နေပြည်တော် ၁၄ သြဂုတ်
လူနာဘေးကင်းလုံခြုံမှုနှင့် ကျန်မားရေးစောင့်ရှောက်မှု အရည်အသွေးမြင့်မား တိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံပြည်သူများအတွက် နေရာဒေသမရွေးလူတိုင်းလက်လှမ်းမီသော ကျန်းမာရေး စောင့်ရှောက်မှုကို ရရှိစေရန်အတွက် ဆေးနှင့်ဆေးပစ္စည်းဝယ်ယူဖြန့်ဖြူးရေး၊ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်မွေးထုတ်ခြင်း၊ ပြည်သူ့ကျန်းမာရေး၊ ရောဂါကာကွယ်နှိမ်နင်းရေး၊ ကုသရေးနှင့် ကျန်းမာရေးအဆင့်အတန်းမြှင့်တင်ရေး လုပ်ငန်းများကိုစနစ်တကျ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကမ္ဘာတစ်ဝှမ်းတွင် ဆေးပညာဘာသာရပ်များ ပိုမိုတိုးတက်လာသည်နှင့်အမျှ ရောဂါရှာဖွေစမ်းသပ်ခြင်းနှင့် ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လူနာဘေးကင်းလုံခြုံမှုနှင့် အရည်အသွေးပြည့်ဝသည့် ကျန်းမာရေးစောင့်ရှောက်မှုတို့သည် ပိုမိုအရေးကြီးလာပါကြောင်း။
လူတိုင်းလက်လှမ်းမီလွှမ်းခြုံပြီး အရည်အသွေးမြင့်မားသော ကျန်းမာရေးစောင့်ရှောက်မှု ရရှိရေးဆောင်ရွက်ရာတွင် လူနာဘေးကင်းလုံခြုံမှုပါဝင်ပါကြောင်း၊ လူနာများဘေးကင်း လုံခြုံမှုကောင်းမွန်ခြင်းသည် လူနာနှင့်ကျန်းမာရေး စောင့်ရှောက်မှုပေးအပ်သူများ အကြားယုံကြည်မှုကို ပိုမိုခိုင်မာအားကောင်းစေပါကြောင်း၊ ဘေးကင်းလုံခြုံမှုမရှိသော ကျန်းမာရေးစောင့်ရှောက်မှုများကြောင့် ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ် နောက်ဆက်တွဲ ပြဿနာများ၊ မသန်မစွမ်းဖြစ်မှုများနှင့် သေဆုံးမှုများဖြစ်ပွားလျက် ရှိပါကြောင်း၊ လူနာဘေးကင်းလုံခြုံမှုအတွက် လူနာဗဟိုပြုချည်းကပ်မှုပုံစံဖြင့် လူနာနှင့် လူနာမိသားစုများအားလူနာအတွက် ကျန်းမာရေးစောင့်ရှောက်မှုနှင့်ပတ်သက်၍ ပါဝင်သိရှိ ဆုံးဖြတ်စေခြင်းမှာအရေးကြီးပါကြောင်း၊ လူနာဘေးကင်းလုံခြုံမှုနှင့် အရည်အသွေး ပြည့်ဝသည့် ကျန်းမာရေးစောင့်ရှောက်မှုတို့ ရရှိအောင်မြင်စေရေးအတွက်မူဝါဒ၊ မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များချမှတ်ဆောင်ရွက်ခြင်း၊ စံလုပ်ထုံးလုပ်နည်းများ၊ လုပ်ငန်းလမ်းညွှန် များကိုမွမ်းမံပြင်ဆင်ရေးဆွဲခြင်းတို့ကို ဆောင်ရွက်သွားရမည်ဖြစ်ပြီး လူနာဘေးကင်း လုံခြုံမှုကို အလေးထားသည့် ယဉ်ကျေးမှုဓလေ့ဖြစ်ထွန်းလာသည် အထိဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။
ထို့အပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ မြန်မာနိုင်ငံဆရာဝန်များအသင်း၊ ဆေးပညာဘာသာရပ်ဆိုင်ရာအဖွဲ့များ၊ လူမှုအဖွဲ့အစည်းများ၊ နှီးနွှယ်အဖွဲ့အစည်းများနှင့် ပူးပေါင်းချိတ်ဆက် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ လူနာဘေးကင်းလုံခြုံမှုဆိုင်ရာ ကောင်းမွန်သည့် အတွေ့အကြုံများ၊ အလေ့အကျင့်ကောင်းများကို ပညာရှင်များအချင်းချင်း ဝေမျှခြင်းကိုလည်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ လူနာဘေးကင်းလုံခြုံမှုဆိုင်ရာ ကိစ္စရပ်များသည် အရေးကြီးသဖြင့် ဆေးနှင့်ဆေးနှီးနွှယ် ပညာဘာသာရပ်ပေါင်းစုံ ပညာရှင်အားလုံးပါဝင်သည့် ကြည့်ရှုဆန်းစစ်မှုအဖွဲ့တစ်ခုဖွဲ့စည်း၍ ဆောင်ရွက်သွားရန် ဖြစ်ပါကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးအပ်ရာတွင် လူနာတစ်ဦးချင်းဘေးကင်း လုံခြုံမှုမှသည်ပြည်သူ တစ်ရပ်လုံး ဘေးကင်းလုံခြုံမှုရရှိရေးနှင့် အရည်အသွေးပြည့်ဝသည့် ကျန်းမာရေးစောင့်ရှောက်မှု ပေးအပ်နိုင်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်သွားကြစေလိုပါကြောင်း ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးသည် ယမန်နေ့ မွန်းလွဲပိုင်းက ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ရုံးအမှတ် (၄)၌ ကျင်းပပြုလုပ်ခဲ့သည့် မြို့နယ် (၉၆) မြို့နယ်တွင် ပိုလီယိုကာကွယ်ဆေးနှင့် နိုင်ငံတစ်ဝန်းလုံးတွင် ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေး တိုက်ကျွေးထိုးနှံခြင်း လုပ်ငန်းဗဟိုအဆင့် ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်အမှာစကား ပြောကြားခဲ့သည်။
သြဂုတ် ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် (၂) ရက်တာကျင်းပခဲ့သည့် အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲတွင်မြို့နယ် (၉၆) မြို့နယ်တွင် ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးမည့် အစီအစဉ်များနှင့် ပတ်သက်၍လည်းကောင်း၊ နိုင်ငံတစ်ဝန်းလုံးတွင် ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေးတိုက်ကျွေးထိုးနှံခြင်း လုပ်ငန်းများဆောင်ရွက်မည့် အစီအစဉ်များပတ်သက်၍ လည်းကောင်းရှင်းလင်းတင်ပြခြင်း လုပ်ငန်းဆောင်ရွက်ရန် လေ့ကျင့်သင်ကြားခြင်းနှင့် အောင်မြင်စွာအကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ညှိနှိုင်းဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


