နေပြည်တော် ၁၉ နိုဝင်ဘာ
လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မကွေး) အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မကွေး) ကျင်းပရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် (မကွေး)ကို ဒီဇင်ဘာလ ၁၄ ရက်၊ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီခွဲအထိ မကွေးတက္ကသိုလ်ဝန်းအတွင်း ကျင်းပရန် စီစဉ်ထားပါကြောင်း၊ မကွေးမြို့ဝန်းကျင်ရှိ တက္ကသိုလ်၊ ကောလိပ်၊ သင်တန်းကျောင်းများမှ လူငယ်၊ ကျောင်းသားကျောင်းသူများ၊ ရပ်ကွက်၊ မြို့နယ်၊ ခရိုင်အသီးသီးမှ လူငယ်များဖြင့် စည်စည်ကားကား ကျင်းပရန် စီစဉ်ထားပါကြောင်း။
လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မကွေး) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဥက္ကဋ္ဌအဖြစ် ပါဝင်ပြီး ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဒုတိယဥက္ကဋ္ဌ(၁)၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ဒုတိယဥက္ကဋ္ဌ(၂)၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးက အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ပြီး အဖွဲ့ဝင် (၁၇)ဦးပါဝင်သည့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မကွေး) ကျင်းပရေး ဦးစီးကော်မတီကို နိုင်ငံတော်သမ္မတရုံးက ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၉ ရက်တွင် ဖွဲ့စည်းပေးခဲ့ပါကြောင်း။
ထို့အတူ အောက်တိုဘာ ၃၁ ရက်တွင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဥက္ကဋ္ဌ၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပူးတွဲဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး အဖွဲ့ဝင်အဖြစ်ပါဝင်သည့် (၁၈)ဦးပါ လုပ်ငန်းကော်မတီကိုလည်း ဖွဲ့စည်းခဲ့ပါကြောင်း၊ လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ဆပ်ကော်မတီ ၁၃ ခုကို ဖွဲ့စည်းရန် သက်ဆိုင်ရာဝန်ကြီးဌာနများကို အကြောင်းကြားထားပြီး သက်ဆိုင်ရာကဏ္ဍများတွင် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန် အတွင်းရေးမှူးများအဖွဲ့ကိုလည်း ဖွဲ့စည်းထားပြီး ဖြစ်ပါကြောင်း။
အောက်တိုဘာ ၁၇ ရက်တွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပခဲ့သည့် အကြိုညှိနှိုင်း အစည်းအဝေးဆုံးဖြတ်ချက်များကို ဖြန့်ဝေထားပြီး လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မကွေး) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးပေးကြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် လုပ်ငန်းကော်မတီအဖွဲ့ဝင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးက လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မကွေး) အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် မြေပြင်ကွင်းဆင်းမှုများ ဆောင်ရွက်နေပြီး ကော်မတီများဖွဲ့စည်းကာ တာဝန်ခွဲဝေဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မကွေး) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အနုပညာဆိုင်ရာ လှုပ်ရှားမှုဆပ်ကော်မတီ၊ အိုင်တီနည်းပညာဆိုင်ရာလှုပ်ရှားမှု ဆပ်ကော်မတီ၊ သယ်ယူပို့ဆောင်ရေးဆပ်ကော်မတီ၊ ပြပွဲပြိုင်ပွဲများ ကျင်းပရေးဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊ အားကစားဆိုင်ရာလှုပ်ရှားမှု ဆပ်ကော်မတီ၊ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေး ဆပ်ကော်မတီ၊ ပြန်ကြားရေးနှင့် မှတ်တမ်းတင်ရေးဆပ်ကော်မတီ၊ စာရင်းစစ်ဆေးရေး ဆပ်ကော်မတီတို့မှ တာဝန်ရှိသူများနှင့် တက်ရောက်လာကြသူများက ကဏ္ဍအလိုက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ် အမှာစကားပြောကြားသည်။
“ဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့ လူငယ်ပွဲတော်နွှဲပျော်စို့” ဟူသည့် ဆောင်ပုဒ်နှင့်အညီ မြန်မာလူငယ်များ၏ အသိပညာ၊ အတတ်ပညာနှင့် ကျင့်ဝတ်တန်ဖိုး အပါအဝင် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဗလငါးတန် မြှင့်တင်ပေးနိုင်ရေးနှင့် အနာဂတ် မြန်မာ့လူ့ဘောင်အဖွဲ့အစည်းအား ၎င်းတို့၏ အတွေးအမြင်ကောင်းများဖြင့် တည်ဆောက် အကောင်အထည်ဖော်ရေး ရည်ရွယ်ချက်များဖြင့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မကွေး)ကို မကွေးတက္ကသိုလ်၌ ဒီဇင်ဘာ ၁၄ ရက်မှ ၁၆ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။
ပွဲတော်တွင် စာပေစကားဝိုင်း၊ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲများ၊ စကားရည်လုပွဲများ၊ ဆွေးနွေးပွဲများ စသည့် စာပေဆိုင်ရာလှုပ်ရှားမှုများ၊ အနုပညာ၊ အားကစားနှင့် အိုင်တီနည်းပညာဆိုင်ရာ လှုပ်ရှားမှုများ၊ ပညာပေးနှင့် ဖျော်ဖြေရေးအစီအစဉ်များ ပါဝင်မည်ဖြစ်ကြောင်း သိရှိရသည်။
သတင်းစဉ်


