စိုးသူ(LPZ)

အားလုံးသောလူတွေရဲ့ စိတ်ထဲမှာ လွှမ်းမိုးတဲ့လူ (သို့မဟုတ်) လေးစားအားကျရတဲ့ လူပုဂ္ဂိုလ်ပေါင်းများစွာ ရှိကြပါတယ်။ အခုခေတ်အသုံးအနှုန်းအရ Role model ပေါ့။ လူတစ် ယောက်စီတိုင်းမှာ လေးစားအားကျစရာ အပြုအမူ၊ အနေအထိုင်တွေ မရှိနိုင်ပါဘူး။ ဒါပေမယ့် ကြီးပွားတိုးတက်နေသူတိုင်းမှာတော့ အတုယူစရာ စံပြ အမူအကျင့်ကောင်းလေးတွေ ရှိတတ်ပါတယ်။ အောင်မြင်နေတဲ့သူတိုင်းမှာ သူတို့အားကျရတဲ့လူတွေဆီက မသိမသာရော၊ သိသိသာသာရော အတုယူအားကျပြီး လိုက်လုပ်တဲ့ အမူအကျင့်တွေရှိတာ တွေ့ရပါတယ်။ လူတိုင်းဆီမှာ အားသာချက်တွေ၊ အားနည်းချက်တွေ မျိုးစုံရှိနေမှာပါ။ ပုထုဇဉ်လူသားတိုင်းမှာ ကောင်းတာတွေ၊ ဆိုးတာတွေ ရောထွေးရှိတတ်ကြတာ သဘာဝပဲမဟုတ်လား။ အားသာချက်လေးတွေကို မြင်အောင်ကြည့်၊ အားနည်းချက်လေးတွေကို ပြုပြင်ဖာထေးပေးရင် လောကကြီးက သာယာစိုပြည်လာမှာပါ။

ကျွန်တော်တို့ ငယ်စဉ်က တောရွာမှာကြီးပြင်းလာခဲ့လေတော့ များများစားစား အတွေ့အကြုံတွေ၊ အတွေးအမြင်သစ်တွေတော့ မရှိခဲ့ပါဘူး။ မြို့မှာကြီးပြင်းခဲ့တဲ့ လူငယ်တွေ အတွေ့အကြုံများတဲ့သူတွေကတော့ဖြင့် သူတို့တွေရဲ့ အဖေ၊ အစ်ကို၊ ပတ်ဝန်းကျင်မှာ အောင်မြင်နေတဲ့သူတွေကို လွယ်လင့်တကူ လေးစားအားကျစရာ တွေ့နိုင်ပါတယ်။ ငယ်ငယ်က ကိုယ်အားကျစရာဆိုလို့ ရွာက ဝတ်တာစားတာ စတိုင်ကျတဲ့ အစ်ကိုကြီးတွေရဲ့ နေတာထိုင်တာလောက်ကိုသာ တွေ့ဖူးခဲ့လေတော့ သူတို့ကိုပဲ လေးစားအားကျခဲ့ရတာပါ။

ကမ္ဘာ့ရွာထဲက စံပြပုဂ္ဂိုလ်

ယနေ့ခေတ်ကာလ တောရွာလူငယ်တွေနဲ့ ဟိုအရင်က လူငယ်တွေမှာ အခွင့်အလမ်းတွေက အလွန်ကွာခြားသွားပါပြီ။ ဘာလို့လဲဆိုတော့ ကမ္ဘာကြီးက ရွာကြီးတစ်ရွာ ဖြစ်နေပါပြီ။ အားလုံးသော သတင်းအချက်အလက်တွေက လက်တစ်ကမ်းမှာပါ။ ယနေ့ခေတ် လူငယ်တွေဟာ စိတ်ကြိုက် Role model ကို ရွေးလို့ရပါတယ်။ Role model ဘာလို့ အရွေး ခိုင်းနေသလဲဆိုရင် သူတို့တွေလို အောင်မြင်တဲ့သူတွေ ဖြစ်စေချင်လို့ပါ။ တကယ်လို့ အခြားသူတွေလို လေးစားအားကျစရာမရှိ ယောင်ဝါးဝါးဆိုရင် ကိုယ်လည်းသူတို့လို လမ်းပျောက်နေတဲ့ လူငယ် ဖြစ်နေမှာစိုးလို့ပါ။

စံပြအားကျတယ်ဆိုတာ အမျိုးမျိုးတော့ရှိပါတယ်။ ကိုယ်က သေချာလေးတော့ ရွေးဖို့လိုပါလိမ့်မယ်။ ဟစ်တလာလို ခေါင်းဆောင်ရဲ့ လူမျိုးသုဉ်းသတ်ဖြတ်တဲ့ကိစ္စမျိုးကို အားကျပြီး စံပြအနေနဲ့ထားမိရင် အားလုံးသောလူသားတွေ အကျိုးနည်းစရာတွေ ဖြစ်ကုန်မယ်။ မြတ်စွာဘုရားလက်ထက်တော် အခါက လူငယ် အဇာတသတ်မင်းသားဟာ သူရဲ့စံပြဟီးရိုး အရွေးမှားခဲ့လို့ တော်ရုံလူတွေ မကျူးလွန်ရဲတဲ့ အဖေကိုသတ်တဲ့ အကုသိုလ်အမှုကြီး ကျူးလွန်ခဲ့တာပါ။ မင်းသားဟာ ဒေဝဒတ်ကို အထင်ကြီးလေးစားခဲ့လေတော့ သံသရာမှာ ကမောက်ကမတွေဖြစ်ပြီး အကျိုးနည်းစရာတွေ ဖြစ်ခဲ့တာပါ။ နောက်ဆုံး မြတ်စွာဘုရားကို ကိုးကွယ်ဆည်းကပ်ခွင့် ရသွားတော့မှ သံသရာရဲ့ ထောက်ရာတည်ရာ အစစ်အမှန် ရသွားခဲ့တာပါ။ ဒါကြောင့် စံပြအားကျစရာလူကို ရွေးတဲ့ကိစ္စဟာ တကယ်ကို အရေးကြီးလှပါတယ်။

ကျိုးကြောင်းဆင်ခြင်ဉာဏ်ဖြင့် ရွေးချယ်ပါ

စံပြထိုက်တဲ့သူဆိုတာ အားလုံးအတွက်အသုံးဝင်ပြီး အကျိုးရှိစေမယ့်လူ၊ တစ်နေရာရာမှာ ထွန်းပေါက်တဲ့သူလည်းဖြစ်ဖို့ လိုပါသေးတယ်။ ဒီလိုအခြေအနေမျိုးမှာ ခွဲခြမ်းစိတ်ဖြာနိုင်ဖို့ဆိုရင် ကိုယ့်မှာ ကျိုးကြောင်းဆင်ခြင်နိုင်တဲ့ဉာဏ် ရှိနေဖို့ လိုအပ်ပါတယ်။ ကျိုးကြောင်းပညာနဲ့ပတ်သက်လို့ နိုင်ငံခြားက အဖြစ်အပျက်လေးတစ်ခု မှတ်မိတာလေး ပြောပြရဦးမယ်။

အမေရိကန်မှာ သိပ္ပံပညာသိပ်တော်တဲ့ ပါရဂူတစ် ယောက်ရှိတယ်။ တစ်နေ့တော့ သူ့ရဲ့ကား စက်ချွတ်ယွင်းသွားလို့ ဝပ်ရှော့ဆရာဆီ လာပြတယ်။ အဆိုပါ ပါရဂူနဲ့ ဝပ်ရှော့ဆရာကလည်း ဆရာဝန်နဲ့ လူနာလိုဖြစ်နေတော့ အတော်လေးရင်းနှီးနေတယ်။ ဒီလိုနဲ့တစ်နေ့မှာ ဝပ်ရှော့ဆရာက ပါရဂူကြီးကို မေးခွန်းလေးမေးချင်လို့ ခွင့်ပြုပါလို့ဆိုလာတယ်။ ဆိုတော့ ပါရဂူကြီးက လူချင်းလည်းခင်မင်တော့ ခွင့်ပြုလိုက်တယ်။ ဆရာက သိပ်တော်တဲ့ပညာရှင်ဆိုတော့ ဖြေနိုင်မှာပါတဲ့။ ကျွန်တော် သိချင်တာက စကားမပြောတတ်တဲ့ လူတစ်ယောက်က စတိုးဆိုင်မှာ ကတ်ကြေးတစ်လက်လိုချင်တယ်ဆိုရင် ဘယ်လိုလုပ် မလဲလို့မေးတယ်။ ပါရဂူကြီးက - လွယ်ပါတယ်ဗျာ လက်က ကတ်ကြေးကိုက်ပြတဲ့ အမူအရာပြပြီးဝယ်ရင် အဆင်ပြေနိုင်ပါတယ်လို့ ဖြေတယ်။ ဝပ်ရှော့ဆရာက - ဒါဆိုဗျာ မျက်စိမမြင်တဲ့ လူတစ်ယောက်က ခေါင်းကိုက်ပျောက်ဆေးလိုချင်တယ် ဆိုရင်ရော ဘယ်လိုလုပ်မလဲတဲ့။ ပါရဂူကြီးက ခဏစဉ်းစားပြီး- ခေါင်းကိုနှိပ်ပြမယ်၊ ပြီးရင် မဲ့ပြမယ်၊ ဒါဆို အဆင်ပြေတာပဲ မဟုတ်လားတဲ့။ ဒီတော့ ဝပ်ရှော့ဆရာက - ဆရာတို့လို ပညာတတ်တဲ့သူတွေ ၇၀ ရာခိုင်နှုန်းအမှားက အဲဒါပဲဗျ။ ဘာလို့လဲဆိုတော့ ဆရာတို့က တစ်ခုခုဆိုရင် ပုံသေနည်းအတိုင်း အမြဲတွေးတယ်။ တကယ်ဆို မျက်စိမမြင်ပေမယ့် သူက စကားပြောတတ်တယ်လေဗျာ။ ပါးစပ်က ခေါင်းကိုက် ပျောက်ဆေးပေးပါဆို ရပြီမဟုတ်လားတဲ့။

တစ်ခါတစ်ခါ လူတွေဟာ ကျိုးကြောင်းပညာနဲ့ ဖြေရှင်းနိုင်တဲ့ ကိစ္စတွေကို သတိလက်လွတ် မေ့နေတတ်ပါတယ်။ လူငယ်တွေ အနေနဲ့ ကိုယ့်ရဲ့ စံပြအားကျစရာကို ရွေးတော့မယ်ဆိုရင် ကျိုးကြောင်းပညာဉာဏ်နဲ့ ချိန်ညှိဖို့အရေးကြီးပါတယ်။

စိတ်နေစိတ်ထားကိုပါ ရွေးချယ်

လူငယ်တစ်ယောက်မှာ မျိုးရိုးဗီဇလွှမ်းမိုးမှု၊ ပတ်ဝန်းကျင် ရိုက်ခတ်မှုဟာလည်း အရေးကြီးတယ်။ လူတစ်ယောက်ချင်းစီတိုင်းမှာလည်း မတူကွဲပြားတဲ့ အတွေးအမြင်တွေ ရှိတယ်ဆိုတာလည်း အားလုံးလက်ခံကြပါတယ်။ အဲဒီလို မတူကွဲပြားတဲ့လူတွေကြားထဲမှာကိုပဲ ကိုယ့်ရဲ့ စံပြလေးစား အားကျရတဲ့လူကို ရှင်းရှင်းလင်းလင်းသိထားဖို့ လိုအပ်ပါတယ်။ ဒါမှသာ ကိုယ် လေးစားအားကျရမယ့် လူဆီမှာ ဘာတွေရှိသင့်တယ်၊ ဘယ်အချက်ကတော့ မရှိသင့်ဘူးဆိုတာ သတ်မှတ်နိုင်မယ်လေ။

ဆရာနေဝင်းမြင့်ရေးပြထားတာလေး သတိရမိတယ်။ အတွေ့ အကြုံဆိုတာ လူတစ်ယောက် လက်ရေးလက်သား ကြည့်ရင်တောင် သူရဲ့စိတ်နေစိတ်ထားကို လေ့လာလို့ ရတယ်တဲ့။ စာလုံးကြီးကြီးနဲ့ မင်စာလုံးထူနေရင် ဝင့်ဝင့်စားစားနဲ့ တက်ကြွတဲ့သူ၊ လက်ရေးပုံမှန်စာလုံးဆိုရင် သမ္မစိတ္တရှိတဲ့သူ၊ လက်ရေးပါးပါးနဲ့ စာလုံးသေးသေးလေးဆိုရင် စိတ်ခံစားမှုအားကြီးပြီး နားလည်မှု ရှိတဲ့သူ၊ စာလုံးတစ်ခုတစ်ခုအကြား အဟကျဉ်းကျဉ်းမထားဘဲ ရေးတတ်သူတွေဟာ အပြောင်းအလဲမကြိုက်တဲ့သူ၊ လက်ရေးကို လွယ်လွယ်ကူကူဖတ်လို့ အဆင်ပြေအောင် ရေးတဲ့သူတွေဟာ နှုတ်မှုရေးရာ အားကောင်းကြသူတွေဆိုပြီး ရေးပြထားတာ ရှိတယ်။ ဒီလိုတွေ ရေးပြနေတာက လူငယ်တွေအနေနဲ့ ကိုယ့်ရဲ့ စံပြပုဂ္ဂိုလ်ကို ရွေးတော့မယ်ဆိုရင် စိတ်နေစိတ်ထားလေးပါ သိထားတော့ ပိုပြီးလေ့လာ အကဲခတ်နိုင်အောင်ပါ။ ကိုယ့်ရဲ့ လေးစား အားကျရတဲ့သူဆိုတာ ပိုပြီးပြည့်စုံနေတဲ့သူဖြစ်လေလေ ပိုကောင်းလေလေပေါ့။ နို့မိုဆို မကောင်းတဲ့အပိုင်းတွေ ပြန်ဖယ်ထုတ်နေရဦးမယ်။ ပြောမယ့်သာပြောနေရတာ။ လူဆိုတာကလည်း ကိုယ့်ကိုယ်ကိုတောင် စိတ်တိုင်းကျတတ်ကြတာမှ မဟုတ် ဘဲ။ မတူတာလေးတွေကိုဖယ်။ တူတာလေးတွေကိုစု။ ကိုယ်ကိုယ်တိုင် ပမာပြုရမှာပဲမဟုတ်လား။

ဆန္ဒဂတိကို ရှောင်ရှားပါ

တကယ်လို့ ကိုယ်ရွေးချယ်ထားတဲ့ စံပြလေးစားအားကျရတဲ့ ပုဂ္ဂိုလ်ဟာ ခြောက်ပစ်ကင်းသဲလဲစင် မဟုတ်ရင်လည်း အားမလျှော့ပါနဲ့။ မိမိမလိုတဲ့ အပိုင်းလေးများကို ချန်ထားခဲ့လိုက်ပါ။ ဘာလို့လဲဆိုတော့ စံပြလူသားကို ဆန်ခါတင်ရွေးနေရင် အချိန်တွေကုန်ပြီး အလဟဿဖြစ်မှာစိုးလို့ပါ။ ဒါပေမယ့် ကိုယ်ရွေးချယ် ထားတဲ့ စံပြလူသားကို ပွင့်ပွင့်လင်းလင်း ဘက်မလိုက်ဘဲ ရွေးချယ်နိုင်ဖို့လည်း လိုအပ်ပါတယ်။ ဆန္ဒဂတိကြောင့် အလျှော့ ပေးလို့တော့ မရပါဘူး။

လူထုဦးလှရဲ့ ပုံပြင်ထဲက ဒေါ်ဘုမ အတိတ်ကောက်သလို ဆိုရင်တော့ အခက်သား။ ဒေါ်ဘုမဟာ စီးပွားရေးအတန်အသင့်ပြည့်စုံတဲ့ မုဆိုးမတစ်ယောက်ပါ။ ယောက်ျားရှိစဉ် ဖိနပ်လုပ်ငန်း လုပ်ကိုင်လာကတည်းက ယုံကြည်ခဲ့ရတဲ့ လူယုံတော်ကြီး ဦးပုကို ဘယ်ကိစ္စမဆိုတိုင်ပင်ပြီးမှ အရေးကြီး ဆုံးဖြတ်ချက်တွေကို ဒေါ်ဘုမအနေနဲ့ ချလေ့ရှိတယ်။ ဒေါ်ဘုမက အရွယ်ကလည်း အရွယ်ကောင်း၊ အတန်အသင့်လည်း ချမ်းသာဆိုတော့ ဒါကို အခွင့်ကောင်းစောင့်နေတဲ့ လမ်းထိပ်က မောင်လတ်ဆိုတာ လည်းရှိတယ်။ ဒေါ်ဘုမကလည်း မောင်လတ်ကို သဘောကျနေတယ်။ ဒါပေမယ့် မောင်လတ်ကိုယူဖို့ လူယုံတော်ဦးပုရဲ့ အဆုံးအဖြတ်ကို ခံယူချင်သေးတော့ ဒေါ်ဘုမက အကျိုးအကြောင်း ရှင်းပြပြီး မေးတယ်။ ဦးပုလည်း သူတို့အတွင်းရေးကို တိုက်ရိုက် အဖြေမပေးချင်တော့ စဉ်းစားရကျပ်နေတယ်။

အဲဒီအချိန်မှာ ဘုန်းကြီးကျောင်းက ဘုရားဝတ်ပြုပြီး ကြေးစည်သံကြားရတယ်။ ဦးပုလည်း အကြံရပြီး ဒီလိုလုပ်ပါလား အခုထုတဲ့ကြေးစည်အသံကို လမ်းထိပ်ကကောင်လေးနဲ့ ဆက်စပ်ပြီး ငါ့တူမ စိတ်ထဲပေါ်လာသလို အတိတ်ယူပါလား” လို့ ပြောလိုက်တယ်။ လူယုံကြီး ယူစေချင်တဲ့အတိတ်က ဒူဝေ ဒူဝေ (လူပေ လူတေ) တဲ့။ နောက်နေ့ရောက်တော့ ဒေါ်ဘုမ ဟိုငနဲကို ယူလိုက်တယ်။ ယူပြီးတော့ မောင်လတ်က ဒေါ်ဘုမကို အနိုင်ကျင့်တယ်၊ သုံးတယ်ဖြုန်းတယ်။ နေရာတကာ ဆူပူကြိမ်းမောင်း တာခံရတယ်။ ဒီအခြေအနေကို ဦးပုက တယ်သဘောမကျလှဘူး။ ဦးပုက နင်ဘယ်လို အတိတ်ကောက်သလဲမေးတော့ ကြေးစည်က ဒူဝေ ဒူဝေဆိုတော့ (ယူလေ ယူလေ) လို့ အတိတ်ကောက် လိုက်တယ်တဲ့။ တစ်ခါတစ်ခါ လူဆိုတာ ကိုယ်ကိုယ်တိုင် စံပြပုဂ္ဂိုလ်ရွေးတဲ့အချိန်မှာ ဒေါ်ဘုမ အတိတ်ကောက်သလို ဆန္ဒဂတိ မလိုက်မိဖို့လည်း လိုအပ်တယ်။

စံပြပုဂ္ဂိုလ်အရွေးမှန်လျှင်

အိမ်တိုင်းမှာရှိတဲ့ လူငယ်အများစုတွေဟာ သူတို့ရဲ့ အဖေ၊ အမေ၊ အစ်ကိုကြီး၊ အစ်မကြီးတွေ၊ ဦးလေး၊ အဒေါ်တွေ စသဖြင့် မျိုးစုံသော လူပုဂ္ဂိုလ်တွေကို မသိစိတ်ထဲမှာ ဟီးရိုးအဖြစ် သတ်မှတ်ထားတတ်ကြပါတယ်။ သူတို့သတ်မှတ်ထားတဲ့လူ ဘာပဲလုပ်လုပ် အကောင်းဆုံးထင်တတ်ကြတာဟာ ဓမ္မတာလို ဖြစ်နေတာပါ။ သူတို့စိတ်ထဲမှာ သတ်မှတ်ထားလိုက်ရင် အဆိုပါပုဂ္ဂိုလ် ဘာပဲလုပ်လုပ် အကောင်းထင်နေပါတော့တယ်။ ဒါကြောင့် ကိုယ့်ရဲ့စံပြလူသား ရွေးတော့မယ်ဆိုရင် ကျိုးကြောင်းပညာဉာဏ်နဲ့ သေချာလေး ရွေးတတ်စေချင်တာပါ။ လူငယ်တွေအနေနဲ့ စံပြပုဂ္ဂိုလ်အရွေးမှားရင် မဟုတ်တာတွေကို အဟုတ်ထင်ပြီး လိုက်လုပ်နေမှာစိုးပါတယ်။

တကယ်လို့ ကိုယ်ရွေးချယ်လိုက်တဲ့ ဟီးရိုးမှန်ပြီး သူ့အတိုင်းသာ တကယ်လိုက်လုပ်နိုင်ခဲ့ရင်လည်း လိုက်လုပ်တဲ့လူငယ်တွေအတွက် ဘဝတန်ဖိုး တက်သွားမှာပါ။ သူ့ဘဝ တန်ဖိုးတက်သွားရင် သူနဲ့ပတ်သက် ဆက်နွှယ်နေတဲ့ သူ့အသိုက်အဝန်းလည်း သာယာလှပသွားပါလိမ့်မယ်။ သူ့ပတ်ဝန်းကျင် သာယာလာမှတော့ သူနဲ့ဆက်စပ်နေတဲ့ မြို့၊ ရွာ၊ တိုင်းနိုင်ငံ အားလုံးရဲ့ ရောင်းရင်းတွေထဲ ကောင်းသတင်းတွေပဲ ပြောပြဖို့ရှိတော့ တာပေါ့။

သင်ဘာတွေလုပ်နေသလဲအခု အင်တာနက်ပေါ်က လူမှုကွန်ရက်ဝက်ဘ်ဆိုက်တွေမှာ အအောင်မြင်ဆုံးလို့ ပြောလို့ရတဲ့ ဖေ့စ်ဘုတ်ကို ပိုင်ဆိုင်နေတာဟာ လူငယ်လေးတစ်ယောက်ဖြစ်တဲ့ မာ့ခ်ဇူကာဘတ်ပါ။ ၁၉၈၄ မေလ ၁၄ ရက်မှာ မွေးဖွားခဲ့တဲ့ မာ့ခ်ဟာ အခုအချိန်မှာ ဆို အသက်က ၃၅ စွန်းစွန်းပဲ ရှိပါသေးတယ်။ ဒါပေမယ့် အလွန်အောင်မြင်နေတဲ့ လူငယ်သန်းကြွယ်သူဌေး ဖြစ်နေပါပြီ။ သူငယ်ငယ်က သိပ္ပံဇာတ်ကားတွေကို အလွန်သဘောကျပြီး ကြီးလာရင် ကွန်ပျူတာပညာရှင် ဖြစ်ချင်ခဲ့တာပါ။ သူက ပရိုဂရမ်အရေးတော်တဲ့ သူတွေကို အလွန်လေးစားအားကျခဲ့တာပါ။ နောက်ဆုံးမှာတော့ သူအားကျတဲ့အရာအတိုင်း သူကြိုးစားနိုင်ခဲ့ပါတယ်။ မာ့ခ်ပြောတဲ့ ကမ္ဘာကျော်စကားတွေ အများကြီးထဲမှာ စာရေးသူအကြိုက်ဆုံး စကားလေးကတော့ လူတွေက သင်ပြောတာတွေကို ဂရုမစိုက်ကြပါဘူး။ သင် ဘာတွေလုပ်နေသလဲဆိုတာကိုသာ ဂရုစိုက်ကြတာပါ” တဲ့။ ကောင်းလိုက်တာ။ တကယ်လည်း လူတွေဟာ သူတို့ရဲ့ ရလဒ် တွေကိုသာ အမြဲစိတ်ဝင်စားကြတာပါ။

ဒါကြောင့် ကျွန်တော်တို့လူငယ်တွေအနေနဲ့လည်း အနှစ်ချုပ်ကြည့်လိုက်ရင် လေးစားအားကျစရာ လူပုဂ္ဂိုလ် မရှိသေးရင် သေချာရွေးလိုက်ပါ။ မိမိရဲ့ ကျိုးကြောင်းဆင်ခြင်နိုင်တဲ့ဉာဏ်နဲ့ သေချာလေး ဝေဖန်သုံးသပ်ပြီး ရွေးချယ်လိုက်ပါ။ နောက်ဆုံး စိတ်နေစိတ်ထားလေးကိုပါ မြင်အောင်ကြည့်ပါ။ မလိုအပ်သည်များတွေ့ ခဲ့ရင်လည်း ရှောင်ရှား၊ လိုသလို အသုံးချပြီး အတုယူလိုက်ပါ။ ဆန္ဒဂတိကိုလည်း မလိုက်မိပါစေနဲ့။ မိမိ လေးစားအားကျစရာပုဂ္ဂိုလ် တွေ့ပြီဆိုရင်ဖြင့် သူ့ရဲ့ကောင်းတဲ့အမူအကျင့်လေးများကို အသွင်ယူကူးပြောင်းရင်း လူငယ်တွေရဲ့ဘဝကို တစ်ဆင့်ထက်တစ်ဆင့် မြှင့်တင်တည် ဆောက်နိုင်ကြပါစေ။ မိမိတို့ရပ်ရွာ၊ မိမိတို့မြို့၊ မိမိတို့ပတ်ဝန်းကျင်အတွက် အကျိုးဆောင်ရင်း အနာဂတ်မှာ ပိုမိုလှပတဲ့ဘဝ တွေ ရယူပိုင်ဆိုင်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း။