ကျောက်ဆည်၊ ဇန်နဝါရီ ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၌ ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတပြည့်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းများ လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း ရွှေသဖီခန်းမ၌ ကျင်းပသည်။
လူငယ်ရေးရာ အသိပညာပေးဟောပြောရာတွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ကျောက်ဆည်ခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ထူးက လူငယ်နှင့် အားကစား ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက အနာဂတ်မျိုးဆက်သစ် ကျောင်းသားလူငယ်များ ဘက်စုံ ထူးချွန်ထက်မြက်စေရန်၊ အသိပညာ အတတ်ပညာနှင့် ပြည့်စုံသည့် လူငယ်များပေါ်ထွန်းလာစေရန် “ဗဟုသုတ ကြွယ်ဝဖို့ လူတိုင်းစာဖတ်ကြပါစို့” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်သူများအား အသိပညာပေး ဟောပြောခဲ့သည့် အကြောင်းအရာများမှ မေးခွန်းများ ပြန်လည်မေးမြန်းခဲ့ရာ ဖြေဆိုနိုင်သည့် ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ကျောက်ဆည်ခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ထူးက အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းအတွက် Outdoor fitness (၁)စုံအား ပေးအပ်လှူဒါန်းခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးသန်းက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။ ထို့နောက် ဆရာဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ/ရသစာအုပ်များနှင့် လူငယ်စကားဝိုင်းဆောင်ရွက်မှု၊ ကလေးအလုပ်သမားပပျောက်ရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ် ကင်းရှင်းရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
တင်တင်ထွေး