ညွန့်ဝင်း (နတ်တလင်း)
ကျွန်တော်တို့ငယ်ငယ် မူလတန်းကျောင်းသား ဘဝက ကုဋေရှစ်ဆယ်သူဌေးသားအကြောင်းကို ကဗျာလေးနှင့် သင်ကြားခဲ့ရသည်။ မိဘက ချမ်းသာ ကြွယ်ဝသော သူဌေးကြီးဖြစ်၍ ပစ္စည်းဥစ္စာများသည် သူ့သားတစ်သက် စား၍မကုန်နိုင်၊ မဆင်းရဲနိုင်ဟု ယူဆခဲ့သည်။ ထို့ကြောင့် သားကိုပညာမသင်စေတော့ဘဲ အိမ်မှာသာ သူတို့နှင့်နေစေခဲ့သည်။ သူဌေးသားသည် မိဘများကွယ်လွန်သွားသောအခါ ပညာမတတ်ခဲ့သဖြင့် အတွေးမှားများသာ တွေးတောနေထိုင်ခဲ့၍ သူတစ်ပါးလိမ်လည်လှည့်ဖြား မှုကိုခံရပြီး ဆင်းရဲသွားခဲ့သည်။ လူငယ်တို့သည် အညွန့်တလူလူတက်နေသော အနာဂတ်ရတနာ အပင်လေးများဖြစ်ရာ အသိပညာ၊ အတတ်ပညာ ဝမ်းစာများပြည့်ဝနေအောင် လေ့လာဆည်းပူးထားရမည်ဖြစ်သည်။ အသိပညာ၊ အတတ်ပညာပြည့်ဝမှသာ မှန်ကန်စွာတွေးခေါ်နိုင်ပြီး မှန်ကန်သော အလုပ်ကို မှန်မှန်ကန်ကန် ကြိုးစားလုပ်ကိုင်နိုင်၍ တိုးတက်အောင်မြင်မှုအသီးအပွင့်များလည်း ရရှိ မည်ဖြစ်သည်။
ပညာရပ်များသည် အမြဲပြောင်းလဲ တိုးတက်နေရာ ထာဝရကျောင်းသားကြီး
ကျွန်တော်တို့သည် မိမိဘဝကို ဆက်လက်ရပ်တည်၍ တိုးတက်မှုရရှိအောင် မိမိကိုယ်တိုင် သင်ယူဆည်းပူးကာ ကြိုးစားလုပ်ကိုင် ခရီးဆက်ကြရပေသည်။ ဤတွင်မိမိဘဝကို မည်မျှတိုးတက်အောင် ကြိုးစားလုပ်ကိုင်နိုင်သည် ဟူသောအချက်သည် မိမိမည်မျှစဉ်းစားတွေးခေါ်မှုမှန်ကန်စွာနှင့် မည်မျှကြိုးစားနိုင်သည် ဟူသောအချက်တို့ အပေါ်တွင် မူတည်နေပေသည်။ မှန်ကန်စွာစဉ်းစားတွေးခေါ်လုပ်ကိုင်နိုင်ရန်မှန်ကန်သောအသိပညာ၊ အတတ်ပညာ ဝမ်းစာပြည့်ဝနေရမည်ဖြစ်သည်။ မှန်ကန်သောအသိပညာ၊ အတတ်ပညာဝမ်းစာကို ဆရာသမားကောင်းများထံမှ ရရှိနိုင်သည်။ ဆရာ သမားကောင်းဟုဆိုရာ၌ သက်ရှိလူပုဂ္ဂိုလ် ဆရာ သမားများနှင့် သက်မဲ့စာအုပ်စာပေများ၊ အတွေ့ အကြုံကောင်းများ ပါဝင်ပါသည်။ ထိုဆရာသမား ကောင်းတို့ထံမှ အသိပညာ၊ အတတ်ပညာများကို ရနိုင်သမျှရရှိအောင် ကြိုးစားရယူကြရပေမည်။ အသိပညာ၊ အတတ်ပညာများ ရယူစုဆောင်းရာ၌ လည်း ပညာလို အိုသည်မရှိ ဆိုသကဲ့သို့ ရယူလိုမှု စိတ်ဆန္ဒကသာ အရေးကြီးပါသည်။ ယနေ့ မျက်မှောက်ခေတ်တွင် ပညာရပ်များသည် အမြဲပြောင်းလဲတိုးတက်နေရာ ထာဝရကျောင်းသားကြီး သဖွယ် ဆည်းပူးလေ့လာသင်ယူကြရပေမည်။
သက်ရှိဆရာသမားတို့က လူငယ်တို့ကို သင်ကြားပို့ချခဲ့ကြပြီး ပညာရယူနည်း၊ တွေးခေါ်နည်းများကို လမ်းညွှန်ခဲ့ကြပေသည်။ ယင်းလမ်းညွှန်ချက်များနှင့်အညီ လူငယ်တို့သည် မိမိကိုယ်ကိုအားကိုး၍ ဆက်လက်သင်ယူကာ ရရှိလာသည့် မှန်ကန်သော အသိပညာ၊ အတတ်ပညာများနှင့် အတွေးမှန်၊ အလုပ် မှန်အောင် အားထုတ်ကြရပေမည်။ မှန်ကန်သော အသိပညာ၊ အတတ်ပညာများသည် ဆရာသမား ကောင်းတို့ထံမှသာ ရနိုင်သည်။ ဆရာအတင်မှား၍ ဒုက္ခရောက်ခဲ့ရသော သာဓကများ၊ နိပါတ်တော်များ၊ ရာဇဝင်များရှိသကဲ့သို့ ဆရာတင်မှန်ကန်မှုကြောင့် သုခရရှိခဲ့သောသာဓကများလည်း အထင်အရှားရှိခဲ့ပေသည်။ အဇာတသတ်နှင့် အင်္ဂုလိမာလတို့သည် ဆရာအတင်မှား၊ ဆည်းကပ်မှုမှားသဖြင့် အမှားလုပ်ရပ်များကို လုပ်ကိုင်ကျူးလွန်မိကာ သူတို့ ကိုယ်တိုင်လည်း ဆင်းရဲဒုက္ခရောက်ခဲ့ရသည်။ သံဝရ မင်းသားနှင့် မြန်မာ့သမိုင်းမှ မင်းတုန်းမင်းကြီးတို့သည် ဆရာကောင်းဆရာမြတ်တို့ထံ ဆည်းပူးသင်ယူခဲ့ရသဖြင့် တိုးတက်အောင်မြင်မှု ရခဲ့သည်မှာ အထင်အရှားဖြစ်ပါသည်။
ဆရာကောင်းဆရာမြတ်တို့၏ သင်ကြားလမ်းညွှန်မှုများ
ယနေ့မျက်မှောက်ခေတ်တွင် လူငယ်တို့သည် ဆရာမျိုးစုံနှင့် တွေ့ကြုံရင်ဆိုင်နေရပေသည်။ လူပုဂ္ဂိုလ် ဆရာများတွင် ကောင်းရာအသိပညာ၊ အတတ်ပညာများကို သင်ကြားလမ်းညွှန်သော ဆရာများရှိသကဲ့သို့ လမ်းမှားကို ညွှန်ပြသောဆရာ အချို့လည်း ရှိနေပေသည်။ “လမ်းကောင်း မတ်စောက်၊ လမ်းဆိုး ညီညာ” ဟူသောစကားကဲ့သို့ ဆရာကောင်းဆရာမြတ်တို့၏ သင်ကြားလမ်းညွှန်မှု များကို နားဝင်မချို မနာလိုဘဲ ဆရာဟု မခေါ်ထိုက် သောပုဂ္ဂိုလ် (ဆရာဆိုး)များ၏ လှည့်ဖြားနားသွင်းမှုများကို သာယာကာ လမ်းမှားကို လျှောက်မိသူများ ရှိပေသည်။ ဆရာဆိုးတို့သည် စာမသင်ဖို့၊စာမဖတ်ဖို့ ပြောဆိုလိမ့်မည်။ မိဘဆရာသမားကောင်းတို့၏ ဆိုဆုံးမသွန်သင်မှုကို မနာခံဖို့ သွေးထိုးပေလိမ့်မည်။ အခြေအမြစ်မရှိသော မက်လုံးများပေး၍ စည်းရုံး ပေလိမ့်မည်။ လူငယ်များ နားမယောင်မိရန်၊ လမ်းမှားမလိုက်မိရန် လိုပေသည်။
ယနေ့လူငယ်များကို ချဉ်းကပ်နေသော ဆရာတု ဆရာယောင် ဆရာဆိုးများသည် နေရာအနှံ့ အပြား၌ ရှိနေသည်။ ၎င်းတို့က လူငယ်များသည် စူးစမ်းလုပ်ကိုင်လိုသည်၊ စိတ်မြန်၍ သွက်လက်ဖျတ်လတ်သည်၊ အသစ်အဆန်းကို လိုလားသည်ဟူသော အခြေခံလူငယ်စရိုက်ကိုသိသည်။ ထို့ကြောင့် လူငယ်တို့ကို အတွေးအခေါ်မှားများ ဝင်လာအောင် နည်းမျိုးစုံဖြင့် ဖြားယောင်းသိမ်းသွင်း သည်။ လူငယ်ထုအတွင်း သွေးခွဲရန်တိုက်ပေးခြင်း၊ ဝါဒဖြန့်ခြင်း၊ ထင်ယောင်ထင်မှားဖြစ်အောင် လုပ်ခြင်း စသည်တို့ကို နည်းမျိုးစုံဖြင့် ကြိုးစား လုပ်ဆောင်ကြသည်။ အတွေ့အကြုံမရင့်ကျက် သေးသောလူငယ်များက ၎င်းတို့၏မာယာကို မသိဘဲ အတွေးမှား၊ အမြင်မှားများဖြင့် စိတ်မြန် လက်မြန်လုပ်ကိုင်မိတတ်ကြသည်။ ထိုအခါအမှားလုပ်ရပ်များကို ကျူးလွန်မိကြပြီး ဆင်းရဲဒုက္ခ ပင်လယ်ဝေကြရတော့သည်။ ထို့ကြောင့် လူငယ်တို့သည် အတွေးမှန်၊ အမြင်မှန်များဖြင့် ဘဝတိုးတက် ရေးကို မှန်ကန်စွာကြိုးစားလုပ်ကိုင်နိုင်စေရန် ဆရာစစ် ဆရာမှန်ပုဂ္ဂိုလ်များ၊ စာကောင်းပေမွန်ဆရာများကို ချဉ်းကပ်သင်ယူကာ မိမိဘဝကို တိုးတက်အောင်မြင်အောင် ကြိုးစား ကြရမည်ဖြစ်သည်။
အသိပညာ၊ အတတ်ပညာများကို စာဖတ်ခြင်းဖြင့် အစဉ်ဖြည့်ဆည်း
လူငယ်တစ်ဦးသည် အောင်မြင်တိုးတက်သော ဘဝကို တည်ဆောက်နိုင်ရန် နည်းလမ်းရှာဖွေရာ၌ စာဖတ်ခြင်း၊ ကြားနာခြင်း၊ ခရီးသွားခြင်းတို့ဖြင့် နည်းမှန်လမ်းမှန်တို့ကို ရှာဖွေရမည်ဖြစ်သည်။ အမြဲတိုးတက် ပြောင်းလဲနေသော အသိပညာ၊ အတတ်ပညာများကို စာဖတ်ခြင်းဖြင့် အစဉ်ဖြည့်ဆည်းနေရမည်။ တတ်သိ နားလည်သော ဆရာသမားတို့၏ ပြောဆိုသွန်သင်မှုကို ကြားနာမှတ်သား၍ မှန်မှန်ကန်ကန် ကြိုးစားရမည်။ ဗဟုသုတနှင့် ပြည့်စုံစေရန် ခရီးသွားခြင်းဖြင့် ဒေသန္တရသုတများ ရှာဖွေရမည်။ ပြောင်းလဲ တိုးတက်လာသော နည်းပညာခေတ်ကြီးတွင် နည်းပညာ၏ရေစီးတွင် မှန်ကန်စွာ စီးမျောလုပ်ကိုင် နိုင်ရမည်။ ယနေ့ခေတ်တွင် သိပ္ပံပညာအစွမ်းဖြင့် ဖုန်းများတီထွင်ဖန်တီး၍ အင်တာနက်အသုံးပြုမှုကို လမ်းဖွင့်ပေးခဲ့ကြသည်။ ဖုန်းနှင့် အင်တာနက်ကို တီထွင်လိုက်သော အနောက်နိုင်ငံများသည် ဖုန်းကိုမသုံးမဖြစ်သုံးကြသော်လည်း စာဖတ်ခြင်းကို ဆက်လက်အားထားလုပ်ကိုင်နေကြကြောင်း တွေ့ရသည်။
လူငယ်မျိုးဆက်များသည် စာဖတ်ခြင်းအလေ့အထကို စွဲမြဲစွာလုပ်ကိုင်
မြန်မာနိုင်ငံရှိ လူငယ်များ စာဖတ်အား ကျလာခြင်းမှာ အဆိုပါဖုန်းကြောင့်ဟု ဆိုနိုင်သည်။ သို့သော်လူငယ်များ ဖုန်းမသုံးရဟု မဆိုလိုပါ။ ဖုန်းကို လိုအပ်သောကဏ္ဍများတွင် စနစ်တကျအသုံးပြု ကြပြီး စာဖတ်ခြင်းကို စွဲစွဲမြဲမြဲ ပြုလုပ်သင့်သည်၊ စာမဖတ်သူလူငယ်များများပြားလာသဖြင့် စာအုပ်ထုတ်ဝေသူများမှာ လုပ်ငန်းတွင်ကျယ်မှု ယုတ်လျော့လာ၍ အချို့စာပေတိုက်များ ရပ်နားပိတ်သိမ်းသည်အထိ ဖြစ်လာသည်။ စာရေးဆရာတို့မှာလည်း စာပေရေးသားရကျိုးမနပ်ဘဲ မိမိတို့၏စာများကို ဖတ်သူရှားပါးလာသဖြင့် စာရေးဆရာအဖြစ် ရပ်တည်ရန် ခဲယဉ်းလာရသည်။ ဤသို့ ဆုတ်ယုတ်မှုသဘောဆောင်သောအခြေအနေများမှ လူငယ်များ ရုန်းထွက်နိုင်အောင် ကြိုးစားပြီး စာဖတ်သောလူငယ်များဖြစ်အောင် ပြုပြင်သင့်သည်။ တိုးတက်သောနိုင်ငံများသည် စာဖတ်ခြင်း၏ အကျိုးကို သိနားလည်ကြသဖြင့် လူငယ်မျိုးဆက်များသည် စာဖတ်ခြင်းအလေ့အထကို စွဲမြဲစွာ လုပ်ကိုင်နေကြသည်။ မြန်မာလူငယ်များသည်လည်း စာဖတ်ခြင်းဖြင့် အသိပညာ၊ အတတ်ပညာပြည့်ဝသော၊ အောင်မြင်တိုးတက်သော လူမှု ဘဝကို ကြိုးစားဖန်တီးရမည်ဖြစ်ပါသည်။
လူငယ်တို့သည် စာမဖတ်ဘဲ၊ ဆရာကောင်း ဆရာမြတ်တို့၏ သင်ကြားလမ်းညွှန်မှုကို ကြားနာ မှတ်သားမှုမရှိဘဲ၊ လက်တွေ့လောက၏ ပြင်ပဗဟုသုတများ မရှာဖွေဘဲနေကြလျှင် သူတစ်ပါး၏ လွှမ်းမိုးခြယ်လှယ်ခြင်းကိုသာ ခံရပြီး အရာရာကို သင့်မသင့်၊ တော်မတော်၊ မှန်မမှန် ချင့်ချိန်ဝေဖန်နိုင်စွမ်း ရှိတော့မည်မဟုတ်ပေ။ မှန်ကန်စွာ ဝေဖန်ပိုင်းဖြတ်နိုင်စွမ်းမရှိသောလူငယ်သည် အတွေးအမြင်မှားများကြောင့် အမှားလမ်းသို့သာ လိုက်မိမည် ဖြစ်သည်။ ဤအမှားသည် ထိုလူငယ်၏ဘဝကို ဆုတ်ယုတ်ပျက်စီးစေမည်သာဖြစ်သည်။ ရေခဲပြင်ဒေသတွင် နေထိုင်သော အက်စကီမိုးတို့သည် ဝက်ဝံများကို ဖမ်းယူရန် ရေခဲတုံးထဲတွင် ထက်လှသော ဓားသွားများကို မြှုပ်ထားကြသည်။ ဝက်ဝံတို့ က ရေခဲကို လျှာဖြင့်လျက်ကြရင်း အေး၍ထုံနေသော အာရုံကြောင့် ဓားသွားကို လျက်မိသော်လည်း နာကျင်မှန်းမသိတော့ဘဲ လျှာမှထွက်သော မိမိသွေးများကို ပြန်လည်မျိုကာ နောက်ဆုံး၌ သွေးအား လုံးဝလျော့၍ လဲကျသွားသောအခါမှ အက်စကီမိုး တို့က ဝက်ဝံကိုဖမ်းယူကြသည်။ ထိုသာဓကအတိုင်း ပင် စာမဖတ်၍ တွေးခေါ်မြော်မြင်မှုမရှိဘဲ ဦးနှောက် ထုံထိုင်းနေသောလူငယ်တို့သည် အက်စကီမိုးတို့ ဝက်ဝံဖမ်းသကဲ့သို့ ကိုယ်ကျိုးရှာအမြတ်ထုတ် လိုသူတို့၏ ချုပ်ကိုင်အသုံးချခြင်းကို ခံရမည် ဖြစ်သည်။ ထို့ကြောင့် လူငယ်တို့သည် အတွေးမှန်၊ အမြင်မှန်များဖြင့် ဘဝကို ခံ့ညားလှပထည်ဝါအောင် တည်ဆောက်နိုင်စေရန် မိမိတို့ကိုယ်တိုင် ကြိုးစားကြရမည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။