ရာတွင် လူသားစွမ်းရည်မြင့်မားရန်လည်း လိုအပ်ပါကြောင်း၊ ထို့ကြောင့် ဝန်ကြီးဌာနက လူမှုရေးရာ ဖြစ်ရပ်စီမံခန့်ခွဲသူ Case Manager များကို မွေးထုတ်ပေးလျက်ရှိကြောင်း၊ မည်သည့်လုပ်ငန်းမဆို ကြီးကြပ်မှု လိုအပ်သည့်အတွက် လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲကြီးကြပ်သူ CaseSupervisor များကိုလည်း မွေးထုတ်ပေးလျက်ရှိကြောင်း၊ လူမှုအဖွဲ့အစည်းများ၊ NGO ၊ UN ၊ INGO များအားလုံး ပူးပေါင်းဆောင်ရွက်မှသာလူမှုရေးရာ ဖြစ်ရပ်စီမံခန့်ခွဲရေးစနစ်ဆိုင်ရာ လုပ်ငန်းအကောင်အထည်ဖော်ရေး အောင်မြင်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တက်ရောက်လာကြသော လူမှုအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများရှိ ကိုယ်စားလှယ်များနှင့်အတူ စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကြသည်။

 

မိတ်ဆက်ဖြန့်ချိခဲ့သော လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲရေးစနစ်ဆိုင်ရာ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ရေး စံလုပ်ငန်းလမ်းညွှန်စာအုပ်သည် ယနေ့မျက်မှောက်တွင် ကြုံတွေ့နေရသော လူမှုရေးထိခိုက်မှုများကို ဖြေရှင်းဆောင်ရွက်ရာတွင် အရေးပါပြီး နိုင်ငံတော်၏ လူမှုစီးပွားပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်