မကွေး ၁၆ ဒီဇင်ဘာ
မကွေးတက္ကသိုလ်အတွင်း ကျင်းပလျက်ရှိသော လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်၏ တတိယနေ့ကို ယနေ့နံနက်(၉)နာရီမှ ညနေ(၅)နာရီအထိ ဆက်လက်ကျင်းပခဲ့ရာ မကွေးတိုင်းဒေသပြီးအတွင်းမှ လာရောက်သူများဖြင့် ဆက်လက်စည်ကားလျက်ရှိသည်။
အသိပညာပေးပြခန်းများတွင် လေ့လာကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိပြီး လူငယ်ဆိုင်ရာ ဆွေးနွေးပွဲများအား မကွေးတက္ကသိုလ် Y ဆောင်တွင် နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအချိန်အထိ "လူငယ်နှင့် လူငယ်ရေးရာမဟာဗျူဟာ"ခေါင်းစဉ်ဖြင့် ဒေါက်တာစန်းစန်းအေး၊ ကိုဝေယံအောင်၊ ကိုသင့်ထက်ဝေ၊ မခိုင်သဇင်အောင်နှင့် မမိုင်နွဲ့နွဲ့နှောင်းတို့က လည်းကောင်း၊ မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီအထိ "အနာဂတ်မြန်မာနိုင်ငံနှင့် လူငယ်များ၏ အခန်းကဏ္ဍ"ခေါင်းစဉ်ဖြင့် မခင်ဘုန်းပြည့်၊ ဆလိုင်းဖြိုးမင်းဟိန်း၊ ဒေါ်ဇင်မေမေသွင်၊ မသက်မိုစံနှင့် ကိုသူရရဲစိုးတို့က လည်းကောင်း ပါဝင်ဆွေးနွေးခဲ့ကြရာ စိတ်ပါဝင်စားသူလူငယ်များ တက်ရောက်ခဲ့ကြသည်။
ထို့ပြင် မကွေးတက္ကသိုလ် Y ဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် ပထမဆုကို မရွှေရူပါ၊ မကွေးတက္ကသိုလ်က လည်းကောင်း၊ ဒုတိယဆုကို မယွန်းစန္ဒီအောင်၊ မကွေးတက္ကသိုလ်က လည်းကောင်း၊ တတိယဆုကို မောင်မြတ်ပိုင်ထူး၊ နည်းပညာတက္ကသိုလ်(မကွေး)ကလည်းကောင်း၊ နှစ်သိမ့်ဆုကို မသက်နှင်းဝေ၊ ဆေးတက္ကသိုလ်(မကွေး)က လည်းကောင်း ရရှိခဲ့ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးက ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။ မြန်မာဘာသာစကား စွမ်းရည်ပြိုင်ပွဲတွင်လည်း ပထမဆုကို မောင်ဘုန်းဇေယျာ၊ ပခုက္ကူတက္ကသိုလ်က လည်းကောင်း၊ ဒုတိယဆုကို မောင်မင်းခန့်ကျော်၊ မကွေးတက္ကသိုလ်က လည်းကောင်း၊ တတိယဆုကို မသက်မိုစံ၊ ပညာရေးတက္ကသိုလ်က လည်းကောင်း ရရှိခဲ့ရာ မကွေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဉီးက ဆုများ ပေးအပ်ချီးမြှင့် ပေးအပ်ခဲ့သည်။
တက္ကသိုလ် Theatre ခန်းမတွင်လည်း နံနက် ၁၀ နာရီအချိန်တွင် "ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေး ပဟေဠိအဖြေညှိပွဲ"တွင် ပွဲတော်သို့ တက်ရောက်လာသူများက ဖြေဆိုခဲ့ကြရာ ဆုရရှိကြသူများအား ဆုလက်ဆောင်များပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ဆက်လက်ပြီး မွန်းလွဲ ၂ နာရီအချိန်၌ "အနုပညာလိုက်စား လူငယ်များ"ခေါင်းစဉ်ဖြင့် လူငယ်သရုပ်ဆောင် နက္ခတ်နှင့် ခြူးလေးတို့က ပါဝင်ဆွေးနွေးခဲ့ကြရာ အနုပညာကို စိတ်ပါဝင်စားသူများစွာ တက်ရောက်ခဲ့ကြပြီး အနုပညာရှင်များနှင့် ရင်းနှီးစွာ မေးမြန်းဆွေးနွေးခဲ့ကြသည်။
ဆက်လက်ပြီး တက္ကသိုလ်အားကစားရုံအတွင်းဘက်၊ အားကစားရုံအပြင်ဘက်နှင့် အားကစားကွင်းအတွင်း ပွဲတော်ကာလ (၃)ရက်၌ အားကစားပြိုင်ပွဲများ ယှဉ်ပြိုင်ကြခဲ့ကြသည့် အားကစားပြိုင်ပွဲများတွင် ဘောလီဘောပြိုင်ပွဲ၌ အသင်း(၈)သင်းယှဉ်ပြိုင်ကစားခဲ့ပြီး ပထမဆုကို မကွေးတက္ကသိုလ်က လည်းကောင်း၊ ဒုတိယဆုကို တိုင်းပညာရေးက လည်းကောင်း၊ တတိယဆုကို အစိုးရနည်းပညာအထက်တန်းကျောင်းက လည်းကောင်း၊ စတုတ္ထဆုကို ပညာရေးကောလိပ်က လည်းကောင်း ရရှိခဲ့သည်။ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အသင်း(၁၂)သင်း ယှဉ်ပြိုင်ကစားခဲ့ပြီး ပထမဆုကို မကွေးတက္ကသိုလ်က လည်းကောင်း၊ ဒုတိယဆုကို ကျောင်းသားတိုင်း အသင်းက လည်းကောင်း၊ တတိယဆုကို သူနာပြုနှင့် သားဖွားသင်တန်းကျောင်း (မကွေး)က လည်းကောင်း၊ စတုတ္ထဆုကို ကွန်ပျူတာတက္ကသိုလ်က လည်းကောင်း ဆုများအသီးသီး ရရှိခဲ့သည်။ ထုပ်ဆီးတိုးပြိုင်ပွဲတွင်လည်း အသင်း(၉)သင်း ယှဉ်ပြိုင်ခဲ့ကြပြီး ပထမဆုကို အ.ထ.က(ခွဲ) ကျစ်ဆုံပွေးက လည်းကောင်း၊ ဒုတိယဆုကို မကွေးတက္ကသိုလ်က လည်းကောင်း၊ တတိယဆုကို အ.ထ.က(ခွဲ)ကံပြားက လည်းကောင်း၊ စတုတ္တဆုကို ပညာရဲရင့် ကိုယ်ပိုင်အထက်တန်းကျောင်းက လည်းကောင်း အသီးသီးရရှိခဲ့သည်။ အမျိုးသားလွန်ဆွဲပြိုင်ပွဲတွင် (၅)သင်းယှဉ်ပြိုင်ခဲ့ပြီး ပထမဆုကို မကွေးတက္ကသိုလ်က လည်းကောင်း၊ ဒုတိယဆုကို ပညာရေးကောလိပ်က လည်းကောင်း၊ တတိယဆုကို အ.ထ.က(၄)မကွေးက လည်းကောင်း၊ စတုတ္ထဆုကို အ.ထ.က(ခွဲ)ကံပြားက လည်းကောင်း ရရှိခဲ့သည်။ အမျိုးသမီး လွန်ဆွဲပြိုင်ပွဲတွင် အသင်း(၆)သင်း ယှဉ်ပြိုင်ခဲ့ကြပြီး ပထမဆုကို မကွေးတက္ကသိုလ်က လည်းကောင်း၊ ဒုတိယဆုကို အ.ထ.က(ခွဲ)ကံပြားက လည်းကောင်း၊ တတိယဆုကို သူနာပြုနှင့် သားဖွားသင်တန်းကျောင်း (မကွေး)က လည်းကောင်း၊ စတုတ္တဆုကို ပညာရေးကောလိပ်ကလည်းကောင်း ရရှိခဲ့သည်။ အဆိုပါ အားကစားပြိုင်ပွဲ အသီးသီးတွင် ဆုရရှိသည့် အသင်းများနှင့် အားကစားသမားများအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဘွဲ့နှင်းသဘင်ခန်းမ၌ ပွဲတော်သို့လာရောက်သူများအား သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနမှ အနုပညာရှင်များ၊ တက္ကသိုလ် ဒီဂရီကောလိပ်နှင့် အခြေခံကျောင်းများမှ ကျောင်းသားလူငယ်များက မြန်မာ့ရိုးရာယဉ်ကျေးမှု တေးသရုပ်ဖော်အကများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု တေးသရုပ်ဖော်အကများ၊ အာဆီယံနိုင်ငံများ၏ ရိုးရာယဉ်ကျေးမှု အကများ၊ ပဒေသာအကများ၊ ရုပ်သေး၊ မျက်လှည့်၊ အငြိမ့်၊ ပြဇာတ်၊ မြန်မာ့သိုင်း၊ ဝူရှူးနှင့် Fitness Dance များဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ မြန်မာ့အသံတေးဂီတ အဖွဲ့ကလည်း နိုင်ငံကျော် အဆိုတော်များနှင့် ငြိမ်းချမ်းရေးဂီတပွဲတော်မှ ဆုရအဆိုရှင်များနှင့် တေးသီချင်းများကို ည ၈ နာရီခန့်အထိ ဖျော်ဖြေခဲ့ကြရာ ကြည့်ရှုသူများဖြင့် အထူးစည်ကားခဲ့သည်။
လင်းဟန်ဇေ
ဓာတ်ပုံ - ဝေလျှံ၊ ရဲမိုး


