လူငယ်နှင့် ဂိမ်းအလွန်အကျွံစွဲလမ်းမှု

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က ဂိမ်းအလွန်အကျွံစွဲလမ်းခြင်း (Gaming Disorder) ကို ရောဂါတစ်ရပ်အဖြစ် ၂၀၁၈ ခုနှစ် အတွင်းက စာရင်းသွင်းခဲ့သည်။ တန်ဆေး လွန်ဘေးဆိုသည့် ဆိုရိုးစကားအတိုင်းပင် ဗီဒီယိုဂိမ်းကစားခြင်းတွင် အကောင်း အဆိုး ဒွန်တွဲနေပြီး အလွန်အကျွံ ကစားမှုများကြောင့် ဆိုးကျိုးများ ဖြစ်ပေါ်လာရခြင်းဖြစ်သည်။

ကလေးများနှင့် လူငယ်လူရွယ်များ ဗီဒီယိုဂိမ်းကို အလွန် အကျွံ ကစားကြခြင်းကြောင့် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးတို့ ထိခိုက်ဆုံးရှုံးမှုများရှိလာသည်။ ကမ္ဘာတွင် ဗီဒီယိုဂိမ်း ထုတ်လုပ်သည့်လုပ်ငန်းများမှာ တစ်နေ့ထက်တစ်နေ့ တိုးတက် ကြီးထွားနေပြီး ဂိမ်းအမျိုးအစားပေါင်းများစွာကို မရေမတွက်နိုင်အောင် ထုတ်လုပ်ကာ ကော်ပီအရေအတွက် ဘီလီယံများစွာ ကမ္ဘာတစ်ခွင် ရောင်းချနေကြခြင်းဖြစ်သည်။ ယင်းအနက် သုံးပုံ တစ်ပုံခန့်မှာ ပစ်ခတ်တိုက်ခိုက်သတ်ဖြတ်မှုများနှင့် လှုပ်ရှားမှု၊ စွန့်စားမှုဂိမ်းများဖြစ်သည်ဟု ဆိုသည်။ အဆိုပါဂိမ်းများကို စွဲစွဲလမ်းလမ်းကစားကြခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာ ကြမ်းတမ်းလာပြီး ရန်လို အကြမ်းဖက်လာကြသည်။ တိုက်ခိုက်သတ်ဖြတ် မှုများနှင့် ယဉ်ပါးလာကြသည်ဟူ၍ ဝေဖန်သုံးသပ်မှုများလည်း ရှိလာသည်။ သုတေသနပြုချက်များအရ ဂိမ်းအလွန်အကျွံကစား သူများတွင် မလိုလားအပ်သော စွဲလမ်းမှုများနှင့် ဦးနှောက်၏ လုပ်ဆောင်ချက်ပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်ကို တွေ့ရှိရသည်ဟု ဆိုသည်။

ဂိမ်းအလွန်အကျွံ စွဲလမ်းနေသူများတွင် နေ့စဉ် ဂိမ်းကစားချိန် များလာခြင်း၊ မဆော့ရ မနေနိုင်ဖြစ်ခြင်း၊ ဂိမ်းကစားပြီး အခြားအလုပ်များလုပ်နေချိန်မှာပင် ဂိမ်းအကြောင်းဆက်လက် စဉ်းစားနေခြင်း၊ ဂိမ်းမြင်တိုင်း ဝင်ကစားကာ စိတ်ညစ်တိုင်းလည်း ဂိမ်းကစားခြင်း၊ ဘဝ၏ အခြားလုပ်ငန်းဆောင်တာများအပေါ်တွင် စိတ်ဝင်စားမှုလျော့နည်းလာခြင်း၊ အပေါင်းအသင်းများကို ရှောင်ကြဉ်လာကာ ဂိမ်းကစားမှုကိုသာ စွဲစွဲလမ်းလမ်းလုပ်ဆောင်ခြင်း စသည်တို့မှာ ဂိမ်းအလွန်အကျွံစွဲလမ်းခြင်း၏ လက္ခဏာများဖြစ်သည်။ လောင်းကစားစွဲခြင်း၊ အရက်စွဲခြင်း၊ မူးယစ်ဆေးစွဲခြင်းတို့ကဲ့သို့ပင် ဂိမ်းစွဲလမ်းခြင်းကြောင့် လူငယ်လူရွယ် အိမ်ထောင်ဘက်များ ကွာရှင်းကြသည့် ဖြစ်စဉ်များစွာရှိကြောင်းလည်း သတင်းများတွင် တွေ့ရှိရသည်။

ဂိမ်းအလွန်အကျွံစွဲလမ်းနေသည့် ကျောင်းသားအရွယ် ကလေး လူငယ်များတွင် အစာအာဟာရ စားသောက်ခြင်း၊ အနားယူအိပ်စက်ခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေး ဆောင်ရွက် ခြင်းတို့ကို လျစ်လျူရှုလာကြပြီး သူငယ်ချင်းအပေါင်းအသင်းများနှင့် သွားလာဆက်ဆံရေး၊ ကိုယ်လက်လှုပ်ရှား ကျန်းမာရေး၊ ကျောင်းသင်ခန်းစာများ လေ့ကျင့်ကျက်မှတ်ရေးတို့ကို အချိန်မပေးနိုင် ဖြစ်လာကြသည်။ အချိန်တိုင်းတွင် ဂိမ်းကိုသာ စဉ်းစားပြီး ဂိမ်းကိုသာ အာရုံထားနေခြင်းကြောင့် အခြားလိုအပ်သည့် အကြောင်းအရာများအတွက် စဉ်းစားတွေးခေါ်နိုင်ခြင်းမရှိ ဖြစ်လာကြသည်။ ဂိမ်းစွဲလမ်းခြင်းကြောင့် ရုပ်ပိုင်း၊ စိတ်ပိုင်း ပြဿနာများစွာ ဖြစ်ပေါ်လာကြရသည်။

အထက်တွင် ဆိုခဲ့သည့်အတိုင်း ဂိမ်းကစားခြင်းတွင် အကောင်းနှင့် အဆိုး ဒွန်တွဲလျက်ရှိရာ ဂိမ်းကို စိတ်အပန်းပြေရုံသာ ကစားခြင်းက ဦးနှောက်ဖွံ့ဖြိုးမှု၊ ဖြတ်ထိုးဉာဏ်နှင့် ပင်ကို အရည်အသွေးတို့ တိုးတက်ကောင်းမွန်လာစေရေးအတွက် အထောက်အကူပြုနိုင်သည်ဟူ၍လည်း ဆိုထားသည်။ မိမိအတွက် သင့်တင့်လျောက်ပတ် ကောင်းမွန်သည့် ဂိမ်းအမျိုးအစားကို ရွေးချယ်ကာ နည်းမှန်လမ်းမှန်၊ စည်းကမ်းတကျ ဆော့ကစားခြင်းဖြင့် မိမိအတွက် ကောင်းကျိုးရလဒ်များကို ရရှိနိုင်မည်သာဖြစ်သည်။ ဗီဒီယိုဂိမ်းကစားခြင်းကို e-Sport အားကစားအဖြစ် နိုင်ငံတကာအဆင့် ပြိုင်ပွဲများပင် ကျင်းပလျက်ရှိရာ ကောင်းသည့် ရည်ရွယ်ချက်ဖြင့်၊ ကောင်းသည့်ဘက်သို့ ဦးတည်ကြခြင်းဖြင့် ဂိမ်းအလွန်အကျွံစွဲလမ်းမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် မကောင်းသော အကျိုးရလဒ်များကို ရှောင်ရှားနိုင်ကြပါစေကြောင်း။   ။

mna