ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန

သက်တမ်း နှစ်ပေါင်း ၄ ဒသမ ၅၄ ဘီလီယံရှိပြီဖြစ်သော ကမ္ဘာမြေပေါ်တွင် လူသားများ စတင်ပေါက်ဖွားလာသည်မှာ နှစ်ပေါင်း ၅-၇ သန်းခန့် ရှိပြီဖြစ်ပြီး ယခုအခါ လူဦးရေမှာ ၈ ဘီလီယံခန့်အထိ ရောက်ရှိလာနေပြီဖြစ်သည်။  သက်ရှိနှင့် သက်မဲ့ဟူ၍ တည်ရှိနေရာ သတ္တဝါနှင့်အပင်များသည်  သက်ရှိများဖြစ်ပြီး သတ္တဝါများထဲတွင် လူသည်ပင်ကို အသိဉာဏ်အရှိဆုံးဖြစ်ကာ ဘာသာစကားဖန်တီးနိုင်ခြင်း၊ ခက်ခဲသော ပြဿနာအမျိုးမျိုး ဖြေရှင်းနိုင်ခြင်း၊ ကိုယ်ပိုင်ခံစားချက်နှင့် တွေးခေါ်မြော်မြင်မှုကို ဖော်ပြနိုင်ခြင်းစသည့် စွမ်းရည်များရှိကြပါသည်။ ကျောက်ခေတ်မှသည် စတုတ္ထစက်မှုတော်လှန်ရေးကာလ (ယနေ့ကာလ) အထိ လူနေမှုစနစ်နှင့်အတူ  နည်းပညာများ  ဆင့်ကဲတိုးတက်လာပြီး သဘာဝသယံဇာတများကို အသုံးအဆောင် ပစ္စည်းများအဖြစ် တီထွင်ဖန်တီး ထုတ်လုပ်သုံးစွဲလာကြသည်။ 

လူတို့သည် အတွေ့အကြုံဗဟုသုတကို အခြေခံပြီး မိမိတို့နေထိုင်ရာပတ်ဝန်းကျင် အဆောက်အဦ၊ အသုံးအဆောင်များကို ဘေးကင်းလုံခြုံမှုရှိစေရန်၊ ပထဝီဒေသအလိုက် ရာသီဥတုနှင့် လိုက်လျော ညီထွေစွာ သက်သောင့်သက်သာနေထိုင်သွားလာနိုင်ရန်၊ ကျန်းမာရေးကောင်းမွန်စေရေး  အထောက် အကူပြုစေရန်၊ စီးပွားလုပ်ငန်းတွင် ကုန်ထုတ်လုပ်မှု တိုးတက်စေရန်ဖို့စသည့် ရည်ရွယ်ချက်အမျိုးမျိုးဖြင့် အသစ်အသစ်သော ပစ္စည်းကိရိယာများကို တီထွင် ဖန်တီးအသုံးပြုကြရာတွင် အအေးပေးနည်းပညာနှင့် ပစ္စည်းများ၏ကဏ္ဍသည် ယနေ့ခေတ်မီလူနေမှု စနစ်အတွက် မရှိမဖြစ်အရေးပါသည့် အနေအထားတစ်ခုသို့ ရောက်ရှိလာနေပြီ ဖြစ်ပေသည်။ 

ကမ္ဘာ့အအေးပေးပစ္စည်းများနေ့

ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ (Word Re-frigeration Day) တစ်နည်းအားဖြင့် “ကမ္ဘာ့အအေး ပေးထိန်းသိမ်းရေးနေ့” ဆိုသည်မှာ  အအေးပေးသိမ်းဆည်းခြင်း၊ လေအေးပေးခြင်းနှင့် အပူစုပ်ယူ ခြင်းကဏ္ဍကို မြှင့်တင်ရန်နှင့် ခေတ်မီလူမှုအဖွဲ့အစည်းနှင့်  နေ့စဉ်လူနေမှုဘဝတွင်  အအေးပေး ပစ္စည်းဆိုင်ရာ  စက်မှုလုပ်ငန်းနှင့်နည်းပညာတို့၏ အရေးပါမှုကို သတိပြုမိစေရန် နိုင်ငံတကာအသိ ပညာပေး လှုပ်ရှားဆောင်ရွက်မှုတစ်ခု ဖြစ်ပါသည်။ 

နိုင်ငံတော်အစိုးရအနေဖြင့် အိုဇုန်းလွှာပျက်စီးမှုနှင့် ကမ္ဘာ့ပူနွေးမှုညွှန်းကိန်းမြင့်မားသော အအေး ပေးပစ္စည်းများ အသုံးပြုမှုကို လျှော့ချရပ်ဆိုင်းနိုင်ရန် ဆောင်ရွက်လျက်ရှိသကဲ့သို့ နိုင်ငံတကာမှ သတ်မှတ် ဆောင်ရွက်နေသည့် ကမ္ဘာလုံးဆိုင်ရာ  အထိမ်းအမှတ်နေ့များတွင်လည်း ပြည်သူလူထု အသိပညာပေး အစီအစဉ်များဖြင့်  လှုံ့ဆော်ဆောင်ရွက်လျက်ရှိရာ ရေခဲသေတ္တာ၊ လေအေးပေးစက်လုပ်ငန်းနှင့် ကမ္ဘာတစ်ဝန်းလုံး အအေးပေးပစ္စည်းလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များကို စတင်စေခဲ့သူ Mr. Lord Kelvin ကို အသိအမှတ်ပြုခြင်းအားဖြင့် ၎င်း၏ မွေးနေ့ဖြစ်သည့် ဇွန် ၂၆ ရက်ကို ကမ္ဘာ့အအေးပေး ပစ္စည်းများနေ့အဖြစ် ကမ္ဘာ့နိုင်ငံများတွင် သတ်မှတ် ဆောင်ရွက်နေသကဲ့သို့  မြန်မာနိုင်ငံတွင်လည်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက ဦးဆောင်ပြီး ၂၀၁၉ ခုနှစ်မှစ၍ ကမ္ဘာ့ အအေးပေးပစ္စည်းများနေ့ကို  သတ်မှတ်ကျင်းပ လာခဲ့ပါသည်။ ယခု ၂၀၂၂ ခုနှစ်တွင်လည်း “Cooling Matters” “လူနေမှုဘဝသာယာဖို့ အအေးပေး နည်းပညာမြှင့်တင်စို့” ဟူသော  ဆောင်ပုဒ်ဖြင့် အထိမ်းအမှတ်အခမ်းအနားနှင့်  အသိပညာပေး အစီအစဉ်များကို ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

အအေးပေးနည်းပညာ

အအေးပေးနည်းပညာဆိုသည်မှာ အအေးပေးစနစ် ဖန်တီးအသုံးပြုနိုင်အောင် ဆောင်ရွက်သည့် နည်းပညာတစ်ခုဖြစ်သည်။ အအေးပေးစနစ် ဆိုသည်မှာ အဆောက်အဦ၊  ပစ္စည်းတစ်ခုတွင် ဘေးအန္တရာယ်ကင်းမှုနှင့် စွမ်းဆောင်ရည်မြင့်မားစေရေးအတွက် လိုအပ်သော အပူချိန်ပမာဏကို ထိန်းထားနိုင်ရန် ဖန်တီးထားသော ပစ္စည်းကိရိယာ၏ အအေးပေးအလုပ်လုပ်သည့် စနစ်ဖြစ်သည်။ လေအေးပေးစနစ်ဆိုသည်မှာ အခန်း(သို့) အဆောက်အဦတစ်ခု၏ မူလအပူချိန်နှင့် စိုထိုင်းဆကိုဖယ်ရှား ၍ အတွင်းပိုင်းအပူချိန်ကို လျော့ကျအေးမြစေသည့် စနစ်ဖြစ်သည်။ လေအေးပေးစနစ်တစ်ခုတွင် အခြေခံအားဖြင့် ပါဝင်သော အစိတ်အပိုင်းများမှာ (က) အအေးပေးပစ္စည်းအရည်ထည့်၍ အရည်ကို ဓာတ်ငွေ့အဖြစ်  အငွေ့ပြန်စေသည့်ပစ္စည်း  (eva-porator)၊ (ခ)အပူချိန်ကူးပြောင်းပေးသည့်ပစ္စည်း (condenser)၊  (ဂ)အအေးပေးပစ္စည်း(ဓာတ်ငွေ့ အရည်)ကို evaporator အတွင်း စီးဆင်းဖြတ်သန်း စေသည့်ပစ္စည်း(အဆို့ရှင်) (expansion valve)နှင့် (ဃ) အငွေ့ပြန်လာသည့်ဓာတ်ငွေ့ကို  ဖိသိပ်ခြင်းဖြင့် အရည်အဖြစ် ပြောင်းပေးသည့်ပစ္စည်း (com-pressor)တို့ ဖြစ်သည်။ ထို့ပြင် ဖြည့်စွက်ပစ္စည်း များအဖြစ် အာရုံခံကိရိယာများ (sensors)၊ အချိန် ထိန်းညှိကိရိယာများ (timers) နှင့် အဆို့ရှင်များ (valves) လည်း ပါဝင်ပါသည်။

အအေးပေးဒြပ်ပစ္စည်း (Refrigerant)

အအေးပေးဒြပ်ပစ္စည်းဆိုသည်မှာ အအေးပေးခြင်း၊ ရေခဲစေခြင်း၊ အပူချိန်လျှော့ချခြင်း၊ လေအေး ပေးခြင်းတို့တွင် evaporator အတွင်း ထည့်သွင်း အသုံးပြုသော ဒြပ်ပစ္စည်း (ရောစပ်ဓာတ်ငွေ့အရည်)များ ဖြစ်သည်။ ၎င်းတို့သည်  အပူကြောင့် အငွေ့အသွင်ပြောင်းလဲမှုနှင့် ဖိအားဖြင့် အရည်အသွင် ပြောင်းလဲမှုဖြစ်စဉ်မှတစ်ဆင့် တစ်နေရာ (လေအေး ပေးလိုသောနေရာ)မှ အပူကိုစုပ်ယူပြီး  အခြားတစ်နေရာ(ပြင်ပ)သို့ ထုတ်လွှတ်(ရွေ့လျားစေ)ကာ အပူချိန်လျော့ကျစေခြင်းဖြင့် အအေးဓာတ်ပေးနိုင်သည့် အပူကူးပြောင်းပေးနိုင်သည့် ဂုဏ်သတ္တိရှိပါသည်။ 

အအေးပေးစက်ပစ္စည်းနှင့် လူနေမှုဘဝ

တိုးတက်လာသော ခေတ်နှင့်အညီ လူသားများ၏ လူနေမှုဘဝသည် ခေတ်မီလူ့အသုံးအဆောင် ပစ္စည်းများကြောင့် ပိုမိုသာယာ၍  သက်သောင့် သက်သာနေထိုင်နိုင်စွမ်း ရှိလာပေသည်။ အဆိုပါ ခေတ်မီလူ့အသုံးအဆောင်ပစ္စည်းများတွင် ရာသီဥတုပြောင်းလဲမှုကြောင့် လူသားများကြုံတွေ့နေ ရသည့် ပိုမိုပူနွေးသောနေ့ရက်များကို ကျော်ဖြတ်နိုင်ရန် အသုံးပြုလာသော ရေခဲသေတ္တာ၊ လေအေး ပေးစက်၊ အပူစုပ်စက်စသည့် အအေးပေးစက်ပစ္စည်းများလည်း ပါဝင်ပါသည်။

အဆိုပါ အအေးပေးစက်ပစ္စည်းများသည် နေ့စဉ်လူနေမှုဘဝအတွက် မရှိမဖြစ်အရေးပါပြီး လွန်စွာအကျိုးရှိလှသောကြောင့် ကျောင်း၊ ဆေးရုံများ၊ ဟိုတယ်များ၊ မော်တော်ယာဉ်များ၊  စက်ရုံ အလုပ်ရုံနှင့် ဈေးဝယ်စင်တာများ စသည့်နေရာများတွင် တွင်တွင်ကျယ်ကျယ် အသုံးပြုလာသည့်အပြင် လူတန်းစားမရွေးဝယ်ယူ၍ မိမိတို့၏ ဇိမ်ခံအိမ်သုံး ပစ္စည်းအဖြစ် အသုံးပြုလာနေကြပေသည်။  သိပ္ပံ ပညာရှင်များက ၂၀၅၀ ပြည့်နှစ်တွင် ကမ္ဘာတစ်ဝန်း လေအေးပေးစက် သန်းပေါင်း ၅၆၀၀ ခန့် သုံးစွဲလာ နိုင်သောကြောင့် လက်ရှိသုံးစွဲနေသော  စွမ်းအင်ပမာဏ၏ သုံးဆခန့်  ပိုမိုလိုအပ်လာနိုင်ကြောင်း တွက်ချက်ခန့်မှန်းထားကြသည်။ ထိုလိုအပ်သော စွမ်းအင်ပိုမိုထုတ်လုပ်ပေးရမှုကြောင့် မှန်လုံအိမ် ဓာတ်ငွေ့ထွက်ရှိမှုနှင့် လေထုထဲတွင်ပါဝင်မှုတိုးပွားလာနိုင်မှုကြောင့် ကမ္ဘာ့လေထုအပူချိန်ကို တိုးမြင့် စေကာ ရာသီဥတုပြောင်းလဲမှုကို  ပိုမိုဖြစ်ပေါ်စေမည် ဖြစ်ပါသည်။ ထို့ကြောင့် စွမ်းအင်ကိုခြိုးခြံ၍ စက်စွမ်းရည်အပြည့် အသုံးပြုနိုင်သည့် နည်းပညာမြင့် အအေးပေးပစ္စည်းများ ပိုမိုလိုအပ်လာပါသည်။

ကမ္ဘာ့ပူနွေးမှု အလားအလာ (Global Warming Potential-GWP) နှင့် ရာသီဥတုပြောင်းလဲမှု

ကမ္ဘာ့ပူနွေးမှုအလားအလာ (The Global Warming Potential –GWP) ဆိုသည်မှာ မှန်လုံအိမ် အာနိသင်ရှိ ဓာတ်ငွေ့တစ်ခု၏ နှစ် ၁၀၀ အတွင်း လေထုထဲတွင်အပူစွမ်းအင်ကို ထုထည်တူ ကာဗွန် ဒိုင်အောက်ဆိုက်ဓာတ်ငွေ့မှာ စုပ်ယူထိန်းထားနိုင် စွမ်းထက်ပိုမိုသည့် ဆပွားစွမ်းရည်ပမာဏဖြစ်ပါ သည်။ ကာဗွန်ဒိုင်အောက်ဆိုက်၏ ကမ္ဘာ့ပူနွေးမှု အလားအလာတန်ဖိုးမှာ ၁ ဖြစ်ပါသည်။

အအေးပေးပစ္စည်းများ၏ ကောင်းကျိုးများနှင့် ဆိုးကျိုးများ

အအေးပေးစက်နှင့်ဒြပ်ပစ္စည်းများ (အအေးပေး ပစ္စည်းများ)သည် ကျန်းမာရေးကဏ္ဍတွင် အသုံးပြု သည့် ကုသဆေးများ၏ ၅၀ ရာခိုင်နှုန်းခန့်ကို အပူချိန်ကြောင့် ပျက်စီးခြင်း၊ အာနိသင်ပျက်ပြယ်ခြင်း မရှိစေရန် အအေးခန်းများဖြင့် သိုလှောင်အသုံးပြုနိုင်ခြင်း၊  ကိုဗစ်-၁၉  ကာကွယ်ဆေးများကဲ့သို့ ကာကွယ်ဆေးအမျိုးမျိုးကို သိုလှောင်၍  ဝေးလံသော ဒေသများရှိ ပြည်သူများထံ သယ်ပို့ပေးနိုင်ခြင်း၊ ဆေးကုသရာတွင် အသုံးပြုသော Scanner ကဲ့သို့ ခေတ်မီစက်ပစ္စည်းကိရိယာများ၊ သွေးကင်ဆာကဲ့သို့ ပြင်းထန်ရောဂါများကို ကုသရာတွင် အဓိက အရေးပါသည့် သွေးနှင့်တစ်သျှူးများကိုလည်း အအေးခန်း များဖြင့် ထိန်းသိမ်းနိုင်ခြင်း၊ စားနပ်ရိက္ခာကဏ္ဍတွင် ကမ္ဘာ့စားနပ်ရိက္ခာလိုအပ်ချက်ကို ဖြည့်ဆည်းပေး နေသည့် ပင်လယ်ကူးငါးဖမ်းသင်္ဘော ၄ ဒသမ ၄ သန်းခန့်မှာ အအေးခန်းများကို အဓိကအသုံးပြုကြ ရခြင်းတို့အပြင် ကမ္ဘာတစ်ဝန်းလုံးရှိ  လူတို့နေ့စဉ် စားသုံးရာမှ လေလွင့်ပိုလျှံမည့်အစားအစာများကို အအေးခန်းများအသုံးပြုပြီး  ထိန်းသိမ်းနိုင်မည်ဆိုပါက အစာရေစာငတ်မွတ်မှုကို ခံစားနေရသော ကမ္ဘာ့လူဦးရေသန်း ၉၅၀ ခန့်ကို ကျွေးမွေးနိုင်သည့် ပမာဏကိုရရှိနိုင်ခြင်း၊ ကောက်ပဲသီးနှံ၊ အသား/ငါး၊ အစားအသောက်အမျိုးမျိုးတို့ကို ကြာရှည်သိုလှောင် သိမ်းဆည်းနိုင်ခြင်း၊ အအေးပေးစနစ်တပ်ဆင်ထား သည့် မော်တော်ယာဉ်များ၊ ထုပ်ပိုးမှုစနစ်များဖြင့် ဝေးလံသောဒေသများအပါအဝင် တစ်နေရာမှ တစ်နေရာသို့ပို့ဆောင်နိုင်ခြင်းကြောင့် စားနပ်ရိက္ခာ လေလွင့်ဆုံးရှုံးမှု၊ ရိက္ခာရှားပါးမှုအကျပ်အတည်း တို့မှကင်းဝေးပြီး ကုန်ထုတ်လုပ်မှု၊ အလုပ်အကိုင်နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေခြင်း စသည့် ကောင်းကျိုးများကို အအေးပေးစက်နှင့် ဒြပ်ပစ္စည်းများ အသုံးပြုခြင်းဖြင့် ရရှိနိုင်ကြောင်း လေ့လာသိရှိ ရပါသည်။

အအေးပေးပစ္စည်းများသည် လူနေမှုဘဝအဆင့် အတန်းမြင့်မားရန်နှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်ခြင်းတို့ အတွက် အလွန်အရေးပါသည့် ဝန်ဆောင်မှုများကို ပေးစွမ်းနိုင်သည်ဆိုသော်လည်း တစ်ဖက်တွင်လည်း ယင်းအအေးပေးပစ္စည်းများတွင် ထည့်သွင်းအသုံးပြု သည့် CFCs, HCFCs, HFCs ကဲ့သို့သော ဒြပ်ပစ္စည်း များ (ရောစပ်ဓာတ်ငွေ့အရည်များ)သည် အိုဇုန်းလွှာ ပျက်စီးစေခြင်း၊ ကမ္ဘာကြီးပူနွေးမှုကြောင့် ရာသီဥတု ပြောင်းလဲခြင်းစသည့် ပတ်ဝန်းကျင်ဆိုင်ရာဆိုးကျိုး များကိုလည်းဖြစ်စေသဖြင့် အဆိုပါဒြပ်ပစ္စည်းများကို အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများအဖြစ် သတ်မှတ်ထားသည်။ အဆိုပါဒြပ်ပစ္စည်းများကို သတိပြုသုံးစွဲကြရမည်ဖြစ်သလို နည်းပညာတိုးမြှင့် ၍ ဆိုးကျိုးနည်းအောင် ဆောင်ရွက်ကြရမည် ဖြစ်ပါ သည်။

အအေးပေးပစ္စည်းများ အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးများကို ကာကွယ်ရန် မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ

အအေးပေးဒြပ်ပစ္စည်းများနှင့်  အခြားသော အိုဇုန်းလွှာပျက်စီးစေသည့် ဒြပ်ပစ္စည်းများကြောင့် ဖြစ်ပေါ်လာသည့် အိုဇုန်းလွှာပျက်စီးမှုကို ထိန်းချုပ် နိုင်ရန်အတွက် နိုင်ငံတကာသဘောတူညီချက်အနေ ဖြင့် အိုဇုန်းလွှာကာကွယ်ရေးဆိုင်ရာ  ဗီယင်နာ ကွန်ဗင်းရှင်း (The Vienna Convention for the Protection of the Ozone Layer)ကို ၁၉၈၅ ခုနှစ်တွင် လည်းကောင်း၊ အိုဇုန်းလွှာပျက်စီးစေသည့် ဒြပ်ပစ္စည်းများ ထိန်းချုပ်ရေးဆိုင်ရာ မွန်ထရီယယ် နောက်ဆက်တွဲစာချုပ် (The Montreal Protocol on Substances that Deplete the Ozone Layer) ကို ၁၉၈၇ ခုနှစ်တွင်လည်းကောင်း အတည်ပြုချုပ်ဆိုခဲ့ကြပြီး ကမ္ဘာ့နိုင်ငံအားလုံး ပူးပေါင်းဆောင်ရွက် လျက်ရှိပါသည်။

မြန်မာနိုင်ငံအနေဖြင့်လည်း ဗီယင်နာကွန်ဗင်းရှင်း၊ အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများဆိုင်ရာ  မွန်ထရီယယ်နောက်ဆက်တွဲစာချုပ်နှင့် ပြင်ဆင်ချက်များတွင် လက်မှတ်ရေးထိုးပါဝင်ခဲ့ပြီး အိုဇုန်းလွှာပျက်စီးစေသော  ဟိုက်ဒရိုဘရိုမိုဖလူရို ကာဗွန် (HBFC) ကို ၁၉၉၆ ခုနှစ်တွင်လည်းကောင်း၊ ဘရိုမိုကလိုရိုမီသိန်း(Bromochloromethane) ကို ၂၀၀၂ ခုနှစ်တွင် လည်းကောင်း၊ဟေလွန် ဂျနိတ်တက် ကလိုရိုဖလူရိုကာဗွန် (Halogenated CFC) ကို ၂၀၀၇ ခုနှစ်တွင် လည်းကောင်း ၊ ကလိုရိုဖလူရိုကာဗွန် (CFC)၊ ဟေလွန် (Halon)၊ ကာဗွန်တက်ထရာ ကလို ရိုဒ် (Carbon Tetrachloride) ကို ၂၀၁၀ ပြည့်နှစ် တွင်လည်းကောင်း၊ မီသိုင်းကလိုရိုဖောင်း  (Methyl Chloroform) နှင့် မီသိုင်းဘရိုမိုဒ်( Methyl Bro-mide)ကို ၂၀၁၅ ခုနှစ်တွင်လည်းကောင်း ပြည်တွင်းသို့ တင်သွင်းသုံးစွဲမှုကို အပြီးသတ်ရပ်ဆိုင်းနိုင်ခဲ့ပြီး ဖြစ်ပါသည်။

အလားတူ အိုဇုန်းလွှာပျက်စီးစေသည့် အဓိက အအေးပေးဒြပ်ပစ္စည်းဖြစ်သည့် ဟိုက်ဒရိုကလိုရို ဖလူရိုကာဗွန် (HCFC/R-22) သုံးစွဲမှုကိုလည်း ၂၀၃၀ ပြည့်နှစ်တွင် အပြီးသတ်နီးပါးရပ်ဆိုင်း၍ ၂၀၄၀ ပြည့်နှစ်တွင် လုံးဝရပ်ဆိုင်းသွားနိုင်ရန်  နှစ်အလိုက် လျှော့ချပြီး ခွဲတမ်းစနစ်ဖြင့် တင်သွင်းခွင့်ပြုခြင်းကို ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် (UN Environ-ment Programme) နှင့် ပူးပေါင်း အကောင်အထည် ဖော်လျက် ရှိသည်။

ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် (HCFC/R-22) ဒြပ်ပစ္စည်းသုံးစွဲမှု လျှော့ချရပ်ဆိုင်းရာတွင် ၎င်းဒြပ် ပစ္စည်းအများဆုံးအသုံးပြုသည့်  မြင်းကောင်ရေ ၂ ဒသမ ၅ နှင့်အောက် အင်အားရှိ အိမ်သုံးလေအေးပေး စက်များ ပြည်တွင်းသို့ တင်သွင်းမှုကို ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၁ ရက်မှ စတင်တားမြစ်သောအမိန့်ကို ၂၀၂၀ ပြည့်နှစ် ဧပြီ ၂ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၂၈/၂၀၂၀ ဖြင့် ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။ အလားတူဒြပ်ပစ္စည်းများ အသုံးပြုသည့် မြင်းကောင် ရေ ၂ ဒသမ ၅ အထက် အင်အားကြီး စက်ပစ္စည်းများ တင်သွင်းသုံးစွဲမှုကို ဆက်လက်ကန့်သတ်သွားရန်လည်း လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်လျက် ရှိပါသည်။

ထို့ပြင်  ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် (HCFC)အပါအဝင် အိုဇုန်းလွှာပျက်စီးစေသော အအေးပေး ဒြပ်ပစ္စည်းများအစား အစားထိုးအသုံးပြုလာသော ဒြပ်ပစ္စည်းဖြစ်သည့် ဟိုက်ဒရိုဖလူရိုကာဗွန်- HFC (R-32, R-134, R-134a, R-410A) ဒြပ်ပစ္စည်းများသည် အိုဇုန်းလွှာပျက်စီးမှုမရှိသော်လည်း ကမ္ဘာ့ ပူနွေးမှုအလားအလာ (Global Warming Poten-tial-GWP) မြင့်သောကြောင့် ယင်းဒြပ်ပစ္စည်းများ သုံးစွဲမှုကိုလည်း လျှော့ချနိုင်ရန် ရဝမ်ဒါနိုင်ငံ ကီဂါလီ မြို့တွင် ကျင်းပခဲ့သည့် အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများဆိုင်ရာ  မွန်ထရီယယ် နောက်ဆက် တွဲ စာချုပ်အဖွဲ့ဝင်နိုင်ငံများ၏ (၂၈) ကြိမ်မြောက် အစည်းအဝေးတွင်  သဘောတူဆုံးဖြတ်ခဲ့ကြရာကီဂါလီပြင်ဆင်ချက်တွင်လည်း မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးနိုင်ရန် ပြင်ဆင်လျက်ရှိသည်။

ကီဂါလီပြင်ဆင်ချက်ကို အသိအမှတ်ပြုသဘောတူလက်မှတ်ရေးထိုးပြီး အဖွဲ့ဝင်အဖြစ် ဝင်ရောက် ပြီးပါက ကမ္ဘာ့ပူနွေးမှုအလားအလာ မြင့်မားသော  ဟိုက်ဒရိုဖလူရိုကာဗွန်-HFC ကန့်သတ်လျှော့ချရေး ဆိုင်ရာ လိုအပ်သည့်  အရည်အသွေးမြင့်နည်းပညာနှင့်  ရန်ပုံငွေအထောက်အပံ့များ ရရှိနိုင်မည် ဖြစ်ပါသည်။

လူနေမှုဘဝသာယာဖို့ အအေးပေးနည်းပညာ မြှင့်တင်စို့

ယခု၂၀၂၂ ခုနှစ်တွင်လည်း “Cooling Matters” “လူနေမှုဘဝသာယာဖို့ အအေးပေးနည်းပညာ မြှင့်တင်စို့”ဟူသောဆောင်ပုဒ်ဖြင့် အအေးပေး ဒြပ်ပစ္စည်းများနှင့် နည်းပညာများ၏ မရှိမဖြစ် အသုံး ပြုနိုင်သော အကျိုးကျေးဇူးများ၊ နေ့စဉ်ဘဝတွင် အဆိုပါဒြပ်ပစ္စည်းများနှင့် နည်းပညာများသည် ကောင်းမွန်သော အကျိုးသက်ရောက်ပုံနှင့် မြင့်မား သည့် အအေးပေးနည်းပညာများကို ရွေးချယ်အသုံး ပြုခြင်းဖြင့် အနာဂတ်မျိုးဆက်သစ်များ၏ ပတ်ဝန်း ကျင် သာယာရေးအတွက် မြှင့်တင်ဆောင်ရွက်နိုင်ပုံ များကို ပြည်သူလူထုထံ  အသိပညာပေးနိုင်ရန် အထိမ်းအမှတ်အခမ်းအနားနှင့် အသိပညာပေး လုပ်ငန်းများကို  စဉ်ဆက်မပြတ်ဆောင်ရွက်သွားရမည် ဖြစ်သည်။

အအေးပေးစက်ပစ္စည်းများကို  သုံးစွဲရာတွင် ကမ္ဘာ့ပူနွေးမှုနှင့် ရာသီဥတုပြောင်းလဲမှုကို လျှော့ချ နိုင်သည့်အပြင် အိုဇုန်းလွှာမပျက်စီးစေဘဲ စွမ်းအင် ကို အကျိုးရှိထိရောက်စွာ အသုံးပြုသည့် အအေးပေး စနစ်ဆိုင်ရာ နည်းပညာများကို  သုံးစွဲသူများထံ မိတ်ဆက်ပေးမည့်၊  ပတ်ဝန်းကျင်သာယာရေးနှင့် အိုဇုန်းလွှာပျက်စီးခြင်းကို တားဆီးကာကွယ်ရန် တာဝန်သိစိတ်ရှိသည့်  အအေးပေးပစ္စည်းများ ဖြန့်ဖြူးရောင်းချသည့်  လုပ်ငန်းရှင်များလည်း အထူးလိုအပ်နေသည့်အပြင် အစိုးရဌာနများအနေ ဖြင့်လည်း ဝယ်ယူသုံးစွဲသူများနှင့် အအေးပေးပစ္စည်း လုပ်ငန်းရှင်များကို အဆိုပါပစ္စည်းများကိုသာ ဝယ်ယူသုံးစွဲရန်အသိပညာပေးခြင်းများ၊ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံနှင့် သုတေသနဌာနများအနေဖြင့် လည်း အအေးပေးနည်းပညာတိုးတက်ရေး တီထွင် ဆန်းသစ်မှု၊ သုတေသနပြုမှုများကို အားပေးမြှင့်တင် ခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း  နှိုးဆော်တိုက်တွန်း ဖော်ပြအပ်ပါ သည်။  ။