လူနေတိုက်ခန်းသစ် ၂၀ဝ၀ ကျော်ထွက်ပေါ်လာဦးမယ့် ရန်ကုန်မြို့ ဒဂုံမြို့သစ် (မြောက်ပိုင်း) တန်ဖိုးသင့်အိမ်ရာစီမံကိန်း

ဇင်လင်းမြင့်၊ ဓာတ်ပုံ - ခင်ဇွန်ဇာလင်း

တစ်နေ့တခြား တိုးပွားလာတဲ့ ရန်ကုန်မြို့ရဲ့ လူဦးရေဟာ လက်ရှိမှာ ငါးသန်းကျော် ရှိနေပါတယ်။ မကြာခင်မှာ လူဦးရေခြောက်သန်းအထိ ရှိလာတော့မှာဖြစ်တာမို့ အိမ်ရာတိုက်ခန်း လိုအပ်ချက်တွေက နှစ်စဉ် များပြားလာပါတယ်။ ဒီလိုအခြေအနေတွေကြောင့် ရန်ကုန်မြို့မှာ အိမ်ရာစီမံကိန်းတွေ တည်ဆောက်နေသလို ဆက်လက်တည်ဆောက်မယ့် စီမံကိန်းတွေလည်း ရှိနေပါတယ်။ ဒါကြောင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အစီအစဉ်နဲ့ ဒဂုံမြို့သစ် မြောက်ပိုင်းမှာ တန်ဖိုးသင့်အိမ်ရာ ၂၀ဝဝ ကျော်ကို အခုနှစ်ကုန်ပိုင်းမှာအကောင်အထည် ဖော် တည်ဆောက်နိုင်ဖို့ စီစဉ်နေပြီ ဖြစ်ပါတယ်။

ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်း (၅၁) ရပ်ကွက်မှာ တည်ဆောက်မယ့် အဲဒီတန်ဖိုးသင့် အိမ်ရာတိုက်ခန်း ၂၀ဝဝ ကျော် စီမံကိန်းကို တိုင်းဒေသကြီး အစိုးရအဖွဲ့အစီအစဉ်နဲ့ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းက အကောင်အထည်ဖော်သွားမယ်လို့ ဆိုပါတယ်။ အဲဒီအိမ်ရာ တိုက်ခန်းတွေ တည်ဆောက်ရာမှာ မြို့ပြနဲ့အိမ်ရာ ဦးစီးဌာနပိုင်တဲ့ မြေပေါ်မှာ ဆောက်လုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ပြည်သူလက်လှမ်းမီနှုန်းထား

“ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ နှစ်စဉ်အိမ်ရာ တစ်သိန်းခန့် ပေါ်ထွက်လာဖို့ အစီအစဉ်တွေချမှတ်ပြီး ဆောင်ရွက်နေပါတယ်။ အိမ်ရာတန်ဖိုး တွေကိုလည်း ပြည်သူတွေ လက်လှမ်းမီနိုင်တဲ့နှုန်းထားနဲ့ ဝယ်ယူနေနိုင်ဖို့လည်း အတတ်နိုင်ဆုံး ကြိုးစားနေပါတယ်” လို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောထားပါတယ်။

တကယ်တော့ ရန်ကုန်တိုင်းဒေသကြီးဟာ မြန်မာနိုင်ငံမှာ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်နေပြီး စီးပွားရေး လုပ်ငန်းစက်မှုဇုန်တွေ ပေါများရာမြို့လည်း ဖြစ်ပါတယ်။ အလုပ်အကိုင် အခွင့်အလမ်း ပေါများရာ၊ အတတ်ပညာလေ့လာ ဆည်းပူးနိုင်ရေး ရွေးချယ်စရာပေါများရာ၊ ပြည်ပကို ထွက်ခွာအလုပ် လုပ်ကိုင်ရင်လည်း အချိတ်အဆက် လွယ်ကူရာနေရာဖြစ်တာမို့ ရန်ကုန်မြို့ဟာ မြန်မာနိုင်ငံရဲ့ လူငယ်တွေအတွက် လာရောက်နေထိုင်ရာ မြို့ ကြီးတစ်မြို့လည်း ဖြစ်ပါတယ်။

အိမ်ရာတိုက်ခန်းများ နှစ်စဉ်လိုအပ်

ရန်ကုန်မြို့ရဲ့ စက်မှုဇုန် ၂၉ ဇုန်ဟာ လုပ်ငန်းလည်ပတ်မှုတွေ အရှိန်မပျက်ရှိနေတာမို့ စက်ရုံ၊ အလုပ်ရုံတွေ၊ အထည်ချုပ်စက်ရုံတွေမှာ အမျိုးသမီးငယ်တွေ၊ အမျိုးသား လူငယ်တွေဟာ ဝင်ရောက်လုပ်ကိုင်နေကြပြီး မိသားစုဘဝ ထူထောင်နေကြတာမို့ အိမ်ရာတိုက်ခန်းတွေလည်း အဆက်မပြတ် နှစ်စဉ်လိုအပ်နေတာ ဖြစ်ပါတယ်။

ရန်ကုန်မြို့မှာ လက်ရှိတည်ဆောက်ပြီးတဲ့ တိုက်ခန်းတွေဟာ အခြေခံဈေးနှုန်း မမြင့်မားပေမယ့် အခြေခံပြည်သူတွေ၊ အလုပ်သမားတွေနဲ့ ဝန်ထမ်းတွေအတွက် လက်လှမ်းမမီနိုင်တဲ့ ဈေးနှုန်းဖြစ်နေပါတယ်။ ဒါကြောင့် အခြေခံပြည်သူတွေ လက်လှမ်းမီနိုင်တဲ့ ဈေးနှုန်းနဲ့ တိုက်ခန်းတွေ ဖော်ထုတ်ရောင်းချနိုင်ဖို့အတွက် ရန်ကုန်တိုင်း ဒေသကြီးအစိုးရက မြေတန်ဖိုးထည့်တွက်လို့ မရအောင်၊ မြေတန်ဖိုး သုညနဲ့ တိုက်ခန်းတွေ အကောင်အထည်ဖော်ဖို့ ပြည်တွင်းပြည်ပက ရင်းနှီးမြှုပ်နှံသူတွေကို ဖိတ်ခေါ်နေတာ ဖြစ်ပါတယ်။

ရန်ကုန်မြို့မှာ လက်ရှိရောင်းချနေတဲ့ အိမ်ရာတွေဟာ အတိုးနှုန်း ၁၃ ရာခိုင်နှုန်း ရှိနေတာမို့ များပြားနေပါတယ်။ အခြေခံပြည်သူတွေ အိမ်ရာတိုက်ခန်းတွေကို အတိုးနှုန်း သက်သာစွာနဲ့ အရစ်ကျ ဝယ်ယူနိုင်ဖို့အတွက် ဂျပန်အစိုးရထံမှ ယန်းငွေ ၁၅ သန်း (ကျပ် ၁ ဒသမ ၅ ဘီလီယံ) ရရှိဖို့လည်း ပြည်ထောင်စုအစိုးရက စီစဉ်နေပါတယ်။ အဲဒီချေးငွေသာရရှိခဲ့ရင်တော့ အခြေခံ ပြည်သူတွေ တိုက်ခန်းဝယ်ယူတဲ့အခါ အတိုးနှုန်း သက်သာစွာနဲ့ အရစ်ကျ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

 

MDN

 

ချေးငွေရရှိရန် ဆောင်ရွက်နေ

“ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ အခြေခံပြည်သူတွေ အတိုးနှုန်းသက်သာစွာနဲ့ တိုက်ခန်းတွေဝယ်ယူနိုင်ဖို့ ဂျပန်ချေးငွေရရှိအောင် ပူးပေါင်းဆောင်ရွက်နေပါတယ်။ ချေးငွေရရှိခဲ့ရင်တော့ လက်ရှိအခြေအနေမှာ တိုက်ခန်းဝယ်ယူတဲ့အခါ အတိုးနှုန်း ၁၃ ရာခိုင်နှုန်းကနေပြီး ၈ ဒသမ ၅ ရာခိုင်နှုန်းအထိ လျှော့ချသွားနိုင်တာမို့ ကြိုးစား ဆောင်ရွက်နေခြင်းဖြစ်ပါတယ်” ဟု တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောပါတယ်။

အိမ်ရာစီမံကိန်းတွေအတွက် ဂျပန်နိုင်ငံက ကျပ် ၁၅၀ ဘီလီယံကို နှစ်ဆင့်ချေးငွေအဖြစ်နဲ့ ပထမဆုံးထုတ်ချေးဖို့ သဘောတူထားပြီ ဖြစ်ပါတယ်။ အခြေခံပြည်သူတွေအတွက် ငွေကျပ် ၁၉၆၀ဝဝဝ ကနဦးပေးသွင်းရုံနဲ့ တိုက်ခန်းပိုင်ဆိုင်ခွင့်ရရှိအောင်၊ နှစ်ရှည်အရစ်ကျ ပေးသွင်းနိုင်အောင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနဲ့အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနကလည်း အကောင်အထည်ဖော် ရောင်းချမှုတွေ ပြုလုပ်နေပါတယ်။

ချေးငွေရရှိဖို့

ရန်ကုန်မြို့မှာ အိမ်ရာတိုက်ခန်းပေါင်း သုံးသိန်းကျော် လိုအပ်နေပါတယ်။ အဲဒီအိမ်ရာတွေဟာ အစိုးရဝန်ထမ်း၊ ကုမ္ပဏီဝန်ထမ်း၊ အလုပ်သမားတွေနဲ့ ကျူးကျော်နေထိုင်သူတွေအတွက် ဖြစ်ပြီး ရန်ကုန်မှာ ကျူးကျော်နေထိုင်သူ အိမ်ထောင်စု တစ်သိန်းကျော်ရှိနေကာ လူဦးရေ လေးသိန်းခန့်ရှိပါတယ်။ အဲဒီကျူးကျော်တွေအတွက် မြေနေရာနဲ့ ထိုက်သင့်တဲ့ချေးငွေရရှိဖို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရက ကြိုးစားနေပါတယ်။

ရန်ကုန်မှာ ဒဂုံတောင်ပိုင်း၌ အင်းဝအိမ်ရာ စီမံကိန်း၊ ဒဂုံဆိပ်ကမ်းမှာ ယုဇနတန်ဖိုးနည်း အိမ်ရာစီမံကိန်း အပိုင်း(၁)၊ (၂)၊ ဒဂုံဆိပ်ကမ်း မြို့နယ်မှာ ကနောင်အိမ်ရာစီမံကိန်း၊ ဒဂုံတောင်ပိုင်းတွင် ပုလဲမွန်အိမ်ရာစီမံကိန်း၊ လှိုင်သာယာမြို့နယ်မှာ ရွှေလင်ပန်းအိမ်ရာ စီမံကိန်း၊ တည်ဆောက်ဆဲ ကျန်စစ်မင်းအိမ်ရာ စီမံကိန်းတွေဟာ နေရာ တိုက်ခန်းလိုအပ်နေတဲ့ အခြေခံပြည်သူတွေအတွက် အတိုင်းအတာတစ်ခုအထိ ဖြည့်ဆည်းထားနိုင်ပါတယ်။

တိုက်ခန်းများ ရောင်းချရေး

ဒါ့အပြင် ပြည်သှူအိမ်ရာစီမံကိန်းတွေကို လည်း အသစ်ပြန်လည်တည်ဆောက်အကောင် အထည်ဖော်နေပြီး အိမ်ရာလိုအပ်ချက်ကို ဘက်စုံထောင့်စုံက တွက်ချက် စီစဉ်ဆောင်ရွက်နေပါတယ်။ ရန်ကင်းအိမ်ရာစီမံကိန်းကလည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရနဲ့ ဂျပန်တို့ ပူးပေါင်းတည် ဆောက်သွားဖို့ရှိနေပြီး အိမ်ရာတိုက်ခန်းပေါင်း ၃၀ဝဝ ကျော် ထွက်ပေါ်လာဖို့ရှိနေပါတယ်။ လောလောဆယ်မှာ လှိုင်သာယာမြို့နယ်နဲ့ ဒဂုံ မြို့သစ် (ဆိပ်ကမ်း) မြို့နယ်တွေမှာ တိုက်ခန်းပေါင်း ၁၅၀ဝ ကျော် ရောင်းချရေး ဆောင်ရွက်နေပါတယ်။

ဒီလိုအခြေအနေမှာ ရန်ကုန်မြို့ ဒဂုံမြို့သစ် မြောက်ပိုင်းမှာ တန်ဖိုးသင့်အိမ်ရာ တိုက်ခန်းပေါင်း ၂၀ဝဝ ကျော် ထွက်ပေါ်လာမယ့် အိမ်ရာစီမံကိန်း သစ်တစ်ခု ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းမှာ အကောင်အထည်ဖော်တော့မှာမို့ ရန်ကုန်မြို့ ပြည်သူတွေရဲ့ အိမ်ရာတိုက်ခန်းလိုအပ်ချက်ကို ထပ်မံဖြည့်ဆည်းပေးနိုင်ဦးမှာ ဖြစ်ပါတယ်။

မြန်မာ့အလင်း