၉  သြဂုတ်

၂၀၁၄ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ စုစုပေါင်းလူဦးရေ၏ ၃၆ ရာခိုင်နှုန်းနီးပါးသည် အသက် ၁၅ နှစ် မှ ၃၅ နှစ်အတွင်းရှိသော လူငယ်များဖြစ်ပါသည်။ ယင်းလူငယ်များသည် နိုင်ငံတော်အတွက် တန်ဖိုးမဖြတ်နိုင်သော ကြီးမားသည့် လူ့စွမ်းအားအရင်းအမြစ်ဖြစ်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထူးခြားသည့် အင်အားစုတစ်ရပ်လည်းဖြစ်၍ အနာဂတ် ခေါင်းဆောင်များလည်း ဖြစ်ပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနသည် ကလေးသူငယ်များ၊ လူငယ်များ၊ အမျိုးသမီးများ၊ မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများအတွက် ကြိုတင်ကာကွယ်ရေး၊ ကာကွယ်စောင့်ရှောက်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းစီမံချက်များချမှတ်ပြီး အဖွဲ့အစည်းအခြေပြုနှင့် ရပ်ရွာအခြေပြုလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါသည်။

လူငယ်မူဝါဒအား ရေးဆွဲပြဋ္ဌာန်းနိုင်ခဲ့

ယနေ့ခေတ်တွင် အရည်အသွေးပြည့်ဝသော လူငယ်အဖွဲ့ အစည်းများကို ပိုင်ဆိုင်သည့်နိုင်ငံများသည် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လျက်ရှိပြီး ဆက်လက်၍ ဖွံ့ဖြိုးတိုးတက်မည့် အလားအလာကောင်းများကိုလည်း တွေ့မြင်နေကြရပြီဖြစ်ပါသည်။ ထို့ကြောင့် လူငယ်များကို မှန်ကန်သည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိစေပြီး နိုင်ငံတော်ကို အကျိုးပြုမည့် နိုင်ငံ့သားကောင်းများအဖြစ်သို့ ရောက်ရှိစေရေး စနစ်တကျပြုစု ပျိုးထောင်ပေးရန် လိုအပ်မည်ဖြစ်ပါ၍ နိုင်ငံတော်အစိုးရသစ် လက်ထက်တွင် လူငယ်မူဝါဒအား ရေးဆွဲပြဋ္ဌာန်းနိုင်ခဲ့ပါသည်။

လူငယ်မူဝါဒသည် လူငယ်များကိုယ်တိုင်ပါဝင်၍ ရေးဆွဲထားသည့် မူဝါဒဖြစ်သဖြင့် လက်ရှိနိုင်ငံတော်တွင် ဆောင်ရွက်လျက်ရှိသည့် လူငယ်ရေးရာ ဖွံ့ဖြိုးရေးကဏ္ဍများ၊ လက်ရှိလူငယ်များ ရင်ဆိုင်ဖြေရှင်းနေရသည့် စိန်ခေါ်မှုများနှင့် အနာဂတ်နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်များ၏ အဓိကအခန်းကဏ္ဍများ ပါဝင်ပါသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ယခုလူငယ်ရေးရာ မူဝါဒရေးဆွဲပြဋ္ဌာန်းနိုင်ခြင်းသည် လူငယ်မျိုးဆက်များ စနစ်တကျ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်တစ်ခု ခိုင်ခိုင်မြဲမြဲ ချမှတ်နိုင်ခဲ့ခြင်းဖြစ်ပါသည်။ ဤမူဝါဒတွင် ယနေ့ နိုင်ငံတော်အတွက် အဓိကလိုအပ်လျက်ရှိသော ငြိမ်းချမ်းရေးကဏ္ဍကိုလည်း ထည့်သွင်းထားပြီး လူငယ်များကိုယ်တိုင် ပူးပေါင်းပါဝင်ဆောင်ရွက်ကာ နောင်လာမည့်မျိုးဆက်သစ်များအတွက် ငြိမ်းချမ်းရေးအမွေပေးခဲ့နိုင်ရန်လည်း ရည်ရွယ်ထားပါသည် ဟု လူငယ်ရေးရာမူဝါဒစာအုပ်၏ ဥယျောဇဉ်တွင် မိန့်မြွက်ဖော်ပြထားပါသည်။

လူငယ်ရေးရာမူဝါဒ ထုတ်ပြန်ပြီးသည့် ၂၀၁၈ ခုနှစ် ဇန်န ဝါရီလမှစတင်၍ မူဝါဒပါ အဓိက ကဏ္ဍ(၁၆) ရပ်အား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံလူငယ်ရေးရာ ကော်မတီအားဖွဲ့စည်းနိုင်ခဲ့ပြီး ပြည်ထောင်စုနယ်မြေ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် လူငယ်ရေးရာကော်မတီများလည်း ဆက်လက်ဖွဲ့စည်းနိုင်ခဲ့ပါသည်။ ယခုအခါ ခရိုင်၊ မြို့နယ်အဆင့် လူငယ်ရေးရာကော်မတီများ ဆက်လက်ဖွဲ့စည်းလျက် ရှိပါသည်။ ပြည်ထောင်စုနယ်မြေ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များမှလည်း လူငယ်များ၏ ဘက်စုံဖွံ့ဖြိုးရေးကဏ္ဍများ ဆောင်ရွက်နိုင်ရန် လူငယ်စင်တာများ ဆောက်လုပ်ရန် မြေနေရာများနှင့် အဆောက်အဦများ ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိပါသည်။

လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံချက် ၂၀၁၉-၂၀၂၃ ကို ရေးဆွဲနိုင်ရေးအတွက် ပြည်ထောင်စုနယ်မြေ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်များမှ လူငယ်များ၊ လူငယ်ရေးရာ ကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေးပွဲ (၅)ကြိမ်စီ၊ အမျိုးသားအဆင့် မဟာဗျူဟာရေးဆွဲရေး ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲများ(၅)ကြိမ် ဆောင်ရွက်နိုင်ခဲ့ပြီး မကြာမီအမျိုးသားအဆင့် မဟာဗျူဟာစီမံချက် ၂၀၁၉-၂၀၂၃ အား ထုတ်ပြန်နိုင်တော့မည် ဖြစ်ပါသည်။

အထောက်အကူပြုနိုင်

လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက် ၂၀၁၉-၂၀၂၃ ပေါ်ထွက်လာနိုင်ရေးအတွက် လူငယ်များကိုယ်တိုင် ကျွမ်းကျင်ပညာရှင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး စီမံချက်တွင် တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဦးစားပေးဆောင်ရွက်ရမည့် ကဏ္ဍများအား ထည့်သွင်းရေးဆွဲနိုင်ခဲ့သည့်အတွက် လုပ်ငန်းအစီအစဉ်များ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လူငယ်များအတွက် လက်တွေ့ရင်ဆိုင်နေရသည့် စိန်ခေါ်မှုအတားအဆီးများ လျော့ကျသွားစေနိုင်ပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက် အကူပြုနိုင်မည် ဖြစ်ပါသည်။

၂၀၁၉ခုနှစ် ဩဂုတ်လ ၁၂ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားအား နိုင်ငံတော်အစိုးရမှ ဦးဆောင်၍ မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါ အခမ်းအနားတွင် တစ်နိုင်ငံလုံးရှိ လူငယ်ရေးရာကော်မတီဝင်များ၊ အဖွဲ့အစည်းအသီးသီးမှ လူငယ်များ တက်ရောက်၍ လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်(မူကြမ်း)အား ချပြရှင်းလင်းခြင်းနှင့် လူငယ်များအချင်းချင်း ချစ်ကြည်ရင်းနှီးစွာ တွေ့ဆုံပြီး အနာဂတ်နိုင်ငံတော်ကြီး ငြိမ်းချမ်းသာယာစွာ ဖွံ့ဖြိုးတိုးတက်ရန် ကျရာအခန်းကဏ္ဍမှ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက် သွားကြပါစို့လို့ တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ။

အောင်ကျော်မိုး (လူမှု)