မကွေး ၁၅ ဒီဇင်ဘာ
“ဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့ လူငယ်ပွဲတော်နွှဲပျော်စို့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ကို နိုင်ငံတော်မှကြီးမှူး၍ မကွေးတိုင်းဒေသကြီး မကွေးတက္ကသိုလ်၌ ယနေ့ ဒီဇင်ဘာ ၁၅ ရက် နံနက် ၈ နာရီမှစတင်၍ ဒုတိယနေ့အားကစားပြိုင်ပွဲများ ဆက်လက်ကျင်းပလျက်ရှိသည်။
အဆိုပါပွဲတော်တွင် အားကစားလှုပ်ရှားမှုအဖြစ် အပန်းဖြေအားကစားပြိုင်ပွဲများ၊ ယှဉ်ပြိုင်အားကစားပြိုင်ပွဲများ၊ အားကစားသရုပ်ပြပွဲများကို မကွေးတက္ကသိုလ် ဘောလုံးလေ့ကျင့်ရေးကွင်း၌ တစ်ဦးချင်းပြိုင်ပွဲများအဖြစ် ခေါင်းအုံးရိုက်(ကျား/မ)၊ ကြံ့ခိုင်စွမ်းရည်ပြိုင်ပွဲ(ကျား/မ)၊ ဘောလုံးဂိုးသွင်း(ကျား/မ)၊ ဘတ်စကက်ဘော ဂိုးသွင်းပြိုင်ပွဲ(ကျား/မ)၊ သုံးချောင်းထောက်အပြေးပြိုင်ပွဲ(ကျား/မ)၊ ဂုန်နီအိတ်စွပ်အပြေးပြိုင်ပွဲ(ကျား/မ) ပြိုင်ပွဲများကို လည်းကောင်း၊ အသင်းလိုက်ပြိုင်ပွဲများအဖြစ် လွန်ဆွဲ (ကျား/မ)၊ ထုပ်ဆီးထိုး(မ)ပြိုင်ပွဲများကို လည်းကောင်း၊ တက္ကသိုလ်ပေါင်းစုံပြိုင်ပွဲအဖြစ် မကွေးတက္ကသိုလ်အားကစားခန်းမ၌ ဘောလီဘောပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲများကို လည်းကောင်း၊ သရုပ်ပြမည့် အားကစားနည်းများကို မကွေးတက္ကသိုလ် အားကစားခန်းမ၌ ဝူရှူး၊ မြန်မာ့သိုင်း၊ Myanmar Fitness Dance စသည့် အားကစားနည်းများကို ယနေ့ဒီဇင်ဘာ ၁၅ ရက်တွင် ဒုတိယနေ့ပွဲစဉ်များ ဆက်လက်ကျင်းပလျက်ရှိရာ ပြိုင်ပွဲဝင်အားကစားသမားများ၊ ကျောင်းသားကျောင်းသူများ၊ အနယ်နယ်အရပ်ရပ်မှ ကြည့်ရှုအားပေးသည့် ပရိသတ်များဖြင့် စည်ကားလျက်ရှိသည်။
ဆုကြေးငွေများအဖြစ် ဘော်လီဘော(ကျား/မ)ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်း(ကျား)ပြိုင်ပွဲ၊ လွန်ဆွဲ(ကျား/မ)ပြိုင်ပွဲ၊ ထုပ်ဆီးတိုး(မ) ပြိုင်ပွဲများတွင် ပထမဆု(၅)သိန်း၊ ဒုတိယဆု(၃)သိန်း၊ တတိယဆု(၂)သိန်း၊ စတုတ္ထဆု(၁)သိန်းကို လည်းကောင်း၊ ခေါင်းအုံးရိုက်(ကျား/မ)ပြိုင်ပွဲ၊ ကြံ့ခိုင်စွမ်းရည် (ကျား/မ)ပြိုင်ပွဲ၊ သုံးချောင်းထောက် (ကျား/မ)ပြိုင်ပွဲ၊ ဂုန်နီအိတ်စွပ် (ကျား/မ)ပြိုင်ပွဲ၊ ဘတ်စကက်ဘော ဂိုးသွင်း(ကျား/မ) ပြိုင်ပွဲများတွင် ပထမဆု(၁၅၀၀၀)ကျပ်၊ ဒုတိယဆု(၁၀၀၀၀)ကျပ်၊ တတိယဆု(၅၀၀၀)ကျပ်ကို လည်းကောင်း ချီးမြှင့်မည်ဖြစ်ပြီး အားကစားဆိုင်ရာ ဓါတ်ပုံပြပွဲများကို လူထုအားကစား လှုပ်ရှားမှု မှတ်တမ်းဓါတ်ပုံများ၊ ပြည်တွင်းရှိ အားကစားကွင်း/ရုံများ၏ မှတ်တမ်းဓါတ်ပုံများ၊ (၂၇)ကြိမ်မြောက် အရှေ့တောင် အာရှအားကစား ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် မှတ်တမ်းဓါတ်ပုံများ၊ အမျိုးသားအားကစားပြိုင်ပွဲများ ကျင်းပခဲ့သည့် မှတ်တမ်းဓါတ်ပုံများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစားပြိုင်ပွဲများအပါအဝင် ပြည်တွင်း အားကစားပြိုင်ပွဲများ ကျင်းပခဲ့သည့် မှတ်တမ်းဓါတ်ပုံများ၊ နိုင်ငံတကာ အားကစားပြိုင်ပွဲများသို့ သွားရောက်ယှဉ်ပြိုင် အောင်မြင်မှု ရရှိခဲ့သည့် မှတ်တမ်းဓါတ်ပုံများ၊ နိုင်ငံ့ဂုဏ်ဆောင် ထူးချွန်အားကစားသမားများ၏ မှတ်တမ်းဓါတ်ပုံများ၊ အားကစားနှင့် ကာယပညာ(သိပ္ပံ)များ၏ သင်ကြားလေ့ကျင့်မှု မှတ်တမ်းဓါတ်ပုံများကို ထည့်သွင်းပြသထားကြောင်း သိရှိရသည်။
နိုင်ဝင်း(တောင်တွင်းကြီး)၊ လှဝင်း(နတ်မောက်)၊ ပြန်/ဆက်


