လေးမျက်နှာ ၂၈ ဖေဖော်ဝါရီ
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန ဟင်္သာတခရိုင် လူမှုဝန်ထမ်းရုံးမှ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများအား ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ထွေ/အုပ်ရုံး အစည်းအဝေးရုံး၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် လေးမျက်နှာမြို့နယ် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးခိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ထွန်းက စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ခရိုင်လူမှုဝန်ထမ်းဦးစီးမှူးမှ ဌာန၏လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ ခရိုင်လူမှုဝန်ထမ်းဦးစီးမှူးနှင့် တာဝန်ရှိသူများက လေးမျက်နှာမြို့ ဒက္ခိဏာရုံပရဟိတ ကျောင်းအား ထောက်ပံ့ငွေ (၇၄၁၆၀ဝ၀)ကျပ်နှင့် အိုင်သပြုမူလတန်းကြိုကျောင်းအား (၁၀၆၀ဝ၀ဝ) ကျပ်အား ထောက်ပံ့ပေးအပ်ရာ ပရဟိတဂေဟာမှူးနှင့် မူကြိုကျောင်းတာဝန်ခံတို့မှ လက်ခံခဲ့ကြောင်း သိရသည်။
ရွှေမိုး(ပြန်ဆက်)


