လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော် ကျင်းပပြုလုပ်ရေးအတွက် တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ၇ နိုဝင်ဘာ

လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော် ကျင်းပပြုလုပ်ရေးအတွက် တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။


ညှိနှိုင်းအစည်းဝေးသို့  ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဒေါက်တာဖေမြင့်၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဒေါက်တာမြင့်ထွေးနှင့် ဒေါက်တာဝင်းမြတ်အေး၊ ပြန်ကြားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာ ဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။


အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးများက လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် ကျင်းပပြုလုပ်ရေးနှင့် ပတ်သက်၍ ဆွေးနွေးကြရာ စာပေဆိုင်ရာပြပွဲ၊ ဟောပြောပွဲ၊ ဆွေးနွေးပွဲစသည့် အစီအစဉ်အမျိုးမျိုးဆောင်ရွက်သွားရန် စီစဉ်ထားမှု၊ လူငယ်များ၏ ဆွေးနွေးပွဲများနှင့် ကျပန်းစကားပြောပြိုင်ပွဲများအပြင် ထူးချွန်ထက်မြက်သည့် လူငယ်များနှင့် တွေ့ဆုံပွဲများကို စီစဉ်ထားမှု၊ တက္ကသိုလ်ကျောင်းသားကျောင်းသူဟောင်းများပါ ပါဝင်ဆင်နွှဲနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေမှု၊ အားကစားဆိုင်ရာပြခန်းများနှင့် ပြိုင်ပွဲများတွင် ထူးခြားသည့် အားကစားနည်းများကိုပါ ထည့်သွင်းပြသနိုင်ရန် စီစဉ်ဆောင်ရွက်နေမှု၊  သိပ္ပံဆိုင်ရာ ပြခန်းများ၌ ခေတ်မီ၍ လူငယ်များ၏ တီထွင်ဖန်တီးမှုများကို ဖော်ထုတ်ပြသသွားရေး၊ လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော် ကျင်းပမည့်အချိန်သည် ရန်ကုန်တက္ကသိုလ်၏ ရာပြည့်အကြိုကာလနှင့် တိုက်ဆိုင်နေသည့်အတွက် ရန်ကုန်တက္ကသိုလ် ရာပြည့်အကြို အထိမ်းအမှတ်ပွဲတော်အဖြစ် ထည့်သွင်းဖော်ပြပေးရေး၊ အင်္ဂလိပ်၊ မြန်မာ စသည့် ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲများနှင့် ပြခန်းများအပြင် ကျောင်းသူကျောင်းသားများ၏ ကွန်ပျူတာနှင့် နည်းပညာရပ်ဆိုင်ရာ တီထွင်ထားမှုများကို ပိုမိုထည့်သွင်းပြသွားရေး၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် ပတ်သက်၍ အလွယ်တကူ သိရှိနိုင်သည့် ရောဂါရှာဖွေစမ်းသပ်မှုများကို  ဆောင်ရွက်သွားရေး၊   ပညာပေးပြခန်း၌ အဖြစ်များသည့် ကူးစက်ရောဂါများအား ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ၊ ပုံမှန်လေ့ကျင့်ခန်း ဆောင်ရွက်ခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများကို ပြသနိုင်ရေးတို့ကိုလည်းကောင်း၊

နိုင်ငံရေးနှင့်ပတ်သက်၍ ဖက်ဒရယ်စနစ်၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မည်ကို လူငယ်များသိရှိရေး၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရေး၏အရေးပါမှုကို လူငယ်များသိရှိရေး၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က လူငယ်မူဝါဒကို သဘောတူလက်ခံ၍ Action Plan ရေးဆွဲရာ၌ Traditional challenge အပေါ် ထည့်သွင်းရေးဆွဲသွားရန် လိုအပ်သည်ကို မှာကြားထားမှု၊ Traditional challenge ဆိုသည်မှာ မီဒီယာနှင့်ဖေ့စ်ဘွတ်ကဏ္ဍဖြစ်ပြီး  ဖေ့စ်ဘွတ်ကဏ္ဍပေါ် မူတည်ပြီး လူငယ်များ၏ အသက်ဆုံးရှုံးမှုများ ဖြစ်ပေါ်နေသဖြင့်  အဆိုပါ စိန်ခေါ်မှုများသည် အရေးကြီးသည့်အတွက် လူငယ်မူဝါဒဆိုင်ရာ Action Plan ရေးဆွဲရာ၌ မည်သို့ကိုင်တွယ်ဖြေရှင်းရမည်၊ မည်သို့တားဆီးကာကွယ်ရမည်ကို ထည့်သွင်းရေးဆွဲသွားရန် လိုအပ်မှုတို့ကိုလည်းကောင်း ဆွေးနွေးကြသည်။


ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် အနုပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က  လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်၏ Logo၊ ဆောင်ပုဒ်၊ သီချင်းတို့အား ပမာဏရွေးချယ်ထားမှု၊ ပွဲတော်ကာလအတွင်း ပြခန်းများနှင့် ပြိုင်ပွဲများ ကျင်းပသွားမည့် အစီအစဉ်များ၊ ကော်မတီနှင့် ဆပ်ကော်မတီများဖွဲ့စည်း၍ လုပ်ငန်းဆောင်ရွက်နေမှုများ၊ အနုပညာကဏ္ဍမှ ဆောင်ရွက်နေမှုများကို   ရှင်းလင်းတင်ပြကြသည်။


လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော်ကို ရန်ကုန်တက္ကသိုလ် ပရဝဏ်အတွင်း၌ ဒီဇင်ဘာ ၁ ရက်မှ ၃ ရက်အထိ ကျင်းပသွားရန် လျာထားကြောင်းသိရသည်။


ပွဲတော်ကာလအတွင်း စာပေဆိုင်ရာလှုပ်ရှားမှုများအဖြစ် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ၊ စကားရည်လုပွဲနှင့် လူငယ်ဆိုင်ရာ ဆွေးနွေးပွဲများ၊ အားကစားဆိုင်ရာ လှုပ်ရှားမှုများ အဖြစ် ရိုးရာအားကစားပြိုင်ပွဲများ၊ မြန်မာ့သိုင်း၊ ပိုက်ကျော်ခြင်း၊ စုပေါင်းလမ်းလျှောက် ပြိုင်ပွဲများ၊ လူငယ်အသင်းအဖွဲ့များ၏ ရန်ပုံငွေဈေးရောင်း ပွဲတော်အဖြစ် ရိုးရာအစားအစာများ၊ လက်မှု ပစ္စည်းများရောင်းချခြင်း၊ သိပ္ပံဆိုင်ရာလှုပ်ရှားမှုအဖြစ် လူငယ်များ တီထွင်ထားသည့် သိပ္ပံပစ္စည်းများ၊ ကွန်ပျူတာနှင့် နည်းပညာဆိုင်ရာ ပစ္စည်းများ ပြသခြင်း၊ အနုပညာဆိုင်ရာလှုပ်ရှားမှုများ အဖြစ် ဖျော်ဖြေရေးစင်မြင့်၊ တိုင်းရင်းသားရိုးရာပြခန်းများ၊ တိုင်းရင်းသားများ၏ ဝတ်စုံများဆင်ယင် ပြသခြင်း၊ IT နည်းပညာဆိုင်ရာ လှုပ်ရှားမှုအဖြစ် Application များ အသုံးပြု၍ ပရိုဂရမ်များ တည်ဆောက်ခြင်းနှင့် Project ရေးဆွဲခြင်း၊ အသိပညာပေး လှုပ်ရှားမှု အဖြစ် စံပြလူငယ်ရိပ်သာ၊ ရှားပါးစာအုပ်များ ခင်းကျင်းပြသခြင်း၊ လူငယ်နှင့်ကျန်းမာရေးဆိုင်ရာ အသိပညာပေးပြခန်းများနှင့် စာအုပ်ဈေးရောင်း ပွဲတော်များကို  ထည့်သွင်းကျင်းပသွားမည်ဖြစ်သည်။

(သတင်းစဉ်)

mdn