မန္တလေး ၁၃ ဇူလိုင်
မန္တလေးမြို့ရှိ မန္တလေးတက္ကသိုလ်အတွင်း လာမည့်သြဂုတ်လတွင် ကျင်းပမည့်လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် တိုင်းဒေသကြီးအတွင်းရှိ ကျောင်းသား၊ ကျောင်းသူများပါဝင်ဆင်နွှဲခွင့်ရရန် ကြိုတင်စီမံချက်များရေးဆွဲ၍ တိုင်းဒေသကြီးအစိုးအဖွဲ့ထံ တင်ပြထားကြောင်း တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်စန်းစန်းရီက ပြောကြားသည်။
အဆိုပါပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပညာရေးကဏ္ဍအနေဖြင့် ဆောင်ရွက်မည့်အစီအစဉ်များနှင့် ပတ်သက်၍ အကြိုစီမံချက်များရေးဆွဲတင်ပြရန် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ ဇွန်လ ၁၁ ရက်နေ့တွင် ၎င်းစီမံချက်ကို ရေးဆွဲတင်ပြခဲ့ကြောင်း သိရသည်။
“လူငယ်ပွဲတော်ဖြစ်တဲ့အတွက် ကျွန်မတို့တိုင်းအတွင်းမှာဖွင့်လှစ်ထားတဲ့ အခြေခံကျောင်း၊ ကိုယ်ပိုင်ကျောင်းနဲ့ ဘကကျောင်းတွေက ၉ တန်းနဲ့ ၁၀ တန်းအဆင့်ကျောင်းသား၊ ကျောင်းသူတွေအားလုံး ပါဝင်ဆင်နွှဲနိုင်အောင် စီစဉ်သွားမှာပါ။ ပွဲတော်ကျင်းပမယ့် မန္တလေးတက္ကသိုလ်ရဲ့ အကျယ်အဝန်းနဲ့ ကျောင်းသား၊ ကျောင်းသူဦးရေကို ရွှေးချယ်သွားမှာပါ။ ကျွန်မတို့ တိုင်းဒေသကြီးအတွင်းမှာ ကျင်းပမယ့်ပွဲတော်ဖြစ်တာကြောင့် စည်ကားအောင်မြင်စွာ ကျင်းပနိုင်အောင် ကြိုတင်စီမံချက်တွေအပြင် အသေးစိတ်ညွှန်ကြားချက်တွေထွက်လာရင်လည်း စနစ်တကျဆောင်ရွက်သွားမှာပါ။”ဟု ၎င်းက ပြောသည်။
လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်တွင် ကိုယ်ပိုင်ကျောင်းများအနေဖြင့် ယခင်ကလေးစာပေပွဲတော်ကဲ့သို့ အောင်မြင်စွာပါဝင်ဆင်နွှဲနိုင်ရန်စီစဉ်ထားပြီး အဆိုပါပွဲတော်မှ အကြံဉာဏ်များရယူကာ ကိုယ်ပိုင်ကျောင်းအသီးသီးတွင် ပညာရေးနှင့် ပတ်သက်၍ ပိုမိုကောင်းမွန်သည့် သင်ကြားမှုများကိုကြိုးစား ဆောင်ရွက်သွားရန်စီစဉ်ထားကြောင်း တိုင်းဒေသကြီး ကိုယ်ပိုင်ကျောင်းများအသင်းဥက္ကဋ္ဌ ဒေါ်နှင်းနှင်းမော်က ပြောသည်။
“ဒီပွဲတော်အတွက် ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့မှာ ကျွန်မတို့ မူကြမ်းတင်ပြီးဖြစ်ပါတယ်။ မူကြမ်းထဲမှာ ကလေးတွေရဲ့ ဘာသာရပ်တွေနဲ့ ပတ်သက်တဲ့ သိပ္ပံ၊ အင်္ဂလိပ်၊ သချာၤ၊ အိမ်တွင်းမှု၊ ယဉ်ကျေးမှုတွေနဲ့ ပတ်သက်တဲ့ ပြပွဲတွေ ပါဝင်မှာဖြစ်ပြီး ကလေးတွေရဲ့ ဉာဏ်ရည်ဖွံ့ဖြိုးရှင်သန်ဖို့အတွက် လုပ်ချင်တာ တွေကို တင်ထားပါတယ်။ ဒါ့အပြင် ကလေးတွေကို ထပ်ဆောင်းဘာသာရပ်အနေနဲ့ ကွန်ပျူတာတွေ ဘာတွေလည်း သင်ထားတာဆိုတော့ ဒါတွေနဲ့ ပတ်သက်ပြီး ပြဖို့အတွက်လည်း စီစဉ်ထားတယ်။ ဒါပေမယ့် ကျွန်မတို့ရရှိမယ့်နေရာနဲ့ အခြေအနေကို မူတည်ပြီးလုပ်ရမှာပါ။ ဒါတွေအားလုံးပါဝင်မယ်လို့ တော့ သေသေချာချာ မသိသေးပါဘူး။” ဟု ၎င်းက ပြောသည်။
အဆိုပါလူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ကို ပထမအကြိမ်အဖြစ် ရန်ကုန်မြို့၌ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ ကျင်းပခဲ့ပြီး ယခုဒုတိယအကြိမ်ဖြင့် မန္တလေးမြို့တွင် ၂၀၁၈ ခုနှစ် သြဂုတ်လ အတွင်း ကျင်းပနိုင်ရန် အကြိုညှိနှိုင်းအစည်းအဝေးကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ မန္တလေး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် တိုင်းဒေသကြီးအတွင်းရှိ သက်ဆိုင်ရာ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ဇွန်လ ၈ ရက်နေ့က တွေ့ဆုံဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)