လူငယ်များအနာဂတ်ပထမဦးဆုံးအပြောင်းအလဲ

 

၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲများကို နိုင်ငံတစ်ဝန်းတွင် ယနေ့စတင် ဖြေဆိုနေကြပြီဖြစ်သည်။  မတ်လ  ၁၁  ရက်နေ့မှ  ၁၉ ရက်နေ့အထိ တစ်ရက်လျှင် တစ်ဘာသာဖြင့် ဖြေဆိုနေကြသည့် စာမေးပွဲသည် ကျောင်းသား ကျောင်းသူ လူငယ်လူရွယ်များ၏ အနာဂတ်အတွက် ဘဝတစ်ဆစ်ချိုး ပြောင်းလဲစေမည့် အရည်အချင်းစစ်ဆေးပွဲဖြစ်သည်။ ပညာအရည်အချင်းပြည့်မီသူများ ဘာသာရပ်ဆိုင်ရာအလိုက် တက္ကသိုလ်အသီးသီးသို့ ဝင်ခွင့်ရကြပြီး အဆင့်မြင့်ပညာများကို ဆက်လက်ဆည်းပူးနိုင်မည်ဖြစ်သည်။

ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲသည် ယခုစနစ်သစ် Grade 12 (ယခင် ၁၀ တန်း)စာမေးပွဲဖြစ်ပြီး စနစ်သစ် ပညာရေးစနစ်၏ ပထမဆုံးကျင်းပသည့် အခြေခံပညာအဆင့် နောက်ဆုံးစာမေးပွဲဖြစ်သည်။ Grade 12 သင်ရိုးသစ်စာမေးပွဲသည် အခြေခံပညာအထက်တန်း ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ ပထမဆုံး အရည်အချင်းစစ်သည့်စာမေးပွဲ ဖြစ်သည်။ ဆရာ ဆရာမများ၊ကျောင်းသား ကျောင်းသူများအနေဖြင့် သင်ရိုးသစ်၊ မေးခွန်းပုံစံအသစ်များကို လေ့ကျင့်သင်ကြား၊ သင်ယူခဲ့ကြပြီး ပထမဆုံးရင်ဆိုင်ရသော စာမေးပွဲဖြစ်၍ စိုးရိမ်ပူပန်မှုနှင့် စိတ်ဝင်စားမှု အမြင့်မားဆုံးစာသင်နှစ်တစ်နှစ်ဟု ဆိုရမည်ဖြစ်သည်။

ပထမဆုံးကျင်းပသည့်  တက္ကသိုလ်ဝင်စာမေးပွဲသည် ယခင်စနစ်ဟောင်း တက္ကသိုလ်ဝင်စာမေးပွဲများထက် ဖြေဆိုသူ အရေအတွက် နည်းပါးသော်လည်း စိတ်ဝင်စားမှုနှင့် ကြိုးစားအားထုတ်မှုတွင် မြင့်မားနေသည်ကို တွေ့ရသည်။ ယခုပညာသင်နှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် တည်ငြိမ်အေးချမ်းမှုကို နှောင့်ယှက်ဖျက်ဆီးသည့်အန္တရာယ်များကြောင့် ဖြေဆိုသူအရေအတွက်နည်းပါး ခြင်းလည်းဖြစ်နိုင်ပေသည်။  ရန်ကုန်တိုင်းဒေသကြီးအတွင်း၌  စာစစ်ဌာန ၇၃ ခု ဖွင့်လှစ်ထားပြီး ပြင်ပမှဖြေဆိုသူ ၂၅၀၉ ဦးအပါအဝင် ကျောင်းသား ၈၆၀၉ ဦး၊ ကျောင်းသူ ၁၀၃၄၂ ဦး ဖြေဆိုကြမည်ဖြစ်သည်။ စာမေးပွဲတွင် သိပ္ပံတွဲ၊ ဝိဇ္ဇာတွဲနှင့် ဝိပ္ပံတွဲတို့ကို ဖြေဆိုကြမည်ဖြစ်ပြီး စိတ်ကြိုက်မြန်မာစာဘာသာရပ်၌ တစ်ဦးတည်းသာ ဖြေဆိုသည်ဟု သိရသည်။

နိုင်ငံတစ်ဝန်းရှိ တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနအသီးသီးတွင် ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ဖြေဆိုနိုင်ရေးအတွက် သက်ဆိုင်ရာမြို့နယ် အသီးသီးမှတာဝန်ရှိသူများက စာစစ်ဌာနများ လုံခြုံရေး၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး၊ ကျောင်းသား ကျောင်းသူများ ကျန်းမာရေးနှင့် အခြားလုံခြုံ ရေးဆိုင်ရာလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိသည်။ ဆေးရုံ တက်ရောက်ကုသနေသော  တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုလိုသည့်  ကျောင်းသား ကျောင်းသူများအတွက် ဆေးရုံစာဖြေဌာနများကိုလည်း ဖွင့်လှစ်ပေးထားသည်။ အခြားလိုအပ်သော အခက်အခဲများရှိပါက သက်ဆိုင်ရာ အဖွဲ့အစည်းများက ကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။

ယခုပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲများဖြေဆိုရာတွင် အဆင်ပြေချောမွေ့စေရန်အတွက် အဘက်ဘက်တွင် လိုအပ်သည်များကို ကူညီဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပြီး တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီ ကောလိပ်များမှ ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပညာရေးမှူးများကလည်း ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိသည်။ အကြောင်း အမျိုးမျိုးကြောင့် ပြောင်းရွှေ့နေထိုင်ကြသော ကျောင်းသား ကျောင်းသူများ စာမေးပွဲဖြေဆိုခွင့်အခွင့်အရေးများ မဆုံးရှုံးစေရန် နေထိုင်ရာဒေသများတွင် စာမေး ပွဲဖြေဆိုနိုင်ရေးအတွက်လည်း  စီစဉ်ဆောင်ရွက်ပေးထားသည်။  ထို့ကြောင့် ကျောင်းသား ကျောင်းသူများအနေဖြင့်  စာမေးပွဲ စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာဖြေဆိုကြရန်နှင့် စနစ်သစ်ပညာစနစ်တွင် ပထမဆုံးကျင်းပသည့် တက္ကသိုလ်ဝင် (Grade 12) စာမေးပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်း ဆောင်ရွက်ကြရမည် ဖြစ်သည်။

တိုင်းပြည်၏အနာဂတ်၊ လူငယ်လူရွယ်များ၏အနာဂတ်အတွက် ပညာရေးသည် အဓိကကျသော အချက်ဖြစ်သည်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတတ်လူငယ်လူရွယ်များ များစွာလိုအပ်သည်။ ထို့ကြောင့် အနာဂတ်တွင် လူငယ်လူရွယ် ကျောင်းသား ကျောင်းသူများ ပညာရည်မြင့်မားရေး၊ အမျိုးသား စရိုက်လက္ခဏာများ ထိန်းသိမ်းရေးနှင့် တိုးတက်ပြောင်းလဲနေသည့် ခေတ်နှင့်အညီ ရင်ပေါင်တန်း လိုက်ပါနိုင်ရေးအတွက် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များဖြစ်စေရန် နိုင်ငံတော်အစိုးရက ဘက်စုံပညာရေးစနစ်ကို မြှင့်တင်အားပေးဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ရာ စနစ်သစ်ပညာရေး၏ အထက်တန်းအဆင့် နောက်ဆုံးအရည်အချင်း စာမေးပွဲဖြစ်သော တက္ကသိုလ်ဝင်စာမေးပွဲ Grade 12 အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အားလုံးဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။

ကြေးမုံ