ရှေးခေတ်မြန်မာ့ပညာရေးမှာ ဘုန်းတော်ကြီးကျောင်းများတွင် အခြေစိုက်သည်။ ကျေးရွာတိုင်းတွင် ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းရှိစမြဲဖြစ်ပြီး ထိုကျောင်းများတွင် ကျေးရွာမှ ကလေးငယ်များ မြန်မာစာအခြေခ ံသင်ပုန်းကြီးကို စတင်သင်ယူကြရသည်။ ပုတ္တောဝါဒဆုံးမစာတွင် “ဤသို့ ပထမ၊ နမောကကို၊ စ၍ သင်ပြီး၊ သင်ပုန်းကြီးလုံး၊ သုံးဆယ့်သုံး၌၊ နှလုံးပိုက်၍၊ ခြိုက်ခြိုက် အားရ၊ တတ်ပြီးမှတည့်၊ မင်္ဂလသုတ်၊ ဆယ့်သုံးပုဒ်ကို၊ အားထုတ် လုံ့လ၊ မကြာရခင်၊ ဓိပ္ပါယ်ငင်၍၊ သိမြင်စိမ့်ကြောင်း...” ဟူ၍ ထိုခေတ်ဘုန်းတော်ကြီးကျောင်း ပညာရေး၏ သင်ရိုးညွှန်းတမ်း ကို ပြဆိုထားရာ မြန်မာအက္ခရာဗျည်း ၃၃ လုံး သင်ပုန်းကြီးကုန်အောင် တတ်မြောက်ပြီးပါက မင်္ဂလသုတ်ကို အဓိပ္ပာယ်နှင့်တကွ နားလည် သိမြင်အောင် သင်ကြားရသည်ကို ဆုံးမစာ၌ တွေ့မြင်နိုင်သည်။

 

မင်္ဂလာတရားတော်ကို ကလေးဘဝမှာပင် သင်ကြားပေးခဲ့ ခြင်းက ၎င်းတို့၏ အနာဂတ်ဘဝ တစ်လျှောက်လုံးတွင် လူမှုဆက်ဆံရေး၊ ဘဝအောင်မြင်ရေး၊ ကိုယ်ကျင့်တရား ကောင်းမွန်ရေးတို့အတွက် ဖြစ်ပြီး အကျိုးရလဒ်အားဖြင့် ကြီးပွားချမ်းသာကြောင်းနှင့် မကောင်းမှုဟူသမျှတို့ကို ပယ်ဖျောက်နိုင်ကြောင်း ဟူ၍ဖြစ်သည်။ ထို့ကြောင့်ပင် ရှေးခေတ်ပညာရေးစနစ်တွင် မင်္ဂလသုတ်ကို ကျောင်းသားကျောင်းသူတို့ ရိုသေလေးစားစွာ သင်ယူခဲ့ရခြင်းဖြစ်သည်။ စင်စစ်မင်္ဂလသုတ်သည် ရွတ်ဖတ် တတ်ရုံ၊ အဓိပ္ပာယ်သိရုံမျှမဟုတ်ဘဲ ကိုယ်တိုင်လိုက်နာကျင့်သုံး ခြင်းဖြင့် ကောင်းကျိုးချမ်းသာရရှိနိုင်သည့် တရားပင်ဖြစ်သည်။ “မင်္ဂလာလမ်းမ လျှောက်လှမ်းသွားတဲ့ ပုဂ္ဂိုလ်ဟာ လမ်းဆုံး ရောက်တာနဲ့ ဒီမှတ်တိုင် ရောက်ရှိမှာဖြစ်ပါတယ်” ရောက်သွား လို့ရှိရင် “သဗ္ဗတ္ထ မပရာဇိတာ” - ဘယ်တော့မှ ကိုယ်က ရှုံးတယ် ဆိုတာ မရှိဘူး။ “သဗ္ဗတ္ထ သောတ္ထိံဂစ္ဆန္တိ” - အရာရာ ခပ်သိမ်း ပြီးပြည့်စုံအောင်နိုင်ခြင်း ရရှိနိုင်တယ်လို့ မြတ်စွာဘုရားက မင်္ဂလ သုတ်မှာ ဒီလိုဟောထားတာ ဖြစ်တယ်ဟူ၍ မင်္ဂလသုတ် အနှစ်ချုပ် တရားတော်တွင် ပါမောက္ခချုပ်ဆရာတော်ကြီးက ဟောကြားထားသည်။

 

ကိုလိုနီခေတ်မှစ၍ မြန်မာနိုင်ငံ၏ ပညာရေးစနစ်များ ပြောင်းလဲလာပြီးသည့်နောက်တွင် ကျောင်းသူကျောင်းသား ကလေးငယ်များနှင့် မင်္ဂလာတရားတော်တို့ တစ်စတစ်စ ကင်းဝေးခဲ့သည်။ ဗုဒ္ဓဘာသာ အသင်းအဖွဲ့များက သင်ကြားမှုများ၊ စာမေးပွဲ ကျင်းပမှုများ ပြုလုပ်ပေးခြင်းအပါအဝင် နည်းလမ်းအမျိုးမျိုးဖြင့် ဆောင်ရွက်ပေးကြစေကာမူ မြန်မာလူငယ်အများစုတို့ မင်္ဂလာတရားတော်နှင့် မရင်းနှီးဘဲ ကင်းကွာခဲ့ကြပြီဖြစ်သည်။ နည်းပညာများ တိုးတက်ထွန်းကားလာသည့် မျက်မှောက်ခေတ်တွင်မူ ကလေးများမှစ၍ လူငယ်လူရွယ်များအထိ ဂိမ်းများနှင့် လူမှုကွန်ရက်များ၏ လွှမ်းမိုးမှုအောက်သို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။ တိုက်ခိုက်ခြင်း၊ သတ်ဖြတ်ခြင်း၊ ရက်စက်ကြမ်းကြုတ်ခြင်း၊ ဆဲရေးတိုင်းထွာခြင်းတို့နှင့် အသားကျ ယဉ်ပါးလာကြပြီး အတွေးအခေါ်များ လမ်းလွဲလာကြသည်။ မှောက်မှားလာကြသည်။

ယခုအခါ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ဇာတ်သဘင်ပညာရှင်များ ပူးပေါင်း၍ လူငယ်လူရွယ်များကို ရည်ရွယ်သည့် ပြည်သူ့နီတိနှင့် ၃၈ ဖြာမင်္ဂလာတို့ကို ရိုက်ကူးထုတ်လွှင့်ပြသရန် စီစဉ် ဆောင်ရွက်လျက်ရှိရာ မှတ်ဖွယ်မှတ်ရာ အသိအလိမ္မာတို့ကို လက်ခံရယူ လိုက်နာကျင့်သုံးကြခြင်းဖြင့် ဘဝတစ်သက်တာအတွက် ကောင်းကျိုးချမ်းသာများ ဖြစ်ထွန်းခြင်းနှင့် မကောင်းမှုတို့ ပယ်ဖျောက် ပျောက်ကွယ်ခြင်းရလဒ်များ ခံစားကြရမည်ဟူ၍ အကျိုးမျှော်ကာ နှိုးဆော်လိုက်ရပါကြောင်း။

 

မြန်မာ့အလင်း