ဘုတလင် ၃၁ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့တွင် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်းပြီး လူငယ်နှင့် ကျန်းမာပျော်ရွှင်ရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို အောက်တိုဘာ ၃၀)ရက် နံနက် ပိုင်းက အခြေခံပညာအထက်တန်းကျောင်း၊ မဟာဗန္ဓုလခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ပြည်သူ့စကားဝိုင်းတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်နှင့် မြို့နယ်စီမံ ခန့်ခွဲမှုကော်မတီဥက္ကဌ ဦးကျော်မိုးလွင်တို့က အမှာစကား ပြောကြားခဲ့ကြသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဟန်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအေးဝင်း၊ မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာဖြိုးကျော်အောင်၊ မြို့နယ်ပညာရေးမှူး ဒေါ်အုန်းယဉ်၊ မြို့နယ် အား/ကာ ဦးစီးမှူး ဒေါ်အေးမြတ်မွန်တို့က အနာဂတ်နိုင်ငံတော် တာဝန်ကို ထမ်းဆောင်ကြမည့် မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများအတွက် ကျန်းမာစေမည့် နေထိုင် စားသောက်မှုပုံစံများ၊ မိမိတို့ဘဝကို တိုးတက်စေမည့် ပညာရေး၏ အခန်းကဏ္ဍ၊ စိတ်ပိုင်းဆိုင်ရာ နှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်စေရေး အတွက် အားကစားလှုပ်ရှားမှုများအကြောင်းနှင့် အထူးသတိပြု ရှောင်ရှားကြရမည့် မူးယစ်ဆေးဝါး အန္တရာယ်အကြောင်းတို့ကို အသိပညာပေး ဆွေးနွေးကြပြီး ကျောင်းသား၊ ကျောင်းသူများ၏ သိရှိလိုသည့် မေးခွန်းများကို ပြန်လည် ဖြေကြားခဲ့ကြကြောင်း သိရသည်။
ဖိုးခါး(ပြန်/ဆက်)


