မကွေး ၁၆ ဒီဇင်ဘာ
လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော် (မကွေး) ပိတ်ပွဲနေ့ အခမ်းအနားများကို ယနေ့နံနက် ၉ နာရီတွင် မကွေးတက္ကသိုလ်၌ ဆက်လက် ကျင်းပလျက်ရှိရာ မကွေးတိုင်း ဒေသကြီးအတွင်းရှိ တက္ကသိုလ်၊ ကောလိပ်များမှ ကျောင်းသား ကျောင်းသူများ၊ ခရိုင်နှင့် မြို့ရွာအသီးသီးမှ လူငယ်များ ပါဝင်ဆင်နွှဲကြသည်။
ပွဲတော်အတွင်း တက္ကသိုလ်၊ ကောလိပ်နှင့် အခြေခံပညာကျောင်းများမှ ပြခန်းများ၊ ဝန်ကြီးဌာန ပြခန်းများ၊ မူးယစ်ဆေးဝါး အသိပညာပေးပြခန်းများ၊ ကလေးသူငယ်စွန့်ပစ်မှုပပျောက်ရေး ဆိုင်ရာ ပြခန်းများ၊ သဘာဝဘေးဆိုင်ရာ ပြခန်းများကို လည်းကောင်း၊ အသိပညာပေး အစီအစဉ်များဖြစ်သည့် လူငယ်များသိကောင်းစရာ အချက်အလက် အမေးအဖြေအစီအစဉ်နှင့် ဉာဏ်စမ်းမေးခွန်းများ မေးမြန်းခြင်း၊ အခြေခံ မျိုးဆက်ပွား ကျန်းမာရေး အသိပညာပေး ဟောပြောပွဲများ၊ သားဆက်ခြား နည်းလမ်းများ အသိပညာပေးဟောပြောပွဲများ၊ ကျား/မအခြေပြု အကြမ်းဖက်ဆိုင်ရာ အသိပညာပေး အစီအစဉ်များ၊ သက်ငယ်မုဒိမ်း တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးအစီအစဉ်များ ကျင်းပသည်။

ထို့အပြင် လူငယ်ဆိုင်ရာဆွေးနွေးပွဲများကို ယနေ့နံနက်၁၀နာရီတွင် လူငယ်နှင့်လူငယ်ရေးရာ မူဝါဒ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မွန်းလွဲ၂နာရီတွင် အနာဂတ်မြန်မာနိုင်ငံနှင့်လူငယ်များ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အနုပညာ လိုက်စားလူငယ်များခေါင်းစဉ်ဖြင့် လူငယ်သရုပ်ဆောင် နက္ခတ်၊ ခြူး (ခြူးလေး)တို့ ပါဝင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
စာပေဆိုင်ရာ လှုပ်ရှားမှုများအဖြစ် စာပေစကားဝိုင်း၊ ကျပန်းစကားပြောပြိုင်ပွဲ၊ အင်္ဂလိပ်စာ စွမ်းရည် ပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများ၊ စာအုပ်များခင်းကျင်း ရောင်းချခြင်းများအပြင် ဘွဲ့နှင်းသဘင် ခန်းမရှေ့တွင် မြန်မာ့ရိုးရာ တူရိယာများပြသခြင်း၊ ၁၂ ရာသီပွဲတော် ပန်းချီကား များ ပြသခြင်း၊ ရုပ်သေးရုပ်များ ခင်းကျင်းပြသခြင်း၊ ပန်းချီ၊ ပန်းပုလက်တွေ့ ထုဆစ်ရေးဆွဲပြသ ခြင်း၊ တိုင်းရင်းသား ရိုးရာဝတ်စုံများ ခင်းကျင်းပြသခြင်း၊ ကဗျာလွတ်အကနှင့် တိုင်းရင်းသား ရိုးရာအကများ သရုပ်ပြသင်ကြားကပြကြသည်။
IT ဆိုင်ရာ လှုပ်ရှားမှုတွင် Cyber Security Awareness နှင့် IT နှင့်ပတ်သက်သည့် ဉာဏ်စမ်းပဟေဠိ ဖြေဆိုခြင်းများ ပြုလုပ်ခဲ့ပြီး အားကစားပြိုင်ပွဲများအဖြစ် လွန်ဆွဲ (ကျား/မ) ပြိုင်ပွဲ၊ ထုပ်ဆီးတိုး (ကျား/မ) ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်း၊ ဘောလုံး ဂိုးသွင်း၊ ခေါင်းအုံးရိုက်ပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲများလည်း ယှဉ်ပြိုင် ကစားခဲ့သည့်အပြင် ဝူရှူးအားကစားနည်း၊ မြန်မာ့သိုင်းအားကစားနည်းများကို သရုပ်ပြကစားကြသည်။
ဖျော်ဖြေရေးအစီအစဉ်များတွင် မြန်မာ့အသံခေတ်ပေါ်တီးဝိုင်းက နိုင်ငံကျော်အဆိုတော်များ၊ ငြိမ်းချမ်း ရေး ဂီတပွဲတော်မှ အဆိုရှင်များက တေးသီချင်းများဖြင့် ပွဲတော်သို့ လာရောက်သူများအား သီဆို ဖျော်ဖြေခဲ့ကြရာ အားပေးကြည့်ရှုသူများဖြင့် စည်ကားကြောင်း သိရသည်။
နိုင်ဝင်း(တောင်တွင်းကြီးပြန်ဆက်)၊ လှဝင်း(နတ်မောက်ပြန်ဆက်)