မန္တလေးဝ ၄ နိုဝင်ဘာ  

 

မြန်မာနိုင်ငံအလယ်ပိုင်းရှိ လူငယ်များ တိုင်းပြည်ရဲ့ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် ဖက်ဒရယ်စနစ်ကို သိရှိနားလည်မှု သုတေ သနစစ်တမ်း ကောက်ယူနေကြောင်း ယုံကြည်ရာ အသိပညာ ပြန့်ပွားရေး အသင်းထံက သိရသည် ။

 

ယင်း သုတေသနစစ်တမ်းကို စစ်ကိုင်း ၊ ရွှေဘိုမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်၊ ညောင်ဦးမြို့နယ်၊ ၊ ပခုက္ကူမြို့နယ် တို့တွင် ကောက်ယူခဲ့ပြီး လက်ရှိတွင် မကွေးမြို့နယ်၌ ကောက်ယူလျက်ရှိကြောင်း သိရသည် ။

 

" အဓိက ကတော့ လူငယ်တွေ တိုင်းပြည်ရဲ့ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် ဖက်ဒရယ်စနစ်ကို ဘယ်လောက်သိသလဲ ။ မသိဘူးလဲ ဆိုတာသိဖို့ စစ်တမ်းကောက်တာပါ ။ လူငယ်ပေါင်း ၆ဝဝ ကျော်ကို သုတေသနမေးမြန်ပြုလုပ်ပြီးပြီ။ ဒီသုတေ သနတွေ့ရှိချက်ကနေရလာတဲ့ အဖြေတွေကို အခြေခံပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေကို အကြံပြုချက်တွေ ပေးနိုင်ဖို့ပြုလုပ်တာပါ " ယုံကြည်ရာ အသိပညာပြန့်ပွား ရေးအသင်း အမှုဆောင်ဒါရိုက်တာ ဒေါက်တာတေဇာစန်းက ပြောသည် ။

 

လက်ရှိ လူငယ်များအနေဖြင့် မြန်မာ ငြိမ်းချမ်းရေးဖြစ်စဉ် နှင့် ဖက်ဒရယ်စနစ်အကြောင်းကို ဘယ်လောက် ဗဟုသုတ ရှိကြသလဲ ၊  ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ဖက်ဒရယ် စာအုပ်များ ဖတ်ဖူးခြင်းရှိမရှိ၊ ဆွေးနွေးပွဲ စကားဝိုင်းများတွင် ပါဝင်ခဲ့ခြင်းရှိမရှိဆိုတာတွေကို မေးမြန်း သုတေသန ပြုလုပ်လျက်ရှိသည် ။

 

"ပြည်တွင်းစစ်ကြီးရပ်စဲဖို့ ဖက်ဒရယ်ဖြစ်ဖို့ဆိုရင် သီအိုရီ တစ်ခုရှိတာက ပြည်သူလူထု ပူးပေါင်းပါဝင်မှုမရှိရင် အောင်မြင်နိုင်ခြေနည်းပါတယ်။ ပြည်သူက များများသိပြီး များများပူးပေါင်း ပါဝင်ရင် မြန်မြန်ဆန်ဆန် အောင်မြင်နိုင်ပါတယ် " ဟု ၎င်းကပြောသည် ။

 

သုတေသနလုပ်ငန်းကို အောက်တိုဘာလအတွင်းက ပြုလုပ်ခဲ့ပြီး နိုဝင်ဘာလအတွင်းတွင် ပြီးစီးအောင် လုပ်ဆောင်သွားမည်ဖြစ်ပြီး ယင်းသုတေသနလုပ်ငန်းများပြီးစီးပါက သုံးလအတွင်း အစီရင်ခံစာ (အကြမ်း)  ထုတ်ပြန်မည်ဖြစ်ကြောင်းသိရသည် ။

 

သူရိန်လင်း