ရန်ကုန် ၂ စက်တင်ဘာ
လူငယ်များအတွက် ဆိုက်ဘာအသိပညာပေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (Workshop on the Cyber Wellness for the Youth) ကို ယနေ့ နံနက် ၁၀ နာရီ တွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စုဝေးခန်းမ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် တက်ရောက် အမှာစကားပြောကြားသည်။
အဆိုပါဆွေးနွေးပွဲကို ASEAN – Japan Media and information literacy for the Youth စီမံကိန်းတွင် အာဆီယံအဖွဲ့ဝင်မြန်မာနိုင်ငံ က ပူပေါင်းပါဝင်ဆောင်ရွက်ပြီး ASEAN identity ကို ဖော်ဆောင်သည့်အနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ဦးဆောင်ကျင်းပခြင်း ဖြစ်သည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ကမ္ဘာတစ်ဝန်းတွင် ဆိုက်ဘာရာဇဝတ်မှုများ၊ ဆိုက်ဘာ ခြိမ်းခြောက်မှုများ တိုးတက်များပြားလာသည်ကို အားလုံးအသိပင် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များအနေဖြင့် ဆိုက်ဘာလုံခြုံရေးနှင့် အရေးပါမှုကို ပိုမိုသိရှိစေရန်လိုအပ်သလို၊ လူငယ်လူရွယ်များ၏ သတင်းအချက်အလက် လုံခြုံရေးနှင့် ဆိုက်ဘာလုံခြုံရေးပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများ၊ ဆိုက်ဘာတိုက်ခိုက်မှုများနှင့်ပတ်သက်ပြီး ကာကွယ်နိုင်မည့် နည်းလမ်းများကို ပိုမိုသိရှိနားလည်စေရန်လည်း အထူးလိုအပ်ပါကြောင်း။
ထို့ပြင် cyber wellness campaign များအား လူငယ်များအတွက် ရည်ရွယ်၍ နိုင်ငံတကာတွင် ကျင်းပပြုလုပ်ပေးလေ့ရှိသလို အာဆီယံနိုင်ငံများတွင်လည်း မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှုဆိုင်ရာ ဆွေးနွေးပွဲများ ၊ သင်တန်းများ၊ ဟောပြောပွဲများ၊ ပညာပေး နှီးနှောဖလှယ်ပွဲများအား ပြုလုပ်ကျင်းပလျက် ရှိပါကြောင်း။
ယခုအလုပ်ရုံဆွေးနွေးပွဲ ဖြစ်ပေါ်လာရသည့် အကြောင်းရင်းမှာ အာဆီယံ အဖွဲ့ဝင် နိုင်ငံဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံမှ ASEAN – Japan Media and Information Literacy for the Youth စီမံကိန်းဆောင်ရွက်ရန် အာဆီယံအတွင်းရေးမှုးချုပ်ရုံးကို ၂၀၁၇ခုနှစ် မှ စ၍ အဆိုပြု တင်ပြခဲ့ပါကြောင်း၊ ထို့နောက် အာဆီယံအမြဲတမ်းကော် မတီ၏ ခွင့်ပြုချက်ရရှိခဲ့ပြီး ၂၀၁၈ ခုနှစ်မှ ယနေ့အချိန်ထိ ဆောင်ရွက်လျှက်ရှိသည့် အာဆီယံ စီမံကိန်းတစ်ခု ဖြစ်ပါကြောင်း။
ယနေ့တွင် ဆက်သွယ်ရေးကဏ္ဍများ များစွာ ဖွံ့ဖြိုးတိုးတက်လာပြီဖြစ်သကဲ့သို့ တစ်ကမ္ဘာလုံး ဖြန့်ကျက်ဆက်သွယ်နိုင်ပြီး IT ကဏ္ဍ အပါအဝင် ဖြစ်သည့် ဒီဂျစ်တယ်၊ အင်တာနက် ဝန်ဆောင်မှုများနှင့် Cyberspace နည်းပညာအား များစွာ အသုံးပြုနေ ကြ ပြီ ဖြစ်ပါကြောင်း၊ နည်းပညာများ ၊ ပစ္စည်းကိရိယာများကို အသုံးပြု၍ Cyberspace ပေါ်မှ မိမိအယူအဆများကို အမျိုးမျိုးအဖုံဖုံ ဖြန့်ချိ၍ ရသည့်အပြင် ကွန်ပျူတာ၊ ဒီဂျစ်တယ်၊ IT တို့ကို အသုံးပြု၍ Cyberspace မှတစ်ဆင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စမျိုးစုံကို လှုပ်ရှားဆောင်ရွက်နေကြပြီ ဖြစ်ပါကြောင်း၊ ယင်းလူပ်ရှား ဆောင် ရွက်မှုများ တွင် လူငယ်များအနေဖြင့် IT နည်းပညာအပေါ် ပိုမို စိတ်ပါဝင်စားမှု ရှိလာခြင်းနှင့် ကမ္ဘာတွင်ဖြစ်ပျက်နေသမျှကို အချိန်နှင့် တစ်ပြေးညီ သိရှိလေ့လာနေကြပြီ ဖြစ်ပါကြောင်း။
ယခုအလုပ်ရုံဆွေးနွေးပွဲကိုလည်း မြန်မာနိုင်ငံ၏ အင်တာနက်အသုံးပြုမှုနှင့် ဒစ်ဂျစ်တယ် ယဉ်ကျေးမှုကဏ္ဍ၊ ဒစ်ဂျစ်တယ်ခေတ်အတွင်း လူငယ်များအကြား မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှု၊ ဆိုက်ဘာမှုခင်း၊ ဆိုက်ဘာအနိုင်ကျင့် ခြိမ်းခြောက်ခြင်း၊ အင်တာနက် စွဲလမ်းမှုရောဂါ၊ အွန်လိုင်း Privacy ချိုးဖောက်မှုများအား ကာကွယ်တားဆီးခြင်း၊ မြန်မာနိုင်ငံတွင် ရေပန်းစားနေသည့် လူမှုကွန်ရက်များ၏ အသုံး ဝင်ပုံနှင့် အန္တရာယ်ကြီးမားပုံအကြောင်း၊ အင်တာနက်လုံခြုံမှုနှင့် သတင်းအချက်အလက် ဝေဖန်ဆန်းစစ်နိုင်မှု အကြောင်းများကို ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်များက ကျောင်းသား ကျောင်းသူ လူငယ်လူရွယ်များ နားလည်သဘောပေါက်စေရန် ဆွေးနွေး ဟောပြောသွားမည် ဖြစ်ပါကြောင်းပြောကြားသည်။
ထို့နောက် ဖိလစ်ပိုင်နိုင်ငံမှ ဖန်တီးထားသည့် ဆိုက်ဘာအသိပညာဆိုင်ရာ Multimedia Materials များအား ပရိုဂျက်တာဖြင့် ပြသခဲ့သည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ပိုဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန သတင်းအချက်အလက် နည်းပညာ နှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာနညွှန်ကြားရေးမှုး ဦးရဲနိုင်မိုးက မြန်မာနိုင်ငံ၏ အင်တာနက် အသုံးပြုမှုနှင့် ဒစ်ဂျစ်တယ် ယဉ်ကျေးမှုခေါင်းစဉ်ဖြင့် လည်းကောင်း၊ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံ နှင့် ယဉ်ကျေးမှု အဖွဲ့အစည်း (ယူနက်စကို) မှ စီမံကိန်းအရာရှိ ဒေါ်နိုင်နိုင်အေး က ဒစ်ဂျစ်တယ် ခေတ်အတွင်း လူငယ်များအကြား မီဒီယာ နှင့် သတင်းအချက်အလက် သိမြင်နားလည်မှု ခေါင်း စဉ်ဖြင့် လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၊ မှုခင်းရဲတပ်ဖွဲ့ မှ ရဲမှုး ငြိမ်းချမ်းအောင်က ဆိုက်ဘာမှုခင်း၊ ဆိုက်ဘာ အနိုင်ကျင့် ခြိမ်းခြောက်ခြင်း၊ အင် တာနက် စွဲလမ်းမှုရောဂါ၊ အင်တာနက်ဂိမ်းများ၊ Online Privacy ချိုးဖောက်မှုများအား ကာကွယ်တားဆီးခြင်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်များအသင်း ဥက္ကဋ္ဌ ဦးအောင်စိုးမိုး က ဒစ်ဂျစ်တယ် လူ့အဖွဲ့အစည်း ၏ လူမှုစိတ်ဓါတ်ဆိုင်ရာ သက်ရောက် ရိုက်ခတ်မှုများ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံ နည်းပညာနှင့် ဖွံ့ဖြိုးမှုအဖွဲ့(MIDO) ဒစ်ဂျစ် တယ် လုံခြုံရေးဌာနမှ ပရိုဂရမ် အလုပ်အမှုဆောင် ကိုဟိန်းမင်းဦး က လူငယ်များ အတွက် ဒစ်ဂျစ်တယ် လုံခြုံမှု ခေါင်းစဉ်ဖြင့် လည်းကောင်း ဆွေးနွေးကြသည်။
ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသားကျောင်းသူများနှင့် စိတ်ပါ ဝင် စားသူများက သတင်း အမှား / အမှန် ဆန်းစစ်မှု ၊ ယူနီကုတ် သုံးစွဲခြင်း၏ အကျိုး ၊ လူမှုကွန်ရက် သုံးစွဲရာတွင် သတ်မှတ်ထားသည့် နည်းလမ်းများကို စနစ်တကျ အသုံး ပြုမှု ၊ ဆိုက်ဘာ အနိုင်ကျင့်ခံရမှုကို တုံ့ ပြန်ကာကွယ်ရန်နည်းလမ်း များ၊ လူမှုကွန်ရက် သုံးချိန်ကို အကန့်အသတ် နှင့် သုံးစွဲမှုများ၊ ကျင့်ဝတ်အမှားများကို မျှဝေသုံးစွဲမှု မပြုရေးစသဖြင့် သိရှိလိုသည်များကို မေးမြန်းကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ကဏ္ဍ အလိုက် ပြန်လည် ရှင်းလင်း ဖြေကြားခဲ့ကြသည်။
ဆိုက်ဘာအသိပညာပေး ကမ်ပိန်းများအား လူငယ်များအတွက် ရည်ရွယ် ၍ နိုင်ငံတကာတွင် ကျင်းပလျက် ရှိသကဲ့သို့ အာဆီယံနိုင်ငံများတွင်လည်း မီဒီယာ နှင့် သတင်း အချက်အလက် သိနားလည်မှုဆိုင်ရာ ဆွေးနွေးပွဲများ ၊ သင်တန်းများ၊ ဟောပြောပွဲများ၊ ပညာပေး နှီးနှောဖလှယ်ပွဲများကို အာဆီယံ ယဉ်ကျေးမှု ရန်ပုံငွေ ASEAN Cultural Fund ( ACF) ဖြင့် ပြုလုပ်ကျင်းပလျက်ရှိသည်။
ဆွေးနွေးပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆိုက်ဘာနှင့် ဆက်စပ်သော ဝန်ကြီးဌာနများ မှ တာဝန်ရှိသူများ၊ တက္ကသိုလ်၊ ကောလိပ်နှင့် အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)


