မောင်လူအေး(ရေစကြို)
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုးတက်ဆန်းသစ်သည့် အတွေးအခေါ်ရှိသော၊ နုပျိုတက်ကြွ၍ အားမာန်အပြည့်ရှိသော၊ ဗလ ငါးတန်နှင့်ပြည့်စုံသော လူငယ်များ မရှိမဖြစ်လိုအပ်ပါသည်။ လူငယ်များသည် နောင်တစ်ချိန်တွင် နိုင်ငံ့တာဝန်များကို လွှဲပြောင်းတာဝန်ယူကြရမည်ဖြစ်ပြီး အနာဂတ်ကမ္ဘာကို ပုံဖော်ရေးဆွဲကြမည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်ကြပါသည်။
လူငယ်များ၏စွမ်းဆောင်နိုင်မှု
လူငယ်တို့၏ တန်ဖိုးမဖြတ်နိုင်သော ဂုဏ်အင်္ဂါရပ်များမှာ လျင်မြန်ခြင်း၊ ခွန်အားရှိခြင်း၊ ရဲရင့်ခြင်း၊ ဖန်တီးနိုင်ခြင်း၊ စွမ်းဆောင်နိုင်ခြင်း၊ ရိုးဖြောင့်ခြင်း၊ အမှန်တရားကို မြတ်နိုးတန်ဖိုးထားခြင်းနှင့် အများအကျိုးကို ဆောင်ရွက်လိုစိတ်ရှိခြင်းတို့ဖြစ်သည်။ သို့ဖြစ်ရာ တာဝန်ရှိသူ လူကြီးများအနေဖြင့် လူငယ်များ၏စွမ်းဆောင်နိုင်မှုအပေါ် အသိအမှတ်ပြု၍ သဘောထားကြီးစွာ လက်တွဲခေါ်ဆောင်နိုင်ရမည်ဖြစ်သည်။ ပြုစုပျိုးထောင်ပေးရမည်ဖြစ်သည်။ လမ်းညွှန်ပြသပေးရန် တာဝန်ရှိပါသည်။ လူငယ်များ၏ နှလုံးသားတွင် ကိန်းအောင်းနေသော တိုင်းချစ်ပြည်ချစ်စိတ်၊ နိုင်ငံနှင့် လူမျိုးအပေါ် ချစ်မြတ်နိုးသော စိတ်၊ နိုင်ငံ့သားကောင်းစိတ်ဓာတ်များကို အားပေး အားမြှောက်ပြုရမည်ဖြစ်သည်။ ထို့ကြောင့်ပင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမှုရေး ဦးတည်ချက်(၃)ရပ်အနက် တစ်ရပ်တွင် “နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များ အနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍမြှင့်တင်ဆောင်ရွက်ရေး” ဟု ချမှတ်ထားရှိကာ လူငယ်ကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိပါသည်။
၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းအစီရင်ခံစာအရ မြန်မာနိုင်ငံ စုစုပေါင်း လူဦးရေ၏ ၃၃ ရာခိုင်နှုန်းကျော် (၁၆ ဒသမ ၈ သန်း) သည် အသက်(၁၅)နှစ်မှ (၃၄)နှစ်အထိ လူငယ်များဖြစ်ကြောင်း သိရပါသည်။ အာဆီယံ ဒေသအတွင်းတွင်လည်း လူဦးရေစုစုပေါင်း၏ ၃၄ ရာခိုင်နှုန်းနီးပါးသည် အသက် (၁၅)နှစ်မှ (၃၅) နှစ်အတွင်းရှိ လူငယ်များဖြစ်ကြပြီး အိမ်နီးချင်း နိုင်ငံများဖြစ်ကြသည့် ထိုင်းနိုင်ငံတွင် လူငယ်ဦးရေ ၁၉ ရာခိုင်နှုန်း၊ တရုတ်နိုင်ငံတွင် ၂၄ ရာခိုင်နှုန်းနှင့် ဗီယက်နမ်နိုင်ငံတွင် ၃၃ ရာခိုင်နှုန်းရှိကြောင်း သိရပါသည်။ မိမိတို့ မြန်မာနိုင်ငံသည်လည်း အခြားဒေသတွင်းနိုင်ငံများနည်းတူ တန်ဖိုးမဖြတ် နိုင်သော အလားအလာကောင်းများနှင့် ပြည့်ဝနေသည့် လူ့စွမ်းအားအရင်းအမြစ်များကို ပိုင်ဆိုင်ထား ခြင်းဖြစ်ရာ နိုင်ငံတော် တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ယင်းလူငယ်လူရွယ်များ၏ အပြည့်အဝပူးပေါင်းပါဝင်မှုဖြင့် ခေတ်မီဖွံ့ဖြိုး တိုးတက်သော ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးကို ဖန်တီးပုံဖော်နိုင်မည်ဖြစ်ပါသည်။
နယ်ပယ်အသီးသီးတွင် ဦးဆောင်ဦးရွက်ပြုခဲ့သည့်လူငယ်များ
ခေတ်အဆက်ဆက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ စာပေအနုပညာ၊ ယဉ်ကျေးမှုစသည့် နယ်ပယ်အသီးသီးတွင် ဦးဆောင်ဦးရွက်ပြုခဲ့သည့် လူငယ်များမြန်မာ့သမိုင်းတွင် အမြောက်အမြားရှိခဲ့သည်။ အင်းဝခေတ်တွင် မြန်မာစာပေကို တစ်ခေတ်ဆန်းသစ်ကာ စာပေလမ်းသစ်ဖောက်ခဲ့သည့် ရှင်မဟာရဋ္ဌသာရသည် အသက်(၁၆)နှစ်အရွယ်တွင် ငါးရာ့ငါးဆယ်နိပါတ်တော်လာ ဘူရိဒတ်ဇာတ်တော်ကြီးကို ဘူရိဒတ်လင်္ကာကြီးဟူသောအမည်ဖြင့် ပိုဒ်ရေ ၄၄၅ ပိုဒ်ပါရှိသည့် ပျို့လင်္ကာကြီးတစ်စောင်ကို သီကုံးဖွဲ့ဆိုနိုင်ခဲ့သည်။
မြန်မာစာပေလောကတွင် အဆင့်အတန်း မြင့်မားသော စာပေအဖွဲ့ဖြစ်သည့် ပျို့လင်္ကာကဗျာ အဖွဲ့ကိုရေးဖွဲ့ကာ စာပေလမ်းသစ်ဖောက်ခဲ့သည့် ရှင်မဟာရဋ္ဌသာရသည် ထိုစဉ်က လူငယ်အရွယ် ရဟန်းပျိုတစ်ပါးဖြစ်သည်။ စာဆိုတော် ရှင်မဟာ ရဋ္ဌသာရ ၅၅၅ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် အခမ်းအနားကို မကြာသေးမီက နေပြည်တော်တွင် နိုင်ငံတော်အဆင့် ခမ်းခမ်းနားနား ကျင်းပပြုလုပ်ကာ ဂုဏ်ပြုခဲ့ကြပါသည်။
တောင်ငူခေတ်တွင် ထင်ရှားခဲ့သော ရတုဘုရင် နတ်သျှင်နောင်၊ ကုန်းဘောင်ခေတ်တွင် ထင်ရှားသည့် စာဆိုစိန္တကျော်သူဦးဩ၊ လှိုင်ထိပ်ခေါင်တင်တို့သည် လူငယ်လူရွယ်များဖြစ်ကြပါသည်။ အလားတူ ကိုလိုနီခေတ်တွင် ခေတ်စမ်းစာပေလှုပ်ရှားမှုကို ဦးဆောင်ခဲ့သော စာဆိုများဖြစ်သည့် သိပ္ပံမောင်ဝ၊ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်တို့သည် လူငယ်များ ဖြစ်ကြသည်။ မြန်မာအမျိုးသားထဲမှ ရန်ကုန် တက္ကသိုလ်တွင် ပါမောက္ခရာထူး ပထမဆုံးရရှိသည့် ဆရာကြီးဦးဖေမောင်တင်မှာ ထိုစဉ်က အသက် (၂၄)နှစ်အရွယ် လူငယ်တစ်ဦးဖြစ်သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် ဦးဆောင်ကြိုးပမ်းခဲ့သည့် သခင်ဘသောင်း၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးနု၊ ဗိုလ်အောင်ကျော်၊ သခင်ဘဟိန်း၊ သိန်းဖေမြင့်နှင့် ရဲဘော်သုံးကျိပ်ဝင်များမှာ လူငယ်များသာဖြစ်ကြပါသည်။ ကိုလိုနီခေတ်မှသည် မျက်မှောက်ခေတ်အထိ တိုင်းချစ်ပြည်ချစ်စိတ်၊ မျိုးချစ်စိတ်အပြည့် ဖြင့် နိုင်ငံနှင့်လူမျိုးအကျိုးကို အစဉ်တစိုက် သယ်ပိုးဆောင်ရွက်ခဲ့ကြသောပုဂ္ဂိုလ်များတွင် လူငယ်များ အများအပြား ပါဝင်နေသည်ကို လေ့လာတွေ့ရှိရမည် ဖြစ်သည်။
မြန်မာလူငယ်များသည် သမိုင်းတစ်လျှောက် နိုင်ငံနှင့်လူမျိုး၏အကျိုးစီးပွားအတွက် ၎င်းတို့ အစွမ်းရှိသမျှ ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် တာဝန်ကျေပွန်ခဲ့ကြသည်။ နိုင်ငံနှင့် လူမျိုးအကျိုးကို သယ်ပိုးဆောင်ရွက်လိုသော စိတ်ဓာတ်သည် အဆင့်မြင့်သော၊ နိုင်ငံကြီးသားပီသသော၊ မွန်မြတ်သော၊ ကိုယ်ကျင့်တရားကောင်းမွန်သော စိတ်ဓာတ် ဖြစ်ပါသည်။ ဆရာဇော်ဂျီ၏ “အိုတက်လူတို့” ကဗျာတွင် “ယနေ့လူငယ် နောင်ဝယ်လူကြီး၊ သင်လည်းတစ်ဦး သားထူးသားမြတ်၊ ဖြစ်အပ်ရာသည် ရှေ့သို့ ရည်၍”ဟု ရေးဖွဲ့ထားသကဲ့သို့ ယနေ့လုပ်ငန်း နယ်ပယ်အသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသည့် လူငယ်များအနေဖြင့် နောင်တစ်ချိန်တွင် ကြီးမားသောနိုင်ငံ့တာဝန်များကို ပခုံးပြောင်း ထမ်းဆောင်ကြသည့်အခါ ထူးချွန်ထက်မြက်သော လူကြီးလူကောင်းများဖြစ်အောင် ယခုကတည်းက အားထုတ်ရမည်ဖြစ်သည်။
အပတ်တကုတ်ကြိုးစားအားထုတ်မှုပြုမှသာ
လူကြီးတိုင်း လူငယ်ဘဝကို ဖြတ်သန်းခဲ့ရမြဲဖြစ်ရာ ယနေ့နယ်ပယ်အသီးသီးတွင် အောင်မြင် ကျော်ကြားနေသော လူကြီးများသည် လူငယ်ဘဝမှ ကြိုးစားအားထုတ်ခဲ့ကြသူများဖြစ်ကြသည်။ သို့ဖြစ်ရာ လူငယ်ဘဝမှ လူကြီးဘဝသို့ လျှောက်လှမ်းရသည့် အချိန်ကာလအတွင်း အပတ်တကုတ် ကြိုးစားအားထုတ်မှုပြုမှသာ သက်ဆိုင်ရာနယ်ပယ် အသီးသီးတွင် အများက လေးစားအားထားရသည့် အရည်အသွေးပြည့်ဝသော အောင်မြင်မှုရရှိသော လူကြီးလူကောင်းများ ဖြစ်လာကြပေမည်။
အနာဂတ်နိုင်ငံတော်ကို လူငယ်များကသာ ဦးဆောင်ရမည်ဖြစ်သည်။ လူငယ်များသည် လူကြီးများထက်ပို၍ လွတ်လပ်စွာ တွေးခေါ်နိုင်စွမ်းရှိကြပါသည်။ တိုင်းပြည် အနာဂတ်ကို တည်ဆောက်ရာတွင် လုပ်ရည်ကိုင်ရည်ရှိသော၊ လုပ်ကိုင်နိုင်စွမ်း ရှိသော၊ တွေးခေါ်နိုင်စွမ်းရှိသော မျိုးဆက်သစ် လူငယ်များဖြင့်သာ ဖန်တီးပုံဖော်နိုင်မည်ဖြစ်သည်။ သို့သော် ခေတ်မီဖွံ့ဖြိုးတိုးတက်သော အနာဂတ်နိုင်ငံတော်ကြီးကို နေ့ချင်းညချင်း တည်ဆောက် ယူ၍မရနိုင်ပါ။ အနာဂတ်နိုင်ငံတော် တည်ဆောက် ရာတွင် ဦးဆောင်နိုင်မည့် အသိပညာရှင်၊ အတတ်ပညာရှင်လူငယ်များ မွေးထုတ်ပေးရမည်ဖြစ်သည်။ ပြုစုပျိုးထောင်ပေးရမည်ဖြစ်သည်။ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် မျက်မှောက် ကာလတွင် ရင်းနှီးမြှုပ်နှံရမည်ဖြစ်သည်။
လက်တွဲခေါ်ဆောင်
လူငယ်များတွင် တိုးတက်သည့်အမြင်၊ ပြုပြင် ပြောင်းလဲချင်သည့်အမြင်များရှိကြသည်ကို လူကြီးများက သဘောပေါက်နားလည်ရမည်ဖြစ်သည်။ သဘောထားကြီးစွာဖြင့် လက်တွဲခေါ်ဆောင်နိုင် ရမည်ဖြစ်သည်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် မျိုးဆက်သစ်လူငယ်များ၏ အရေးပါသော အခန်းကဏ္ဍကို လျစ်လျူရှု ချန်လှပ်ထားခြင်းမရှိဘဲ အပြည့်အဝ ပူးပေါင်းပါဝင်နိုင်ရေး အဘက်ဘက်မှ မြေတောင်မြှောက် ပြုစုပျိုးထောင် ပေးရမည်ဖြစ်သည်။ နိုင်ငံတော်အတွက် စိတ်ကောင်း စေတနာကောင်းဖြင့် လုပ်ကိုင်ဆောင်ရွက်ပေးလိုသည့် လူငယ်များကို စနစ်တကျစုစည်းကာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် ယုံကြည်စွာ တာဝန်ပေးအပ်ရမည်ဖြစ်သည်။ မွန်မြတ်ကောင်းမွန်သော စိတ်ထားရှိသည့် လူငယ်ထုအင်အား များပြားလာခြင်းဖြင့် တိုင်းပြည်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေမည်ဖြစ်သည်။ လူငယ်များ အနေဖြင့်လည်း စိတ်ကောင်းစေတနာကောင်းဖြင့် နိုင်ငံနှင့် လူမျိုးအကျိုးကို အစဉ်တစိုက် သယ်ပိုး ဆောင်ရွက်ခြင်းဖြင့် လူငယ်တို့၏ ယဉ်ကျေးသော၊ အဆင့်မြင့်သောစိတ်ဓာတ်ကို လက်ဆင့်ကမ်း ထိန်းသိမ်းရမည်ဖြစ်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) အခန်း(၁)နိုင်ငံတော် အခြေခံမူများ၊ ပုဒ်မ ၃၃တွင် “နိုင်ငံတော်သည် လူငယ်များ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ အတွေးအခေါ်မှန်ကန်ရေးနှင့် ဗလငါးတန် တိုးတက်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ရမည်”ဟု ဖော်ပြပါရှိပါသည်။
လူငယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့်ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စာသင် ကျောင်းများက စတင်ရမည်ဖြစ်ပါသည်။
အသက်(၃)နှစ်မှ (၅)နှစ်အထိ မူကြိုအရွယ်တွင် ဖွံ့ဖြိုးတိုးတက်မှုနယ်ပယ် ငါးရပ်ဖြစ်သည့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ ပေါင်းသင်းဆက်ဆံရေးနှင့် စိတ်လှုပ်ရှားခံစားမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အပြည့်အဝရရှိအောင် မူလတန်းကြိုကျောင်းများက လေ့ကျင့်သင်ကြားပေးခြင်းဖြင့် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်မှုအတွက် မျိုးစေ့ချပေးနိုင်မည် ဖြစ်ပါသည်။ ဆက်လက်၍ အခြေခံပညာကျောင်းများ တွင် ကျောင်းသင်ခန်းစာများမှတစ်ဆင့် လေ့ကျင့်သင်ကြားပေးခြင်း၊ လူငယ်အချင်းချင်း ပညာပေး ခြင်း၊ လူမှုကွန်ရက်နှင့် ဆိုရှယ်မီဒီယာ များမှတစ်ဆင့် အသိပညာပေးခြင်းနှင့် အနုပညာရှင်၊ ထင်ပေါ်ကျော်ကြားသူ၊ Social Influencer များအား ဖိတ်ခေါ်၍ ပညာပေးစေခြင်း စသည့်နည်းလမ်း ပေါင်းများစွာဖြင့် ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ရမည်ဖြစ်သည်။
အခြေခံကျကျ လေ့ကျင့်ပျိုးထောင်
အနာဂတ်နယ်ပယ်အသီးသီးတွင် ဦးဆောင်ဦးရွက်ပြုမည့် လူငယ်များ၏ ကိုယ်ရည်ကိုယ်သွေး တိုးတက်မြင့်မားစေရန်၊ စွမ်းဆောင်ရည်ပြည့်ဝ လာစေရန်၊ တာဝန်သိမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိသူများဖြစ်လာစေရန်၊ အသင်းအဖွဲ့ဖြင့် ပူးပေါင်း ဆောင်ရွက်တတ်စေရန် စာသင်ကျောင်းများမှာ ကတည်းက အခြေခံကျကျ လေ့ကျင့်ပျိုးထောင် ပေးနိုင်ရမည်ဖြစ်သည်။
ကျောင်းသားလူငယ်အရွယ်မှ စတင်၍ ကျန်းမာကြံ့ခိုင်ရေးအတွက် ပညာသင်ယူခြင်းနှင့် အတူ အခြေခံအားကစားနည်းတစ်မျိုးမျိုးကို လေ့လာလိုက်စားစေခြင်းအားဖြင့် ကျန်းမာကြံ့ခိုင် ၍ ဉာဏ်ရည်ထက်မြက်သော လူငယ်များကို မွေးထုတ်ပေးနိုင်မည်ဖြစ်ရာ အခြေခံပညာကျောင်း များမှစတင်၍ ပညာရေး၊ အားကစားနှင့် ကာယ ပညာပေါင်းစပ်သင်ကြားမှုကို ပြန်လည်မျိုးစေ့ ချပေးရမည်ဖြစ်ပါသည်။ ကာယပညာသင်ချိန်များတွင် ကာယလေ့ကျင့်ခန်းများ လေ့ကျင့်ခြင်းကို ပြန်လည်အသက်သွင်းရမည်ဖြစ်သည်။ စိတ်ဓာတ် အရည်အသွေး ဖွံ့ဖြိုးတိုးတက်အောင် ပျိုးထောင်ပေးသော ပန်းချီ၊ ဂီတ၊ ကာယပညာတို့ကို အခြေခံပညာကျောင်းများတွင် ပြန်လည်သင်ကြားပေးရမည် ဖြစ်သည်။
ဦးနှောက်အာဟာရ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သုတပညာရပ်များကို လေ့ကျင့်သင်ကြား ပေးရုံသာမက စိတ်(နှလုံးသား) အာဟာရဖွံ့ဖြိုး တိုးတက်စေရေးအတွက် ပြည်သူ့နီတိနှင့် စာရိတ္တ ဘာသာရပ်များကိုလည်း ဟန်ချက်ညီအောင် သင်ကြားပေးရမည်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ လူမှုရေးယဉ်ကျေးမှုအဆင့်အတန်းသည် လူငယ်များ၏ အကျင့်စာရိတ္တနှင့် စိတ်ပိုင်းဆိုင်ရာအမြင်များဖြင့် ကိုယ်စားပြုဖော်ပြခြင်းဖြစ်ရာ မျိုးဆက်သစ် လူငယ်များ အကျင့်စာရိတ္တမြင့်မားရေး၊ ကောင်းမွန်သည့် လူမှုကျင့်ဝတ်များကို ထိန်းသိမ်းမြှင့်တင်ရေး အလေးထားဆောင်ရွက်သွားရမည်ဖြစ်သည်။ ရပိုင်ခွင့်အခွင့်အရေးနှင့် ဆောင်ရွက်ရမည့်တာဝန်များကို ကွဲပြားအောင် ငယ်စဉ်ကတည်းက လေ့ကျင့်ပေး ရမည်ဖြစ်သည်။ မိမိကျောင်း၊ မိမိအဖွဲ့အစည်း၊ မိမိရပ်ရွာ ကောင်းရာကောင်းကျိုး ဆောင်ရွက် လိုသည့်စိတ်များကို ကျောင်းသားလူငယ်များ၏ နှလုံးသားတွင် ရင်းနှီးမြှုပ်နှံပေးရပါမည်။
“စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ” ဟူသော ဆောင်ပုဒ်နှင့်အညီ စိတ်ဓာတ်၊ စည်းကမ်း ကောင်းမွန်မှသာလျှင် လူကောင်းတစ်ဦးဟု သတ်မှတ်နိုင်မည်ဖြစ်ပြီး ပညာထူးချွန်၍ စွမ်းဆောင် ရည်ပြည့်ဝမှသာ လူတော်ဟု သတ်မှတ်နိုင်မည် ဖြစ်ရာ ကိုယ်ကျင့်တရား၊ စာရိတ္တကောင်းမွန်ပြီး ပညာထူးချွန်သော လူကောင်းလူတော်များ ဖြစ်အောင် ပြုစုပျိုးထောင်ရမည်ဖြစ်သည်။ စာရိတ္တ နှင့်ပြည်သူ့နီတိဘာသာရပ်ကို စနစ်တကျ သင်ကြား ပို့ချပေးခြင်းအားဖြင့် ကိုယ်ကျင့်တရား ကောင်းမွန် လာစေခြင်း၊ ယဉ်ကျေးသိမ်မွေ့၍ နိုင်ငံကြီးသား ပီသခြင်း၊ လူ့ကျင့်ဝတ်၊ လူ့တန်ဖိုးကို အလေးထား၍ စိတ်ဓာတ်စည်းကမ်း ကောင်းမွန်လာခြင်း၊ မျိုးချစ် စိတ်ဓာတ်ရှင်သန်ထက်မြက်လာစေခြင်း၊ အများအကျိုးကို ဆောင်ရွက်လိုသည့် ပရဟိတစိတ်များ ဖွံ့ဖြိုးလာခြင်း၊ တာဝန်ယူမှု တာဝန်ခံမှုရှိခြင်းစသည့် အခြေခံအလေ့အကျင့်ကောင်းများရရှိစေပြီး လူငယ်ဘဝ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုစေမည်ဖြစ်သည်။
နိုင်ငံတော်အတွက် များစွာအကျိုးရှိစေမည်
အခြေခံပညာအဆင့်တွင် Creative Thinking အားကောင်းလာစေရန်၊ တက္ကသိုလ်ဘွဲ့ကြိုတန်းတွင် Critical Thinking အားကောင်းလာစေရန်နှင့် ဘွဲ့လွန်တန်းတွင် Strategic Thinking အားကောင်း လာစေရန် လေ့ကျင့်သင်ကြားပေးသင့်ကြောင်း နိုင်ငံကျော်စာရေးဆရာကြီးတစ်ဦး၏ ဟောပြော ပို့ချမှုကို နားထောင်မှတ်သားဖူးသည်ဖြစ်ရာ လက်တွေ့အကောင်အထည်ဖော်နိုင်ပါက နိုင်ငံတော်အတွက် များစွာအကျိုးရှိစေမည်ဖြစ်သည်။
လူငယ်တို့၏သဘောသဘာဝမှာ သက်ရွယ်တူ အပေါင်းအသင်းများကို အလေးထားသည်ဖြစ်ရာ ဝါသနာတူ လူငယ်များစုဝေးပြီး အဖွဲ့လိုက်လှုပ်ရှား ဆောင်ရွက်မှုများကို ငယ်စဉ်ကတည်းက လေ့ကျင့်ပေးရပါမည်။ တစ်ဦးကောင်းတစ်ယောက်ကောင်း ဆောင်ရွက်သည်ထက် အဖွဲ့အစည်းစိတ်ဓာတ်၊ အဖွဲ့အစည်းဖြင့် လှုပ်ရှားဆောင်ရွက်မှုများကို အားပေးရမည်ဖြစ်သည်။ ကျောင်းသားအရွယ် ကတည်းက ပူးပေါင်းဆောင်ရွက်တတ်ရန်၊ သူငယ်ချင်းအပေါင်းအသင်းများနှင့် သဟဇာတ ဖြစ်အောင်နေထိုင်တတ်ရန်၊ အခက်အခဲစိန်ခေါ်မှု ပြဿနာများကို ပူးပေါင်းဖြေရှင်းတတ်စေရန်၊ စေတနာ့ဝန်ထမ်းနှင့် လူမှုရေးလုပ်ငန်းများတွင် ပါဝင်လုပ်ဆောင်တတ်စေရန် လေ့ကျင့်ပျိုးထောင် ပေးရမည်ဖြစ်သည်။
လူရည်ချွန်လူငယ်၊ ကင်းထောက်လူငယ်၊ ရေကြောင်းလူငယ်၊ လေကြောင်းလူငယ်၊ ကြက်ခြေ နီလူငယ် စသည့်လူငယ်အဖွဲ့အစည်းများ၏ လှုပ်ရှားဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရေး ပြုစုပျိုးထောင်ပေးရမည်ဖြစ်သည်။ လူငယ်များ၏ စေတနာ့ဝန်ထမ်းနှင့် ပရဟိတစိတ်ဓာတ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အားပေးမြှင့်တင်သွားရမည် ဖြစ်သည်။ ဝါသနာတူ လူငယ်များစုဖွဲ့ထားသည့် ဘာသာရေး၊ လူမှုရေး၊ စာပေ၊ ယဉ်ကျေးမှု၊ အားကစားနှင့် ပရဟိတအဖွဲ့အစည်းများ မြန်မာနိုင်ငံ တစ်နံတစ်လျား အားကောင်းလာစေရေး ချီးမြှင့်အားပေးရမည်ဖြစ်သည်။
အခြေခံပညာကျောင်းများ၊ တက္ကသိုလ်/ ဒီဂရီကောလိပ်များအချင်းချင်းကြား အပြန်အလှန် လေ့လာရေးအစီအစဉ်များ၊ လူမှုရေးလုပ်ငန်းများ၊ ကျပန်းစကားပြောပွဲများ၊ စကားရည်လုပွဲများ၊ အားကစားပြိုင်ပွဲများ၊ လူငယ်စကားဝိုင်းများ၊ Talk Showများ၊ ဆိုကရေးတီးပြိုင်ပွဲများ၊ စာပေအနုပညာ ပြပွဲများကို စဉ်ဆက်မပြတ် ကျင်းပပြုလုပ်ပေးခြင်းဖြင့် လူငယ်များအချင်းချင်းကြား ပူးပေါင်း ဆောင်ရွက်လိုသည့်စိတ်ဓာတ်၊ မျှဝေတာဝန်ယူသည့် စိတ်ဓာတ်၊ မတူကွဲပြားမှုများအား နားလည်လက်ခံပြီး တန်းတူညီမျှမှုကို တန်ဖိုးထားသည့်စိတ်ဓာတ်၊ မိတ်ဆွေအပေါင်းအသင်းကို လေးစားတန်ဖိုးထား သည့်စိတ်ဓာတ် စသည့်အသင်းအဖွဲ့ဖြင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများကို ရရှိစေမည်ဖြစ်ပါသည်။ လူငယ်များကို ရှေ့ဆောင်လမ်းပြပြုရမည့် ဆရာ ဆရာမများက လည်း အဖွဲ့အစည်းနှင့် ပူးပေါင်းလုပ်ဆောင်လိုစိတ်များ၊ အဖွဲ့အစည်းဖြင့်ဆောင်ရွက်မှသာ ရေရှည်တည်တံ့သော အောင်မြင်မှုရရှိနိုင်မည့် ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှု အခြေခံသဘောတရားများကို လက်တွေ့လေ့ကျင့်သင်ကြားပေးခြင်းဖြင့် နိုင်ငံ့သားကောင်းလူငယ်များဖြစ်အောင် မွေးထုတ်ပေးနိုင်မည်ဖြစ်သည်။
လူဦးရေဆုလာဘ်
၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံသည် မှီခိုသူ လူဦးရေအချိုးအစားနည်းပါးပြီး အလုပ်လုပ်နိုင် သော လူဦးရေအချိုးအစား များပြားကာ လူသားအရင်းအမြစ်ပေါများသည့် အခြေအနေတစ်ရပ် ဖြစ်သည့် “လူဦးရေဆုလာဘ်” သို့မဟုတ် “အခွင့်အရေးတံခါး” (Demographic Dividend/ Demographic Window of Opportunity) ပိုင်ဆိုင် ရရှိထားသည်ဟု လူဦးရေပညာရှင်များ၏အဆိုအရ သိရှိရသည်။ ယင်းလူဦးရေဆုလာဘ်သည် ၂၀၄၀ ပြည့်နှစ်အထိသာ ရရှိနိုင်မည်ဟုလည်း ဆိုထားပါသည်။
နိုင်ငံတော်အစိုးရအနေဖြင့် အဆိုပါအခွင့် အရေးကို အပြည့်အဝအကျိုးရှိစွာ အသုံးချ၍ နိုင်ငံ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်သည်။ သို့သော် ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင် စာရင်းအစီရင်ခံစာအရ အသက် (၁၅) နှစ်အထက် လူဦးရေ၏ လုပ်သားအင်အားပါဝင်နှုန်းမှာ ၆၃ ရာခိုင်နှုန်း (လူဦးရေ ၂၂ ဒသမ ၉) သန်းရှိသည့်အနက် တစ်ဝက်ခန့်သာ အလယ်တန်းအဆင့်ပညာ တတ်မြောက်ကြောင်း တွေ့ရှိရသည်။ အသက် (၂၅) နှစ်အထက် လူဦးရေ၏ ၁၃ ဒသမ ၃ ရာခိုင်နှုန်းခန့် သာ အထက်တန်းပညာအောင်မြင်ပြီး ၁၁ ဒသမ ၄ ရာခိုင်နှုန်းခန့်သာ တက္ကသိုလ်မှ ဘွဲ့ရရှိကြောင်း သိရှိရပါသည်။
နိုင်ငံတော်၏အနာဂတ်အတွက် လူငယ်လူရွယ်များကို အရည်အသွေးပြည့်ဝနေစေရန် ပညာရေးနှင့် ကျွမ်းကျင်မှုအတတ်ပညာများကို လေ့လာနိုင်မည့် အခွင့်အလမ်းများဖန်တီးပေးခြင်း၊ အမျိုးသားအဆင့် စီမံကိန်းများ ရေးဆွဲချမှတ်အကောင်အထည်ဖော် ခြင်းဖြင့် ကြိုတင်ပြင်ဆင်လေ့ကျင့်ပျိုးထောင်ပေးရန် လိုအပ်လျက်ရှိပါသည်။ လူငယ်လူရွယ်များ၏ အသက်မွေးဝမ်းကျောင်းမှု အထောက်အကူပြုစေမည့် အသက်မွေးဝမ်းကျောင်းပညာ အခြေခံရရှိရေးအတွက် လက်ရှိနိုင်ငံတော်က အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စက်မှုနည်းပညာ၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်းများအား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တိုးချဲ့ဖွင့်လှစ် ရမည်ဖြစ်သည်။
၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းအရ ပျမ်းမျှစာတတ်မြောက်မှုနှုန်း ၈၉ ဒသမ ၁ ရာခိုင်နှုန်းသာရှိသည့်အတွက် နိုင်ငံသားအားလုံး စာတတ်မြောက်ရေး၊ ပညာရေးတန်းစဉ်ကူးပြောင်း မှုနည်းပါးခြင်းလျှော့ချရေး၊ ကျောင်းတက်သူဦးရေ တိုးတက်လာစေရေးနှင့် KG+9 ပညာရေးကို အမျိုးသားရေးတာဝန်အဖြစ် တိုင်းဒေသကြီး/ပြည်နယ်အားလုံးတွင် အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်သည်။
မြန်မာနိုင်ငံရှိလူငယ်များ စနစ်တကျဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ဆောင်လမ်းပြ ပေးနိုင်ရန် လူငယ်ရေးရာမူဝါဒကို ၂၀၁၇ ခုနှစ်တွင် ရေးဆွဲပြဋ္ဌာန်းခဲ့ပြီး ယင်းမူဝါဒနှင့်အညီ လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် လူငယ် ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံချက်(၂၀၂၀-၂၀၂၄)ကိုလည်း ၂၀၂၀ ပြည့်နှစ်တွင် အတည်ပြုပြဋ္ဌာန်းထားရှိပြီးဖြစ်သည်။
လူငယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အဓိကကဏ္ဍ(၁၆)ရပ်
လူငယ်ရေးရာမူဝါဒပါ လူငယ်ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာအဓိကကဏ္ဍ (၁၆)ရပ်ဖြစ်သည့် ပညာ ရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ မူးယစ်ဆေးဝါးနှင့် အခြားဘေးဖြစ်စေတတ်သည့် အန္တရာယ်များကဏ္ဍ၊ အားကစားနှင့်အပန်းဖြေခြင်းကဏ္ဍ၊ အလုပ်အကိုင် အခွင့်အလမ်းကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ နိုင်ငံရေးကဏ္ဍ၊ စာပေအနုပညာနှင့် ယဉ်ကျေးမှုကဏ္ဍ၊ သုတေသနကဏ္ဍ၊ သိပ္ပံနှင့်နည်းပညာကဏ္ဍ၊ ပြည်သူ့နီတိနှင့် နိုင်ငံ့သားကောင်းဖြစ်မှုကဏ္ဍ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကဏ္ဍ၊ ငြိမ်းချမ်းရေးနှင့် ဘဝလုံခြုံရေးကဏ္ဍ၊ ကျား/မ ညီမျှမှုကဏ္ဍ၊ လူ့အခွင့်အရေးကဏ္ဍနှင့် နိုင်ငံတကာ ဆက်ဆံရေးကဏ္ဍများတွင် လူငယ်များ၏ကိုယ်တိုင် ကိုယ်ကျပါဝင်မှုဖြင့် ထိရောက်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဆက်စပ်ဝန်ကြီး ဌာနများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များက မိမိတို့၏ နှစ်အလိုက် အရအသုံးခန့်မှန်းခြေငွေစာရင်းတွင် ဘတ်ဂျက်ထည့်သွင်းရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ပါသည်။
လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကဦးဆောင်ဝန်ကြီးဌာနများဖြစ်ကြ သည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာနနှင့် ပြန်ကြားရေး ဝန်ကြီးဌာနတို့ကဦးဆောင်ကာ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်လူငယ်ရေးရာ ကော်မတီများနှင့်ပူးပေါင်း၍လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲများ၊ လူငယ်စကားဝိုင်းများ၊ ဂီတဖျော်ဖြေပွဲများ၊ စာပေ အနုပညာပြပွဲများ၊ အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်းနှင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများ ဖွင့်လှစ်ပေးလျက် ရှိသည်ကိုလည်း ဝမ်းမြောက်ဖွယ်တွေ့မြင်ရပါသည်။
လူကောင်းလူတော်များကို မွေးထုတ်ပေးနိုင်မည်
ဗလငါးတန်ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ မျိုးဆက်သစ်လူငယ်များ၏နှလုံးသားတွင် မျိုးချစ်စိတ်၊ အမိနိုင်ငံတော်ကို ချစ်မြတ်နိုးသည့် စိတ်ဓာတ်များ ရှင်သန်ထွန်းကားလာအောင် ပျိုးထောင်ပေးခြင်းအားဖြင့် အနာဂတ်တွင် အသင့်ဖြစ်စေမည့် လူကောင်းလူတော်များကို မွေးထုတ်ပေးနိုင်မည် ဖြစ်သည်။ ဆက်လက်၍ လူငယ်များ အနုပညာ၊ ယဉ်ကျေးမှု၊ အားကစားလှုပ်ရှားမှုများအပါအဝင် လူငယ်ရေးရာကိစ္စရပ်များ လွတ်လပ်စွာ ဆောင်ရွက်နိုင်ပြီး အချင်းချင်း အပြန်အလှန်ထိတွေ့ဆက်ဆံ သင်ယူနိုင်မည့် လူငယ်စင်တာ (Youth Centre)များနှင့် ၂၁ ရာစု ကျွမ်းကျင်မှုအတတ်ပညာများ (21st Century Skills)၊ စီမံခန့်ခွဲမှု အတတ်ပညာရပ် များ(Soft Skills)နှင့် လုပ်သားဈေးကွက်တွင် လိုအပ်ချက်မြင့်မားသည့် ကျွမ်းကျင်မှုအတတ်ပညာ (Skills Training)များအား စနစ်တကျ လေ့ကျင့် သင်ကြားပေးနိုင်မည့် Learning Hub များအား ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် ဖွင့်လှစ်နိုင်ရေး အလေးထား ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါသည်။
လူငယ်များ ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက် ရေးအတွက် လူငယ်ကဏ္ဍမြှင့်တင်ဆောင် ရွက်ခြင်း လုပ်ငန်းရပ်များသည် ဝန်ကြီးဌာန/အဖွဲ့အစည်း တစ်ခုတည်းက ကြိုးစားဆောင်ရွက်၍ အောင်မြင်မှု ရရှိနိုင်မည့် လုပ်ငန်းမျိုးမဟုတ်ဘဲ ဆက်စပ်ဝန်ကြီး ဌာနများ၊ အဖွဲ့အစည်းများ၊ ကော်မတီများနှင့် တာဝန်ရှိသူအားလုံးက အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ်ခံယူကာ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် သွားရမည့်လုပ်ငန်းစဉ်ဖြစ်ပါသည်။
ဗလငါးတန်နှင့်ပြည့်စုံသော မျိုးဆက်သစ် လူငယ်များ မွေးထုတ်ပေးနိုင်ရေး လူငယ်ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ လုပ်ငန်းရပ်များသည် ပြည်ထောင်စုဝန်ကြီးဌာနများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းရပ်များ၊ ဦးစားပေးကဏ္ဍများ၊ ဆောင်ရွက်ချက်များနှင့် ဆက်စပ်လျက်ရှိသည့် (cross-cutting)ကဏ္ဍများဖြစ်သည့်အတွက် လူငယ်ရေးရာကော်မတီများက ဦးဆောင်ကာ ဆက်စပ်ဌာန/ အဖွဲ့အစည်းများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ ပြည်တွင်း/ပြည်ပမှ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်း များ၊ လူထုအခြေပြုအဖွဲ့အစည်းများ၊ ပုဂ္ဂလိက အဖွဲ့အစည်းများ၊ ကွန်ရက်များနှင့် ပြည်သူလူထု တစ်ရပ်လုံးက ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အပြည့် အဝပူးပေါင်းပါဝင်အားဖြည့်မှသာလျှင် ခေတ်မီဖွံ့ဖြိုးတိုးတက်သော၊ လူမှုသဟဇာတဖြစ်သော အနာဂတ်နိုင်ငံတော်ကြီးကို ဗလငါးတန်နှင့်ပြည့်ဝသည့် မျိုးဆက်သစ်လူငယ်များဖြင့် တည်ဆောက် နိုင်မည်ဖြစ်ပေသည်။ ။
ကိုးကား
- ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ၏ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း(၂၀၁၆)
- လူငယ်ရေးရာမူဝါဒ (၂၀၁၇)
- ၂၁ ရာစု ပြည်သူ့နီတိ၊ တင်ညွန့် (၂၀၁၈)
- လူငယ်အကြောင်း ပညာအကြောင်း ဆရာ အကြောင်း တစေ့တစောင်း၊ မောင်ခင်မင် (ဓနုဖြူ)၊ ၂၀၁၉
- ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း အစီရင်ခံစာ (၂၀၂၀)
- လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်(၂၀၂၀-၂၀၂၄) (၂၀၂၀)
- မြန်မာ့အလင်းသတင်းစာများ (၂၀၂၃)