ကြို့ပင်ကောက်   မတ်   ၁၈

 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့ရှိ ဒေသခံလူငယ်များ အားကစားနှင့်အတူ အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ရေးအတွက် မတ်လပထမပတ်မှစ၍ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်မီတာလေးရာပြည်သူ့အားကစားကွင်းတွင် စုပေါင်းလေ့ကျင့်မှုများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ တိုင်းဒေသကြီး၊ ခရိုင် မြို့နယ်လက်ရွေးစင် အားကစားသမားများ ပေါ်ထွက်လာစေရေး၊ အားကစားနှင့် ကျန်းမာရေး၊ ပညာရေး စိတ်ဓာတ်ရေးရာများ တွင် ထူးချွန်သော လူငယ်များ ပေါ်ထွက်လာစေရေး၊ အခြားမလိုလားအပ်သော လမ်းကြောင်းများ ဦးတည်ချက်များဖြင့် မှားယွင်းမှုများ မဖြစ်ပေါ်စေရေးတို့အတွက် ရည်ရွယ်ပြီး စုပေါင်းလေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း၊ ကျောင်းဖွင့်ရာသီတွင် မြို့နယ်အတွင်းမှအသက် ၁၃ နှစ်နှင့် အသက် ၂၀ ကြား လူငယ် ၃၀ ကျော် လာရောက် လေ့ကျင့်လျက်ရှိကြောင်း၊ စာမေးပွဲများဖြေဆိုနေရချိန်တွင် ခေတ္တအနားပေးထားပြီး နွေရာသီကျောင်းပိတ် ရက်တွင် ဆက်လက်လေ့ကျင့် သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ ယခင်နှစ်က နွေရာသီကျောင်းပိတ်ရက် တွင် လူငယ် ၆၀ ကျော် လာရောက်လေ့ကျင့်ခဲ့ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်နိုင်ကပြောသည်။

 

ကြို့ပင်ကောက်မြို့ ဒေသခံလူငယ်များထဲမှ ယနေ့အချိန်အထိ အားကစားနှင့်အတူ စိတ်ဓာတ် ရေးရာထူးချွန်သော တိုင်းလက်ရွေးစင်ဗန်တို အားကစားသမားလူငယ် (၃)ဦးနှင့် အနောက်တိုင်းလက်ဝှေ့ အမျိုးသမီး(၁)ဦးတို့အား မွေးထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

 

ဇေယျာထွန်း(ကြို့ပင်ကောက်)