လွန်းပိုးအိမ်
လောကတွင် အကောင်းနှင့်အဆိုး၊ အလင်းနှင့်အမှောင် ဒွန်တွဲနေတတ်သော သဘောရှိသည့် အားလျော်စွာ လူငယ်များကို တိုးတက်ဖွံ့ဖြိုးစေမည့် နည်းပညာများ ထွန်းကားလာသလို အမှောင်ထု ချောက်ကမ်းပါးထဲဆွဲချမည့် မူးယစ်ဆေးဝါးများသည်လည်း နည်းပညာများနှင့်အတူ ပိုမိုများပြားဆန်းကြယ်စွာ လူငယ်ထုလက်ထဲသို့ ရောက်ရှိနေသည်ကို တွေ့ရမည်ဖြစ်ပါသည်။ ထိုသို့သော ဆွဲဆောင်မှုအမျိုးမျိုးဖြင့် လူငယ်ထုကို လမ်းမှားရောက်စေမည့် မူးယစ်ဆေးဝါးအန္တရာယ်ကို သတိရှိစွာဖြင့်ကာကွယ်တိုက်ဖျက်ရန်မှာ လူသားအားလုံး၏ အဓိက တာဝန်ပင် ဖြစ်ပါသည်
လူငယ်များအနေဖြင့် မိမိတို့အပေါ်နည်းမျိုးစုံဖြင့် လွှမ်းမိုးဖျက်ဆီးလျက်ရှိသည့် မူးယစ်ဆေးဝါးများ၏ အကြောင်းကို သိရှိနားလည်နိုင်စေရန်၊ မူးယစ်ဆေးဝါး အန္တရာယ်ကို မည်သို့ကာကွယ် တိုက်ဖျက်ရမည်ကို သိရှိစေရုံသာမက သတိပြုနားလည်နိုင်ရန်နှင့် မူးယစ်ဆေးဝါး၏ သားကောင်ဖြစ်နေသည့် လူငယ်များကို မည်ကဲ့သို့လမ်းမှန်ပေါ် ပြန်လည်ခေါ်ဆောင်၍ရမည်ကို သဘောပေါက်စေရန် လိုအပ်ပါသည်
ယနေ့ ကမ္ဘာ့လူဦးရေစုစုပေါင်း၏ ၁၈ ရာခိုင်နှုန်းမှာ လူငယ်များဖြစ်ပြီး လူငယ်လူရွယ်ဦးရေမှာ တစ်ဘီလီယံခန့် ရှိပါသည်။ လူငယ်ဦးရေ၏ ၈၅ ရာခိုင်နှုန်းမှာ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နေထိုင်လျက်ရှိပါသည်။ လူငယ်များသည် နိုင်ငံ၏ အလွန်အဖိုးထိုက်တန်သော ရတနာ များဖြစ်ပြီး နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်ကောင်းမွန်မှု၊ ဆိုးရွားမှုတို့သည် လူသားအရင်းအမြစ်များ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် စွမ်းရည်ပေါ်တွင် မူတည်လျက်ရှိပါသည်။
လူငယ်ထုကို အသက်အန္တရာယ် ဆုံးရှုံးစေသည်အထိ အဓိကခြိမ်းခြောက်လျက်ရှိသည်မှာ မူးယစ်ဆေးဝါးပင်ဖြစ်သည်။ လူငယ်များ၏ ကျန်းမာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်ခြိမ်းခြောက်လျက်ရှိသော အရက်၊ ဆေးလိပ်၊ ဆေးရွက်ကြီး၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ တတ်သောဆေးဝါးများအန္တရာယ်ကို ကြိုတင်ကာကွယ်ရန်နှင့် ထိရောက်စွာတိုက်ဖျက်နှိမ်နင်းနိုင်ရန် အလွန်လိုအပ်ပါသည်။ တရားမဝင်မူးယစ်ဆေး၊ စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ၊ အရက်၊ ဘီယာနှင့် ဆေးလိပ်တို့ကို စွဲလမ်းခြင်း အန္တရာယ်မှ ကင်းဝေးစေရန်နှင့် မူးယစ်ဆေးဝါး အန္တရာယ်ဆိုးကျိုးများကို ပိုမိုသိရှိနားလည်လာစေရန် အသိပညာပေး ဆောင်ရွက်ခြင်းအားဖြင့် မူးယစ်ဆေးဝါး နှင့် နောက်ဆက်တွဲဆိုးရွားလှသည့် အန္တရာယ်များကိုလူငယ်များ ကိုယ်တိုင်ကိုယ်ကျ နားလည်သဘောပေါက်မှသာ ရှောင်ရှားနိုင်ကြမည် ဖြစ်ပါသည်
မူးယစ်ဆေးဝါးသည် ကမ္ဘာပေါ်တွင် ရှေးအကျဆုံးသော ဆေးဝါးတစ်မျိုးဖြစ်သည်။ ယခင်က မူးယစ်ဆေးဝါးကို အပင်များမှရရှိပြီး ဘယဆေးတစ်မျိုးအဖြစ် အသုံးပြု ခဲ့ကြသည်။ ဘိန်းပင်၊ ကုက္ကားပင်၊ ဆေးခြောက်ပင်တို့ကို မူးယစ်ဆေးဝါးဟုခေါ်ပါသည်။ ဘိန်းပင်နှင့် ဆေးခြောက်ပင်တို့သည် ထင်ရှားသည့် မူးယစ်အနွယ်ဝင်အပင်များ ဖြစ်ကြသည်။ ခေတ်အဆက်ဆက် ပြောင်းလဲလာသော အခြေအနေများအရ မူးယစ်ဆေးနှင့် မူးယစ်စေတတ်သော အရာများ၊ အပင်ထွက်ပစ္စည်းများကို သုံးစွဲရုံသာမကဘဲ လူတို့ကိုယ်တိုင် တီထွင်အသုံးပြုလာခဲ့ကြသည်။ ဆေးအဖြစ်သာမက စွဲလမ်းစေသည့် ဖျော်ဖြေရေးပစ္စည်း၊ ထိုမျှမက လူတို့ကို လွှမ်းမိုးချုပ်ကိုင်လာသော သေမင်းတမန်အဖြစ် အဆင့်ဆင့် ပြောင်းလဲသုံးစွဲလာခဲ့ရာမှ ယခုအခါတွင် မူးယစ်ဆေးဝါးသည် လူငယ်ထုအကြားတွင် စွဲလမ်းစေတတ်သော ကြောက်မက်ဖွယ်ရာ တစ်ခုအဖြစ် တည်ရှိနေပြီဖြစ်ပါသည်
လူသည် စူးစမ်းတတ်သော သတ္တဝါတစ်မျိုးဖြစ်ပြီး ထိုစူးစမ်းစိတ်ကြောင့်ပင် ယနေ့ကမ္ဘာကို ပုံဖော်ပြောင်းလဲနိုင်ခဲ့ခြင်းဖြစ်သည်။ စူးစမ်းစိတ်သည် လူကို ကောင်းကျိုး ပြုသလို ဆိုးကျိုးလည်းပြုနိုင်ပေသည်။ အထူးသဖြင့်အန္တရာယ်ရှိသော မူးယစ်ဆေးဝါးသည် စူးစမ်းမိသည့်လူကို ချုပ်နှောင်ဖမ်းစားရင်း မပြန်လမ်းသို့ ဆွဲခေါ်သွားနိုင်သော အရာဖြစ်သည်။ လူငယ်လူရွယ်များအနေဖြင့် မူးယစ်ဆေးဝါးကို သူငယ်ချင်း အပေါင်းအသင်း၏ ဆွဲဆောင်မှုကို မလွန်ဆန်နိုင်ခြင်း၊ မိသားစုအိမ်တွင်းရေး မပြေလည်ခြင်း၊ လူမှုရေးပြဿနာ ရှိနေခြင်းနှင့် မူးယစ်ဆေး အန္တရာယ်အကြောင်း ဗဟုသုတ နည်းပါးခြင်းစသည်တို့ကြောင့် သုံးစွဲမိခြင်းဖြစ်သည်ဟု ဆိုသော်လည်း မိမိ၏စိတ်ကြောင့်သာ ပျက်စီးခြင်းကို ရောက်ကြခြင်းဖြစ်ပါသည်။ မိမိကိုယ်တိုင်ဖျက်မှ ပျက်ခြင်းဖြစ်၍ ဘယ်သူမပြုမိမိမှုဖြစ်ပါသည်။
မူးယစ်ဆေးသည် သုံးစွဲမိသူကို စွဲလမ်းစေတတ်သည်။ သုံးနေစဉ်ကာလအတွင်း စိတ်ဓာတ်တက်ကြွခြင်း၊ အလွန်အမင်း လန်းဆန်းခြင်း၊ စိတ်ကူးကွန့်မြူးလွယ်ခြင်းနှင့် လွတ်လပ်ပေါ့ပါးခြင်း စသည့်ခံစားမှုများ ဖြစ်ပေါ်စေသဖြင့်သုံးစွဲသူများ စွဲလမ်းနှစ်ခြိုက်နေခြင်း ဖြစ်သည်။ မူးယစ်ဆေးဝါးသည် ဦးနှောက်ကို မူးယစ်ထုံထိုင်းစေပြီး စိတ်ပိုင်း ဆိုင်ရာ နှင့် ရုပ်ပိုင်းဆိုင်ရာ နှစ်မျိုးစလုံးကို စွဲလမ်းမှုဖြစ်စေ သည်။ မသုံးရလျှင် မနေနိုင်ဖြစ်စေသည်။
ယနေ့ ကမ္ဘာပေါ်တွင် မူးယစ်ဆေးဝါးအန္တရာယ်ကို ကမ္ဘာ့နိုင်ငံတိုင်း လိုလို ရင်ဆိုင်နေရသည်။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက “Problem of Drug and Drug Problem of People” ဟူ၍ ဆောင်ပုဒ်ထားရှိပြီး မူးယစ်ဆေးဝါးသည် လူသားတစ်မျိုးနွယ်လုံး ရင်ဆိုင်နေရသည့် ပြဿနာဖြစ်သည်ဟု ဖွင့်ဆိုခဲ့သည်။ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံများ၊ ဖွံ့ဖြိုးဆဲ နိုင်ငံများပါမကျန် မူးယစ်ဆေးသည် ဘုံရန်သူအဖြစ် တိုက်ထုတ်နေသည့် အရာလည်းဖြစ်သည်။ မူးယစ်ဆေးဝါးကို တချို့သောနိုင်ငံများက ပြတ်ပြတ်သားသား အကြမ်းနည်းဖြင့် တိုက်ထုတ်နေသလို အချို့နိုင်ငံများကလည်း ကာကွယ်တုံ့ပြန်နည်းဖြင့် ရင်ဆိုင်နေကြရသည်။ ဥပမာ ဖိလစ်ပိုင်နိုင်ငံတွင် မူးယစ်ဆေးဝါး သုံးစွဲသူများကိုသေဒဏ်အထိ အပြစ်ပေးလျက်ရှိသည်။ မြန်မာနိုင်ငံတွင်လည်း လွတ်လပ်ရေးရပြီး နောက်ပိုင်းတွင် မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ပြဋ္ဌာန်းခဲ့သည့် ဥပဒေနှစ်ခု ရှိသည်။ ၁၉၇၄ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် မူးယစ်ထုံထိုင်း လေးပင်စေနိုင်သော ဆေးဝါးများဆိုင်ရာ ဥပဒေနှင့် ၁၉၉၃ ခုနှစ်တွင်ပြဋ္ဌာန်းခဲ့သော မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဥပဒေတို့ ဖြစ်သည်။ ယခင်က မူးယစ်ဆေးဝါးဟု သတ်မှတ်ထားသည့် ဆေးအမျိုးအစားပေါင်း ၁၁၁ မျိုး ရှိပြီး ယခုအခါတွင် မူးယစ်ဆေးဝါးသာမက စိတ်ကိုပြောင်း လဲစေသောဆေးဝါးများ၊ ဓာတုပစ္စည်းနှင့် ပြုပြင်ထုတ်လုပ်ထားသည့်ဆေးဝါးများပါသည့်အတွက် ဥပဒေကို ပြောင်းလဲပြဋ္ဌာန်းရခြင်း ဖြစ်သည်။
မူးယစ်ဆေးကို အပိုင်းသုံးပိုင်းခွဲ
မူးယစ်ဆေးကို အပိုင်းသုံးပိုင်းခွဲမည်ဆိုပါက ဘိန်း၊ ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားတို့ ဖြစ်သည်။ ယနေ့ကာလတွင် စိတ်ကြွဆေးပြားသည် လူငယ်ထုကြားထဲသို့ ပိုမိုပျံ့နှံ့ ဝင်ရောက်လျက်ရှိပြီး အထူးသဖြင့် ကျောင်းသားလူငယ်များ ကြားထဲသို့ပါ စိမ့်ဝင်လျက်ရှိသည်ကို တွေ့ရသည်။ ကမ္ဘာပေါ်တွင်လည်း မူးယစ်ဆေးဝါးသုံးစွဲသည့် အသက်အရွယ်သည် ကိုးနှစ်အရွယ်မှ စတင်ကြောင်း ကောက်ယူရရှိသည့် စစ်တမ်းများအရ သိရှိရသည်။ မြန်မာနိုင်ငံတွင်လည်း မူးယစ်ဆေး လာရောက်ဖြတ်သူများကို စာရင်းကောက်ယူသည့်အခါ အသက် ၂၀ မှ ၃၉ နှစ်ကြားတွင် ရှိကြောင်း သိရှိရသဖြင့် မည်သည့်အရွယ်တွင် ဆေးစတင်သုံးစွဲသည် ဆိုသည်ကို ခန့်မှန်းသိရှိနိုင်မည်ဖြစ်သည်
ဘိန်း၊ ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားကို လက်လှမ်းမမီသည့် လူငယ်များကမူ ကော်ရှူခြင်း၊ ဓာတ်ဆီရှူခြင်း စသည့်နည်းလမ်းများမှတစ်ဆင့်လည်း မူးယစ်ဆေးကို ရှာဖွေခံစားတတ်ကြသည်။ ထို့ကြောင့် မူးယစ်ဆေးသည် လက်လှမ်းမီ သုံးစွဲနိုင်သည့် ငွေကြေးပြည့်စုံသည့် လူငယ်များကြားတွင်သာမက ငွေကြေးမပြည့်စုံသည့် လူငယ်များ အကြားသို့ပါ ထိုးဖောက်ရောက်ရှိလာနေပြီ ဖြစ်သည်။
ခေတ်၏ပြောင်းလဲလာမှုကြောင့် မူးယစ်ဆေးဝါးများသည်လည်း နည်းလမ်းမျိုးစုံဖြင့် ပြောင်းလဲလာကြသည်။ ဘိန်းခင်းများကို ဖျက်ဆီးခြင်း၊ ဘိန်းအစားထိုးသီးနှံများ စိုက်ပျိုးခြင်းတို့ဖြင့် ဘိန်းကို အမြစ်ပြတ်အောင် လုပ်ဆောင်နေချိန်တွင် စိုက်ခင်းမလို လူအင်အားမလိုဘဲ ဓာတ်ခွဲခန်း တစ်ခုရှိရုံမျှဖြင့် ပစ္စည်းအရေအတွက် သိန်းပေါင်း၊ သန်းပေါင်းများစွာ ထုတ်လုပ်နိုင်သော စိတ်ကြွရူးသွပ်ဆေးများမှာ ဝိသမလောဘသားတို့၏ သည်းခြေကြိုက်ဖြစ်လာခဲ့သည်။ ဝိသမလောဘသားများအနေဖြင့် မူးယစ်ဆေးဝါး ဈေးကွက်အတွက် လူငယ်များကို အဓိကပစ်မှတ်ထားလာကြသည်ကို တွေ့မြင်နေရပါသည်။ ကျောင်းများတွင် သော်လည်းကောင်း၊ ရပ်ကွက်အတွင်းတွင်သော်လည်းကောင်း၊ စိတ်ကြွရူးသွပ်ဆေးပြားများကို အလွယ်တကူဝယ်ယူရရှိနိုင်ပြီး ကျောင်းသား ကျောင်းသူချင်း၊ လူငယ်လူရွယ်ချင်းမှတစ်ဆင့် ရောင်းဝယ်ဖောက်ကားမှုများ ပြုလုပ်လျက်ရှိသည်ကို တွေ့ရှိရသည်။ စိတ်ကြွရူးသွပ်ဆေးများသည်လည်း ဈေးကွက်အတွင်းတွင် နာမည်အမျိုးမျိုးနှင့် ထွက်ရှိလျက်ရှိသည်။ ယခင်က စိတ်ကြွဆေး များကို နိုင်ငံခြားတိုင်းပြည်များတွင် နေ့မအား၊ ညမနား အလုပ်လုပ်ကြရသည့် လုပ်သားများ သောက်သုံးရန်ထုတ်လုပ်ခြင်းဖြစ်ပြီး ထိုမှတစ်ဆင့် လူငယ်ထုကြား အဆင့်ဆင့် ထိုးဖောက်လာခြင်းဖြစ်သည်။
ဆေးအာနိသင်မှာ ညမအိပ်ဘဲ အလုပ်လုပ်နိုင်ခြင်း၊ အစာမစားဘဲ အလုပ်လုပ်နိုင်ခြင်း၊ ခွန်အားပြည့်ဝသကဲ့သို့ ခံစားရခြင်း၊ ဉာဏ်ရွှင်ခြင်း စသည်တို့ဖြစ်သည်။ သို့သော်သုံးစွဲသည့် ကာလကြာလာလျှင်မူ ဆေးအာနိသင်မရပါက အားအင်မရှိသကဲ့သို့ ပင်ပန်းနွမ်းနယ်ခြင်း၊ မှတ်ဉာဏ်ချို့ယွင်းခြင်း၊ သွားများကျွတ်ခြင်း၊ ယိုင်နဲ့ခြင်း၊ ကိုယ်တွင်း ကလီစာများ ပျက်စီးခြင်း စသည့် ဘေးထွက်ဆိုးကျိုး များနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် သုံးစွဲသူကိုယ်တိုင်တွင် စိတ်ကျန်းမာရေးထိခိုက်ခြင်း၊ ပုံမှန်အသိစိတ်မရှိခြင်း၊ သံသယဝင်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ သွေးတိုး၊ နှလုံးသွေး ကြောကျဉ်းရောဂါများ၊ အိပ်ရေးပျက်ပြီး အသဉာဏ်ချို့ယွင်းလာခြင်းများ ဖြစ်တတ်ပါသည်။ နောက်ထပ်ဦးနှောက်ကြောင်လာခြင်း၊ ဉာဏ်ရည်ကျဆင်းပြီး ခုခံအားကျဆင်းလာတဲ့ HIV/AIDS စသော ရောဂါ ဝေဒနာများပါ ခံစားလာရတတ်ပါသည်။
မူးယစ်ဆေးဝါးကို အလွန်အကျွံသုံးစွဲမှုကြောင့် စိတ်အာရုံ ချောက်ချားမှုများဖြစ်လာပြီး စာရိတ္တပျက်စီးခြင်း၊ ဥစ္စာပျက်စီးခြင်းတို့ကြောင့် လူ့အသိုက်အဝန်းကိုလည်း ထိခိုက်စေပါသည်။ တစ်မျိုးသားလုံး လူညွန့်တုံးစေမည့် မူးယစ်ဆေးဝါးကို တားဆီးကာကွယ်ရန်မှာ အမျိုးသားထုတစ်ရပ်လုံး၏ တာဝန်ဖြစ်သည်။ မူးယစ်ဆေးဝါးကို ထုတ်လုပ်၊ ဖြန့်ချိ၊ ရောင်းချ၊ တင်ပို့၊ တင်သွင်းကိုယ်တိုင်မလုပ်သော်လည်း အားပေးကူညီ ထောက်ပံ့လျှင် ထောင်ဒဏ်၊ သေဒဏ်အထိ ကျခံနိုင်ရဖွယ်ရှိပါသည်။ ထို့ကြောင့် မိမိနှင့်အတူ ဆိုင်ကယ်စီးလာသည့် သူငယ်ချင်းသည် မူးယစ်ဆေးဝါးသုံးစွဲခဲ့လျှင် စစ်ဆေးသည့်အခါတွင် ကိုယ်တိုင်မသုံးစွဲသော်လည်း မူးယစ်ဆေး သုံးစွဲနေသည်ဟု မသင်္ကာလျှင် မိမိပါ အဖမ်းခံရမည်ဖြစ်သောကြောင့် အပေါင်းအသင်းကိုလည်း ရှောင်ကြဉ်ရန်လိုအပ်ပါသည်။
မူးယစ်ဆေးဝါးသုံးစွဲပါက ယခင်က ထောင်ဒဏ် ချမှတ်ခဲ့သော်လည်း ယခုအခါတွင် ထောင်ဒဏ်အစား လူမှုရေးပြစ်ဒဏ်သို့ ပြောင်းလဲချမှတ်ရန် ပညာရှင်များက အဆိုပြုကြသည်။ ထို့အပြင် မူးယစ်ဆေး သုံးစွဲသူများကိုလည်း ပစ်ပယ်ထားခြင်းမပြုဘဲ မူးယစ်ဆေးစွဲခြင်းကို စိတ်ပိုင်းဆိုင်ရာရောဂါတစ်ခုအဖြစ် သတ်မှတ်ကာ လူ့အသိုက်အဝန်း၏ဖေးမမှုဖြင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်ကြရမည်ဖြစ်သည်။ မိမိတို့၏ ရင်သွေးငယ်များကိုလည်း မူးယစ်ဆေးဝါး၏ မကောင်းကျိုးများကို ပြောဆိုဆုံးမရုံသာမက ယနေ့ခေတ်လူငယ်များ ရင်ဆိုင်နေရသည့်အခက်အခဲများ၊ စိတ်ပိုင်းဆိုင်ရာ မွန်းကျပ်မှုများနှင့် ခံစားမှုများကို လူကြီးမိဘများက နားလည်မှုရှိရှိ မျှဝေသိရှိနိုင်မှသာ မူးယစ်ဆေး ကဲ့သို့သော မကောင်းသည့်ထွက်ပေါက်များ၊ ရှာဖွေမှုများ လျော့နည်းသွားမည်ဖြစ်သည်။ မူးယစ်ဆေးသုံးစွဲသူများ အနေဖြင့် မိမိတို့ကိုယ်တိုင်မူးယစ်နွံထဲမှ ရုန်းထွက်လိုသော်လည်း မူးယစ်ဆေးဖြတ်ပြီးနောက်ပိုင်း ရုပ်ပိုင်းဆိုင်ရာ ကုသမှုများကိုသာ ဆောင်ရွက်ပြီး စိတ်ပိုင်းဆိုင်ရာ ကုသမှုမပြုလုပ်သည့်အတွက် ယခင် အသိုက်အဝန်းနှင့် ပြန်လည်တွေ့ဆုံပါက ပြန်လည်သုံးစွဲမိသည့် အဆင့်သို့ ရောက်ရှိသွားသည်ကို မကြာခဏတွေ့ရသည်။ ထို့ကြောင့် မူးယစ်ဆေးဖြတ်ထားသည့်၊ မူးယစ်ဆေးဖြတ်လိုသည့် သူများကိုလည်း မိသားစုက ပစ်ပယ်မထားဘဲ ဂရုတစိုက်ဖေးမလျှင် မူးယစ်ကင်းစင်ပြီး လှပသောလူမှုဘဝများကိုပိုင်ဆိုင်နိုင်မည်မှာ အသေအချာပင်ဖြစ်သည်။
၁၉၈၇ ခုနှစ် ဒီဇင်ဘာလတွင်ကျင်းပသော ကမ္ဘာ့ကုလသမဂ္ဂညီလာခံမှ နှစ်စဉ် ဇွန်လ ၂၆ ရက်နေ့ကို “အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့” ဟု သတ်မှတ်ရန် ဆုံးဖြတ်ခဲ့ကြပြီး ကမ္ဘာ့နိုင်ငံ အသီးသီးတွင် နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိပါသည်။
မူးယစ်ဆေးဝါး ကင်းစင်ရေးသည် တစ်နိုင်ငံလုံး၏ အရေးဖြစ်၍ နိုင်ငံသားတိုင်း ပူးပေါင်းဆောင်ရွက်သင့်ပါသည်။ သို့မှသာ မြန်မာလူငယ်တို့၏ဘဝ သစ်လွင်၍ နိုင်ငံကို အလှဆင်နိုင်မည်ဖြစ်ပါသည်။ လူ့ဘောင်တစ်ခုလုံးကို ပျက်ပြုန်းစေနိုင်သော မူးယစ်ဆေးဝါးအန္တရာယ်ကို နိုင်ငံသားတိုင်း၊ ကမ္ဘာသူ ကမ္ဘာသားတိုင်းက စုပေါင်း လက်တွဲတွန်းလှန် တိုက်ဖျက်သင့်ပါသည်။ သို့ဖြစ်၍ ၂၀၁၉ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် “ကျန်းမာရေးနှင့်တရားရေး မူးယစ်ကင်းဖို့ လက်တွဲစို့” ဟူသော ဆောင်ပုဒ်နှင့်အညီ ကမ္ဘာသူ ကမ္ဘာသားအားလုံး ပူးပေါင်းလက်တွဲ တိုက်ဖျက်သွားကြပါစို့ဟု တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။ ။
ကြေးမုံ