မကွေး ၁၄ ဒီဇင်ဘာ
မကွေးတက္ကသိုလ်တွင် ဒီဇင်ဘာ ၁၄ ရက်မှ ဒီဇင်ဘာ ၁၆ ရက်အထိကျင်းပပြုလုပ်မည့် လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော်တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၊ အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်းအသီးသီးတို့မှ သုတနှင့် အသိပညာပေးဆိုင်ရာ ပြခန်းပေါင်း (၁၁၂) ခန်းနှင့် ရန်ကုန်မြို့ စာအုပ်ထုတ်ဝေ ဖြန့်ချိရေးဆိုင်ကြီးများမှ လာရောက်ဖွင့်လှစ်ရောင်းချသည့် စာအုပ်အရောင်းဆိုင်ပေါင်း (၆၀) ပါဝင်ခင်းကျင်းပြသ ရောင်းချသွားမည် ဖြစ်ကြောင်းသိရသည်။
အဆိုပါ ပြခန်းများတွင် ပွဲတော်၏ရည်ရွယ်ချက်ဖြစ်သည့် ဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့ လူငယ်ပွဲတော် နွှဲပျော်စို့ ဆောင်ပုဒ်နှင့်အညီ တက္ကသိုလ်ကောလိပ်နှင့် အခြေခံပညာ ကျောင်းများမှ ဘာသာရပ်အလိုက်ပြခန်းများ၊ ဝန်ကြီးဌာနပြခန်းများ၊ မူယစ်ဆေးဝါးနှင့် မသန်စွမ်းသူများဆိုင်ရာ ပြခန်းများ၊ သဘာဝဘေးဆိုင်ရာ ပြခန်းများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီနှင့် ကော်မဝင်အမျိုးသမီးရေးရာအဖွဲ့ ၇ ဖွဲ့ ပြခန်းများအပြင် မကွေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီပြခန်းများ ပါဝင်ပြသထားကြသည်။
ထို့ပြင် အသိပညာပေးအစီအစဉ်များအဖြစ် လူငယ်ရေးရာ မူဝါဒဆိုင်ရာစာအုပ်နှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း လူငယ်များအတွက် သိကောင်းစရာအချက်အလက်များ အမေးအဖြေအစီအစဉ်နှင့် ဉာဏ်စမ်းမေးခွန်းများ မေးမြန်းဖြေဆိုခြင်း၊ အခြေခံမျိုးဆက်ပွား ကျန်းမာရေး အသိပညာပေး ဟောပြောပွဲများ၊ သားဆက်ခြားနည်းလမ်းများအား အသိပညာပေးဟောပြောခြင်းစသည့် အစီအစဉ်များ ပါဝင်မည်ဖြစ်သည်။
၎င်းပြင် စာပေစကားဝိုင်း ဆွေးနွေးပွဲများ၊ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲများ၊ ကျပန်းစကားပြောနှင့် ကဗျာရွတ်ပြိုင်ပွဲများအပြင် အားကစားဆိုင်ရာ လှုပ်ရှားမှုများ အနုပညာ ဆိုင်ရာလှုပ်ရှားမှုများနှင့် ဖျော်ဖြေရေး အစီအစဉ်များလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ် သည်။
လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော်များကို အနာဂတ်နိုင်ငံတော်အတွက် ဗလငါးတန် ပြည့်စုံသော ခေါင်းဆောင်ကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှ ၃ ရက်အထိ ရန်ကုန်တက္ကသိုလ်တွင် စတင်ကျင်းပခဲ့ပြီး ဒုတိယအကြိမ်အဖြစ် ၂၀၁၈ ခုနှစ် သြဂုတ် ၁၁ ရက်မှ ၁၃ ရက်အထိ မန္တလေးတက္ကသိုလ်တွင် ကျင်းပခဲ့ကာ ယခုတတိယအကြိမ်မြောက်အဖြစ် မကွေးတက္ကသိုလ်တွင် ဒီဇင်ဘာ ၁၄ ရက်မှ ၁၆ ရက်နေ့ အထိ စည်းကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း-မေသူလွင် (မကွေး)၊ ဓါတ်ပုံ- ဟိန်းမင်းစိုး