၁၅  ဇွန်

နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ဇွန်လ ၁၂ ရက်နေ့က ကျင်းပခဲ့သော ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေး အမျိုးသားအဆင့် နှီးနှောဖလှယ်ပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပြီး ယနေ့မြန်မာနိုင်ငံရှိ ကျောင်းသား ကျောင်းသူ လူငယ်လူရွယ်များ အခြေအနေနှင့် ၎င်းတို့၏ဘဝ အနာဂတ်တောက်ပလာရေးတို့ကို လမ်းညွှန်မှာကြားခဲ့သည်။

အဆိုပါ နှီးနှောဖလှယ်ပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှာခဲ့သည့် မိန့်ကြားချက်များသည် ကျောင်းသား ကျောင်းသူ လူငယ်လူရွယ်များ ဘဝအနာဂတ် တောက်ပြောင်ရေးလုပ်ငန်းများ ချမှတ်ဆောင်ရွက်ရန်အတွက် အခြေခံ သဘောတရားများနှင့် လုပ်ငန်းလမ်းညွှန်များပင် ဖြစ်သည်။ လမ်းညွှန်ချက်များအောင်မြင်အောင် လက်တွေ့ကျကျ ဝိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် ပိုမိုကောင်းမွန်သော မြန်မာနိုင်ငံ၏ အနာဂတ်ကို တည်ဆောက်ရမည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ယခုနှစ်ခန့်မှန်းချက်အရ အသက် ၁၅ နှစ်အောက်၁၅ ဒသမ ဝ၆ သန်း၊ ၁၅ နှစ်မှ ၂၄ နှစ်ကြား ၉ ဒသမ ၄၁ သန်းရှိသည့်အတွက် ဆယ်ကျော်သက်လူငယ်အရေအတွက်မှာ နိုင်ငံ့လူဦးရေ၏ ၄၅ ရာခိုင်နှုန်းရှိသည်။ လူငယ်လူရွယ်များသည် ၂၀ဝ၇ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ၁၀ နှစ်အတွင်း ကိုယ်လက်လှုပ်ရှားမှု လျော့နည်းလာပြီး ဗီဒီယိုကြည့်ခြင်း၊ ဂိမ်းကစားခြင်း ပိုများလာသည်။ ထို ၁၀ နှစ်တာကာလတွင် ဆေးလိပ်သောက်ခြင်း၊ ကွမ်းယာ၊ ဆေးရွက်ကြီးသုံးစွဲခြင်းတို့သာမက အရက်သေစာ သောက်သုံးမှုများပါ မြင့်တက်လာသည်ကို တွေ့ရသည်

ယင်းတို့သည် လူငယ်လူရွယ်များ၏ အနာဂတ်အတွက်သာမက တိုင်းပြည်၏ အနာဂတ်အတွက်ပါ စိုးရိမ်ဖွယ်ဖြစ်သည်။ ထို့ကြောင့် ယခုကဲ့သို့ ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေး အမျိုးသားအဆင့် နှီးနှောဖလှယ်ပွဲပြုလုပ်ကာ တိုင်းပြည်နှင့် လူငယ်လူရွယ်များ အနာဂတ်အရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဖြေရှင်းပေးရမည်ဖြစ်သည်။

နှစ်ရက်ကြာကျင်းပခဲ့သည့် နှီးနှောဖလှယ်ပွဲတွင် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များ၌ မူးယစ်ဆေးဝါးအ္တရာယ် ကင်းစင်ပပျောက်ရေး၊ ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် ကွမ်းယာသုံးစွဲမှု ကင်းစင်ပပျောက်ရေး၊ အရက် အလွန်အကျွံ သောက်သုံးခြင်းနှင့် နောက်ဆက်တွဲအန္တရာယ်များ လျှော့ချရေး၊ ကျန်းမာရေးနှင့် ညီညွတ်သည့် လူနေမှုဘဝပုံစံများ၊ လိုက်နာကျင့်သုံးဆောင်ရွက်ရေး၊ ယာဉ်အန္တရာယ်နှင့် လမ်းအန္တရာယ်တို့ကြောင့် ထိခိုက်ဒဏ်ရာရရှိမှု လျော့နည်းပပျောက်ရေး၊ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာဗဟုသုတများကို ထည့်သွင်းသင်ကြားပေးနိုင်ရေးနှင့် ကျောင်းသား ကျောင်းသူများတွင် ဂိမ်းအလွန်အကျွံစွဲလမ်းမှုများ ပပျောက်ရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန် ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

ထိုအချက်များသည် ကျောင်းသား ကျောင်းသူ လူငယ်လူရွယ်များ ဘဝမြင့်မားတိုးတက်ရေးအတွက် လိုက်နာဆောင်ရွက်အပ်သည့် အရေးကြီးသောအချက်များဖြစ်၍ ကျောင်းတွင်း၊ ကျောင်းပြင် လှုပ်ရှားဆောင်ရွက်မှုများသာမက လူငယ်လူရွယ်များအတွက် မသင့်လျော်သော ဆောင်ရွက်မှုများကို စည်းကမ်းနည်းလမ်းများ၊ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်နှင့်ပါ ဝိုင်းဝန်းထိန်းကျောင်းတည့်မတ် ပြုပြင်ဆောင်ရွက်ပေးကြရမည်ဖြစ်သည်

သို့ဖြစ်ရာ နိုင်ငံလူဦးရေ၏ တစ်ဝက်နီးပါးခန့်ရှိသော ကျောင်းသား ကျောင်းသူ လူငယ်လူရွယ်အားလုံးအတွက် စေတနာ၊ ဝါသနာ၊ အနစ်နာ၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာစိတ်ဓာတ်များဖြင့် ကြံ့ကြံ့ခံပြီး ကြုံတွေ့နေရသော စိန်ခေါ်မှုများ၊ အားနည်းချက်များ လျော့ကျသွားစေ ရေးအတွက် သက်ဆိုင်သူများအားလုံး ပူးပေါင်းပါဝင် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် မေတ္တာရပ်ခံပါကြောင်း။ ။

 

ကြေးမုံ