နေပြည်တော် ၂၄ ဇန်နဝါရီ
ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက် နေသူများ၊ မြန်မာနိုင်ငံ ဆရာဝန်အသင်း၊ ကလေးကျန်းမာပညာအဖွဲ့နှင့် အင်္ဂလန်နိုင်ငံ တော်ဝင်ကလေးကျန်းမာပညာ အဖွဲ့မှပညာရှင်များပူးပေါင်း၍ ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပသည်။
ရှေးဦးစွာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး က အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏ အနာဂတ်ဖြစ်သော ကလေးငယ် များ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုမှကင်းဝေးကာကျန်းမာဖွံ့ဖြိုးစေ ရေးအတွက် ယခုပြုလုပ်သည့် အလုပ်ရုံ ဆွေးနွေးပွဲသည် အရေးကြီးပါကြောင်း၊ မိမိတို့ နိုင်ငံတွင် နေရာဒေသအလိုက်၊ အသက်အရွယ်အုပ်စုအလိုက် အဆိုပါ ပြဿနာများဖြစ်ပွားမှု မြေပြင်အခြေအနေများ၊ အဆိုပါပြဿနာဖြစ်ပွားစေသည့် နောက်ခံ အကြောင်းအရာများ၊ ဖြစ်ပွားမှုများ၏ အတိမ်အနက်များကို ပိုမိုတိကျစွာ သိရှိနိုင်ရေးအတွက် စစ်တမ်းကောက် ယူမှုများနှင့် အသုံးချသုတေသနပြုလုပ်မှုများဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။
ထိုသို့ စနစ်တကျ သုတေသနစစ်တမ်းဆောင်ရွက်ခြင်းမှ ရရှိလာသည့်အချက်အလက် များ ကိုအခြေခံ၍ နေရာဒေသ အလိုက်အသင့်တော်ဆုံးသော လက်တွေ့ကျသည့် ကလေး သူငယ် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းမဟာဗျူဟာနှင့် လုပ်ငန်းစဉ်များချမှတ် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ကလေးသူငယ်များ အကြမ်းဖက်ခံရမှုကိစ္စရပ်များကို ပြည်သူများမှ သိရှိနားလည်ကာ အိမ်နီးနားချင်းများ အချင်းချင်း အပြန်အလှန် ထိန်းကျောင်း ပေးခြင်း၊ ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေး အကြောင်းအရာ သတင်းစကား များဖြန့်ဝေခြင်းနှင့် ကလေးသူငယ် အကြမ်းဖက်ခံရမှုဖြစ်စဉ်များကို အသိပေးတိုင်ကြားခြင်း တို့ကို ပါဝင်ဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းအောင်မြင်မှုရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ပြည်သူ များတွင် ကလေးသူငယ်များအကြမ်းဖက်ခံရမှုနှင့် ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေး ဆိုင်ရာ အကြောင်းအရာ များကိုသတိပြုအလေးထားမိစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ Mobile Tablet များကိုအသုံးပြုကာ အခြေခံကျန်းမာရေးဝန်ထမ်း ပညာရှင်များမှတစ်ဆင့်ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေပေးသွား နိုင်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ အလုပ်ရုံဆွေးနွေးပွဲသည် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း ဆောင်ရွက်နေ သူများ၏ လက်တွေ့အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ပိုမိုထိရောက်စေရန်နှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် ရည်ရွယ်ပါကြောင်း၊ နိုင်ငံတကာအတွေ့အကြုံများ၊ အတွေးသစ်အမြင်သစ်များကို မျှဝေရရှိရန်လည်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ကလေး သူငယ်အခွင့်အရေးများဆိုင်ရာဥပဒေအသစ်ကို ပြဋ္ဌာန်းပြီးဖြစ်ရာ ကလေးသူငယ်အခွင့်အရေး များကို ဖော်ဆောင်ရာတွင် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း၊ မိဘများနှင့် မိသားစုဝင်များ၏ကဏ္ဍသည် အခြေခံ ကျပါကြောင်း၊ ကလေးများ၏ အသက်အလိုက် ဖွံ့ဖြိုးတိုးတက်မှုကို စောင့်ကြည့် အကဲဖြတ်၍ လိုအပ်သောအချိန်တွင် ကျွမ်းကျင်သူများ၏ အကူအညီကို ရယူနိုင်သော ရှေးဦးအရွယ် ကလေးသူငယ် တိုင်းတာစစ်ဆေးခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစီမံကိန်း ( Early Childhood Intervention – ECI) ကို ဆောင်ရွက်လျက် ရှိပါကြောင်း။
ကလေးဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ရပ်ရွာကပါဝင်ရန် လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှု စနစ်သည် တစ်နိုင်ငံလုံးကို လွှမ်းခြုံမှု မရှိသေးသော်လည်း တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း၊ အဓိကဝန်ဆောင်မှုပေးသော ကျန်းမာရေး၊ ပညာရေး၊ တရားရေး၊ ဥပဒေရေးရာနှင့် ဒေသ ဆိုင်ရာ အုပ်ချုပ်မှု အဖွဲ့အစည်းများနှင့် နိုင်ငံတကာ အကောင်းဆုံး လုပ်နည်းလုပ်ဟန်များကို ပူးပေါင်း ဆောင်ရွက်နိုင်ရန် ဤအလုပ်ရုံဆွေးနွေးပွဲက အထောက်အကူပြုမည်ဖြစ်ကြောင်း၊ ကလေး သူငယ်များအပေါ် လက်နက်ကိုင်ပဋိပက္ခအတွင်း သေကြေထိခိုက် ဒဏ်ရာရစေမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ကျူးလွန်မှုများမှ ကာကွယ်ရေးပူးပေါင်း ဆောင်ရွက်မှုလိုအပ် ကြောင်း၊ ဥပဒေနှင့်ငြိစွန်းသောသူ ၊ ဆေးစွဲသောကလေးသူငယ်များ စသည်တို့ကို ပြန်လည် ထူထောင် ရေးဆောင်ရွက်ရာတွင် နိုင်ငံတကာအတွေ့အကြုံများကို ဖလှယ်ရန်ဖြစ်ကြောင်း၊ ဒီမိုကရေစီအကူးပြောင်းတွင် ပြည်သူများပါဝင်သည့် အင်အားကိုရယူပြီး ကလေးများ၏ အကောင်းဆုံး ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်နိုင်မှသာ အနာဂါတ် နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် UK Team မှ Dr. Jean Bowyer, Fellow of Royal Colleage of Pediatrics and Child Health (RCPCH, Counsultant for Myanmar)နှင့် UNICEF Myanmar မှ Ms.Noriko Izomi, Chief of Child Protection တို့က နှုတ်ခွန်းဆက် စကားပြောကြားပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
ယင်းနောက် UK Team မှ Child Protection Specialist Dr.Nesbitt က ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးနှင့်ပတ်သက်၍ ဆွေးနွေးခြင်း၊ လူမှုဝန်ထမ်းဉီးစီး ဌာနမှ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေနှင့်ပတ်သက်၍ ဆောင်ရွက်နေမှုများ၊ လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုစနစ်၊ ရှေးဦးအရွယ် ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်မှု အခြေအနေ တိုင်းတာစစ်ဆေးခြင်း အခြေအနေ၊ Myanmar Pediatric Society မှ အကြမ်းဖက်ခံရသော ကလေးသူငယ်များအား ပြုစုကုသမှုပေးသည့် လုပ်ငန်းစဉ်နှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးခြင်း၊ ကုသရေးဦးစီးဌာနမှ ဆောင်ရွက်နေသော ဆေးလူမှုဆက်ဆံရေး လုပ်ငန်းများ အား ဆွေးနွေးခြင်းနှင့် UNICEF မှ ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးမူဝါဒ ရေးဆွဲ ဆောင်ရွက်နေမှုအား ရှင်းလင်းဆွေးနွေးခြင်းတို့ဆောင်ရွက်ကြသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ UK Team မှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကလေးကျန်းမာရေးအဖွဲ့တာဝန်ရှိသူများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆေးလူမှု ဆက်ဆံရေးအရာရှိများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်း ဆောင်ရွက်နေသူများ၊ Case Manager များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ကလေးသူငယ်အရေး တက်ကြွစွာဆောင်ရွက်နေကြသော ပြည်တွင်းအစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ကလေးသူငယ်ဆိုင်ရာ ပညာရှင်များနှင့် UNICEF အဖွဲ့မှတာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
(သတင်းစဉ်)