လူငယ်များ၏ စိတ်ကူးအိပ်မက် သို့မဟုတ် လူရည်ချွန်

သျှင်မေ

ယခုနှစ် ဧပြီလကုန်ပိုင်းက လူရည်ချွန်များ လေ့လာရေးခရီးစဉ် သွားရောက်ကြသည့်သတင်းများကို ရုပ်မြင်သံကြား၊ သတင်းစာနှင့် လူမှုကွန်ရက်စာမျက်နှာများတွင် မြင်ရ၊ ဖတ်ရှုရသည်။ နဝမတန်းမှသည် ဒွါဒသမတန်းအထိ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးအလိုက် အဆင့်ဆင့် စိစစ်ရွေးချယ်ထားပြီး ထိုက်ထိုက်တန်တန် ပါဝင်ခွင့်ရကြသော လူငယ်မောင်မယ်များ၏ လူရည်ချွန်လေ့လာရေးခရီးစဉ်မြင်ကွင်းများတွင် သူတို့၏ စိတ်အားတက်ကြွမှု၊ ရွှင်လန်းမှုနှင့် စူးစမ်းလေ့လာမှု၊ ပျော်ရွှင်မှုတို့ကို ထပ်တူခံစားရသည်။

လူငယ်များသည် ပင်ကိုသဘာဝအရ တက်တက်ကြွကြွဖြင့် နိုးကြားဖျတ်လတ်သည်။ လှုပ်လှုပ်ရှားရှား စိတ်အားထက်သန်လေ့ရှိသည်။ တီထွင်ဖန်တီးလိုစိတ်၊ စူးစမ်းလေ့လာလိုစိတ်၊ တာဝန်ယူလိုစိတ်၊ ဦးဆောင်လိုစိတ်၊ ပါဝင်ပူးပေါင်းလိုစိတ်၊ အားကိုးမှုကို ခံယူလိုစိတ် ပြင်းထန်ကြသည်။ ကြိုးစားအားထုတ်မှုနှင့်ပေါင်းစပ်ကာ သူတို့၏စိတ်ကူးစိတ်သန်းများကို အကောင်းဆုံးရွက်လွှင့်လိုစိတ်ရှိသည်။ ထိုသို့သောလူငယ်များအတွက် လူရည်ချွန်ဖြစ်ခွင့်ရခြင်းသည် အကောင်းဆုံးသော ပံ့ပိုးမှုဖြစ်ပြီး အခြားအခြားသော လူငယ်များအတွက်လည်း လေးစားအတုယူစရာပင် ဖြစ်ပါသည်။

လူရည်ချွန်များအဖြစ် အဆင့်ဆင့် စိစစ်ရွေးချယ်၍ ဂုဏ်ပြုမြှောက်စားရခြင်းမှာ တစ်နေ့တွင် လူရည်ချွန်များသည် နိုင်ငံတော်အား တတ်စွမ်းသည့်ဘက်မှ အလုပ်အကျွေးပြုကြမည့် နိုင်ငံ၏ သားကောင်း သမီးကောင်းများအဖြစ် တာဝန်အပ်နှင်းသည့်အဓိပ္ပာယ်ပင်ဖြစ်ပါသည်။ လူရည်ချွန်တို့အတွက် ခေတ်အဆက်ဆက် ဆုံးမစကားတစ်ခွန်းမှာ လူရည်ချွန်တစ်ခါဖြစ်လျှင် ဘဝတစ်လျှောက်လုံး လူရည်ချွန်ပင်။ လူရည်ချွန်စိတ်ဓာတ်ဖြင့် မိမိတို့ ကျွမ်းကျင်လိမ္မာသည့် အတတ်ပညာများဖြင့် နိုင်ငံအတွက်၊ လူမျိုးအတွက် ပံ့ပိုးကူညီပေးကြရမည့် လူတော်လူကောင်းများအဖြစ် သာယာအေးချမ်းသည့် လူ့ဘောင်အဖွဲ့အစည်း တည်ဆောက်နိုင်ကြစေဖို့ တာဝန်အသိကိုပါ တစ်ပါတည်းထည့်သွင်း ပေးလိုက်နိုင်ခြင်းပင်မဟုတ်ပါလား။

လူရည်ချွန်ဖြစ်လာဖို့ အရည်အချင်းများစွာ

သားငယ်၊ သမီးငယ် လူငယ်မောင်မယ်တို့သည် ပန်းကလေးများနှင့် အလားသဏ္ဌာန်တူ၏။ ပန်းကလေးတစ်ပွင့် ငွားငွားစွင့်စွင့် ပွင့်ဖူးလာစေရန် ကောင်းမွန်သော မြေ၊ သန့်ရှင်းသောလေ၊ အေးချမ်းသောရေနှင့် နေရောင်ခြည်တို့ အချိုးကျနစွာ ပေါင်းစပ်ပြီးမှသာ ကျန်းမာသန်စွမ်းပြီး အရောင် အသွေးကြွယ်ဝသည့် ပန်းကလေးများ ပွင့်ကြဖူးကြသကဲ့သို့ ဥယျာဉ်မှူးနှင့်တူသော မိဘ၊ ဆရာတို့၏ စနစ်တကျသင်ကြားပြသမှု၊ နိုင်ငံတော်၏ အားပေး မြေတောင်မြှောက်မှုတို့ကြောင့် အနာဂတ်အတွက် အားထားရသည့် လူရည်ချွန် လူရည်မွန်များ ထွက်ပေါ်လာမည်ဖြစ်ပါသည်။ အခုရေတွင်းတူး အခုရေကြည်သောက်၊ ယနေ့ ထကြိုးစားလိုက်၍ ယနေ့ရရှိလာသည့် ကံထူးမှုမျိုးမဟုတ်။ ငွေပေး၍ လူရည်ချွန်ဖြစ်ခွင့်မရ၊ ငယ်စဉ်ကတည်းက စနစ်တကျ လေ့ကျင့်ပျိုးထောင်ပေးခြင်းမှ လူရည်ချွန်များအဖြစ် မြင်တွေ့ရခြင်းဖြစ်သည်။

လူရည်ချွန်တစ်ယောက်ဖြစ်လာရန် ကျောင်းအဆင့်တွင် အတန်းအလိုက် အမြင့်ဆုံးရမှတ်များ ရရှိထားရမည်ဖြစ်ပြီး ကျောင်းအဆင့် ရွေးချယ်ထားသည့် လူရည်ချွန်များကို နှစ်ကုန်ကာလတွင် မြန်မာစာနှင့် အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတနှင့် လူတွေ့နှုတ်ဖြေ၊ ကာယကြံ့ခိုင်ရေးနှင့် ယုံကြည်မှုတို့ကို မြို့နယ်အဆင့် အကဲဖြတ်ရွေးချယ်ခြင်းခံကြရသည်။ မြန်မာစာ၊ အင်္ဂလိပ်စာ ရမှတ် ၁၀၀ စီ၊ ပြင်ပဗဟုသုတနှင့် သင်္ချာနှစ်ခုပေါင်း၍ အထွေထွေဗဟုသုတရမှတ် ၁၀၀ ဖိုး ဖြေဆိုရသည်။ လူတွေ့စစ်ဆေးရာတွင် ဘဝတွက်တာ ကျွမ်းကျင်စရာ၊ စာရိတ္တ၊ ပြည်သူ့နီတိ၊ မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးစံတို့နှင့်ပတ်သက်၍ အကဲဖြတ်မေးမြန်းပြီး ကိုယ်ကာယကြံ့ခိုင်မှုကိုလည်း ဆက်လက်စစ်ဆေးသည်။ တစ်မြို့နယ်လျှင် အတန်းအလိုက် နှစ်ဦးနှုန်းဖြင့် ခရိုင်အဆင့် ဆက်လက်ရွေးချယ်သည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ နဝမတန်း လူရည်ချွန် ၁၄၀၊ ဒသမတန်း လူရည်ချွန် ၁၄၀ ၊ ဧကာဒသမတန်း လူရည်ချွန် ၁၃၇ ဦး၊ ဒွါဒသမတန်း လူရည်ချွန် ၁၃၇ ဦး စုစုပေါင်း ၅၅၄ ဦး ရွေးချယ်မွေးထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။ ယခုနှစ်တွင် လူရည်ချွန်မောင်မယ်တို့အား ယခင်နှစ်များအတိုင်း နဝမတန်းလူရည်ချွန်များကို ရှေးဟောင်းအမွေအနှစ်ဒေသပုဂံ၊ ဒသမတန်း လူရည်ချွန်များအား ရှမ်းပြည်နယ် တောင်ပေါ်ဒေသ တောင်ကြီးမြို့၊ ဧကာဒသမတန်း လူရည်ချွန်များကို ဧရာဝတီတိုင်းဒေသကြီး ပင်လယ်ကမ်းခြေ ငွေဆောင်မြို့သို့ စေလွှတ်သလို ဒွါဒသမတန်း လူရည်ချွန်များကို ပင်လယ်ကမ်းခြေ ချောင်းသာလူရည်ချွန်စခန်းအသီးသီးကို လေ့လာရေးခရီးစဉ်များ စေလွှတ်ပေးခဲ့သည်။

ယင်းသို့ စေလွှတ်ခြင်းအားဖြင့် ရည်ရွယ်ချက်ချမှတ်ခဲ့သည့်အတိုင်း လူရည်ချွန်မောင်မယ်များအချင်းချင်း ချစ်ခင်ရင်းနှီးမှုရရှိခြင်း၊ အသိပညာဗဟုသုတများ ဖလှယ်နိုင်ခြင်းအပြင် လူရည်ချွန် စခန်းအခြေစိုက်ရာဒေသများ၏ ဒေသန္တရဗဟုသုတများရရှိခြင်း၊ ရိုးရာယဉ်ကျေးမှုဓလေ့များ သိရှိနားလည်ပြီး မိမိနိုင်ငံနှင့် လူမျိုးအားချစ်မြတ်နိုးစိတ်၊ တန်ဖိုးထားထိန်းသိမ်းလိုစိတ်များ ကိန်းအောင်းရှင်သန်လာစေမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ် လူရည်ချွန်မောင်မယ်များအား နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်း ရှင်းဗဟိုဌာန-၂ (MICC-II)၌ ဩဝါဒစကားပြောကြား စဉ် ထည့်သွင်းပြောကြားခဲ့သည်။

ရောက်ရှိရာဒေသ၏ ရိုးရာယဉ်ကျေးမှုများစွာကို လေ့လာခွင့်ရ

လူရည်ချွန်စခန်းများတွင် နိုင်ငံတော်၏သမိုင်း၊ လွတ်လပ်ရေးကြိုးပမ်းမှုအခြေအနေများ၊ တက္ကသိုလ်ဘာသာရပ် မိတ်ဆက်ဟောပြောပွဲများ၊ အပြန်အလှန်ဆွေးနွေးမှုများ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ၊ ကျပန်းစကားပြောပွဲနှင့် အားကစားသမားပြိုင်ပွဲများစသည့် အစီအစဉ်မျိုးစုံကို မိသားစုစိတ်ဓာတ်၊ အသင်းအဖွဲ့စိတ်ဓာတ်တို့ဖြင့် အများနှင့် စုပေါင်းဆောင်ရွက်တတ်သည့် အလေ့အထကောင်းများစွာ ကို ပိုင်ဆိုင်သွားကြရန် လေ့ကျင့်ခဲ့ကြသည်။ လူရည်ချွန်စခန်းများတွင် အပန်းဖြေခြင်းသက်သက်တင်သာမက ဒေသန္တရဗဟုသုတများစွာ ရရှိခဲ့ကြပြီး ရသမျှအချိန်တို့တွင် အလုပ်ရုံ၊ စက်ရုံ၊ စိုက်ပျိုး မွေးမြူရေး၊ လူမှုရေးရာအဖြာဖြာနှင့် ရောက်ရှိရာ ဒေသ၏ ရိုးရာယဉ်ကျေးမှုများစွာကို လေ့လာခွင့် ရရှိခဲ့ကြသည်။

လူရည်ချွန်စီမံကိန်းမှာ ၁၉၆၄ ခုနှစ်တွင် စတင်ခဲ့သည့် စီမံကိန်းတစ်ရပ်ဖြစ်ပြီး ၁၉၈၈ ခုနှစ်အထိ (၂၅) ကြိမ်မြောက် ငွေရတုလူရည်ချွန်စီမံကိန်းအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် ရပ်နားခဲ့သည့် လူရည်ချွန်စီမံကိန်းကို ၂၀၁၃ ခုနှစ်တွင် ဘက်စုံပညာထူးချွန်လူငယ်စီမံကိန်းအဖြစ် ပြန်လည် ဆောင်ရွက်ခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် လူရည်ချွန်စီမံကိန်းအမည်ဖြင့် ပြန်လည်ပြင်ဆင်ခဲ့ပြီး ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် လူရည်ချွန်မောင်မယ်များ ရွေးချယ်နိုင်ခဲ့သော်လည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကြောင့် လူရည်ချွန်စခန်းများသို့ စေလွှတ်ခြင်းကို ရပ်နားခဲ့ရသည်။ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်နှင့် ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်များတွင် ရောဂါကူးစက်ပြန့်ပွားမှုထိန်းချုပ်မှုအခြေအနေအရ လူရည်ချွန်စီမံကိန်းကို ခေတ္တရပ်နားခဲ့ရာမှ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်တွင် အောင်မြင်စွာ ပြန်လည် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့သည်။

မျက်မှောက်ခေတ်တွင် မိဘတို့က သားသမီးများကို ရွှေလမ်းငွေလမ်းခင်း၍ ပညာသင်ယူခွင့် ပေးကြသည်။ နိုင်ငံတော်ကလည်း အခြေခံပညာအတန်းများတွင် အခမဲ့ပညာသင်ကြားရေးကို ကျင့်သုံး၍ လူတိုင်းစာတတ်မြောက်စေဖို့ တွန်းအားပေးသည်။ ထူးချွန်လိုစိတ်ရှိမည်ဆိုပါက လွယ်လင့်တကူ အလိုရှိရာ ပညာရပ်အသီးသီးကို ရယူနိုင်ပြီး မိမိဘက်မှ ကြိုးစားရုံသာဖြစ်သည်။ သို့သော် လူရည်ချွန်များအနက် အမိမဲ့၊ အဖမဲ့၊ ဓနအင်အား အားနည်းသူများကိုလည်း ခေတ် အဆက်ဆက်မြင်တွေ့ရသည်။ သာမန်မိဘတို့၏ ကာယလုပ်အားဖြင့် အသက်မွေးဝမ်းကျောင်းပညာ သင်ယူနေသူ၊ လယ်ယာကိုင်းထဲ အလုပ်လုပ်ရင်းဖြင့် သားသမီးတို့ လူရည်ချွန်ဖြစ်ခြင်းကြောင့် ဂုဏ်ယူနေသော မိဘတို့ကိုလည်း မြင်တွေ့ရဖူးသည်။ ဘုန်းတော်ကြီးသင်ကျောင်းတွင်တက်ကာ လူရည်ချွန်ဖြစ်ရန် ရည်မှန်းချက်ထား ကြိုးစားသဖြင့် ထပ်ကွမ်းလူရည်ချွန်ဖြစ်ခဲ့သော တိုင်းရင်းသားလူငယ်လေးများကိုလည်း ဂုဏ်ယူဖွယ်မြင်တွေ့ရသည်။ လွန်ခဲ့သည့် ဆယ်စုနှစ်များဆီက လူရည်ချွန်မောင်မယ်တို့ နိုင်ငံအတွက် ကျရာအခန်းကဏ္ဍမှ ကူညီပံ့ပိုးပေးခဲ့သည့် သာဓကများစွာလည်းရှိသည်။ ယနေ့တိုင် ထင်ရှားသည့် လူရည်ချွန်ဟောင်း  အရာထမ်းကြီးများ၊ အသိပညာရှင်၊ အတတ်ပညာရှင် များမှာ နယ်ပယ်အသီးသီးတွင်ရှိနေသည်။

လူရည်ချွန်စီမံကိန်း၏ အနှစ်သာရ

လူရည်ချွန်စီမံကိန်း ဘာကြောင့်ပေါ်ထွက်လာရသနည်းဟုဆိုလျှင် ဘက်စုံထူးချွန်ပြောင်မြောက်သော နိုင်ငံချစ်သားကောင်းသမီးမွန်များ မွေးထုတ်ပေးရန်ပင်ဖြစ်ပါသည်။ ဘက်စုံဟုဆိုလိုက်သည်နှင့် ကာယ၊ ဉာဏနှင့် မြင့်မားသောစာရိတ္တကောင်းမွန်မှု၊ လူသားချင်းစာနာမှု၊ အတ္တဟိတ မိမိတို့၏ကိုယ်ကျင့်သီလကို လုံအောင်ထိန်းသိမ်း စောင့်ရှောက်ခြင်းဖြင့် အခြားသူများ၏ ပျော်ရွှင် ချမ်းမြေ့စွာ နေထိုင်ရေးကို အကျိုးပြုမှု၊ ပရဟိတ အများအကျိုးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ပေးလိုမှု၊ ကျန်းမာကြံ့ခိုင်မှုစသည်တို့အတွက် အကောင်းဆုံးသော စံပြနမူနာအဖြစ် လူရည်ချွန်များက ကြိုးပမ်းဖြည့်ဆည်းကြရန်လည်း လိုအပ်ပါသည်။ ထို့ပြင် စာပေ၊ ဂီတနှင့် မြန်မာ့ယဉ်ကျေးမှုဓလေ့များကို လေ့လာနာယူကြမည်၊ မိမိတို့ယဉ်ကျေးမှုကို တန်ဖိုးထားခြင်းမှသည် မြတ်နိုးမှုနှင့် နိုင်ငံချစ်စိတ်များ ခံစားရရှိကာ သိမ်မွေ့သောစိတ်နှလုံးတို့ လူရည်ချွန်တို့ရင်တွင်းဝယ် ကိန်းအောင်းကြမှသာ နိုင်ငံတော်၏ လူရည်ချွန်စီမံကိန်း အထမြောက်အောင်မြင်မည်ဖြစ်ပါသည်။

ယမန်နှစ်က ပြန်လည်သက်ဝင်လာခဲ့ပြီး နှစ်နှစ်တိုင်ရှိနေပြီဖြစ်သည့် လူရည်ချွန်တို့ ချိတ်ဆက်တွေ့ဆုံရာ လူမှုကွန်ရက်စာမျက်နှာလေးတစ်ခုကို အမှတ်မထင်တွေ့မြင်ရသည်။ ဒေသအသီးသီး၊ လူမျိုးအဖုံဖုံ လူငယ်မောင်မယ်တို့၏ အမှတ်တရစကားလေးများ၊ အချင်းချင်းသီကုံးထားသည့် ချစ်စဖွယ်ကဗျာများ၊ အမှတ်တရဓာတ်ပုံများနှင့် ယမန်နှစ်က မပါဝင်ဖြစ်ခဲ့သူများကို လွမ်းဆွတ်အောက်မေ့ကြခြင်းများ၊ အချင်းချင်း အပြန်အလှန်အားပေးကူညီနေမှု၊ လေးစားမှုများ၊ ခရီးစဉ်အမှတ်တရများကို ဖတ်ရှုကြည့်ရင်း လူငယ်များနှင့် ထပ်တူကြည်နူးရသည်။ လွတ်လပ်သော စိတ်ကူးစိတ်သန်းများ၊ တစ်ဦးအပေါ်တစ်ဦး ချစ်ခင်ကြင်နာမှုများနှင့် တစ်သက်မမေ့စရာအမှတ်တရများကို ထာဝရသိမ်းဆည်းကာ လူရည်ချွန်များမှသည် ထာဝရလူမွန်လူချွန်များ၊ နိုင်ငံနှင့် တိုင်းရင်းသားလူမျိုး အားလုံးတို့ အကျိုးစီးပွားကို မြှင့်တင်ပေးကြမည့် လူရည်ချွန်များအဖြစ် မျှော်လင့်ဂုဏ်ယူမိပါကြောင်း။ ။