နေပြည်တော် ဖေဖော်ဝါရီ  ၉

 

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့် “လူငယ်နှင့် ဖြောင့်မတ်တည်ကြည်မှု” လူငယ်စကားဝိုင်းကို ယနေ့ နံနက်ပိုင်းတွင် အစိုးရစက်မှုလက်မှုသိပ္ပံ (နေပြည်တော်)၌ ကျင်းပသည်။

 

အခမ်းအနားသို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အတွင်းရေးမှူး ဦးတင်ဆွေဝင်းနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ အရာရှိ ကြီးများ၊ အစိုးရစက်မှုလက်မှုသိပ္ပံ (နေပြည်တော်) ကျောင်းအုပ်ကြီး ဒေါက်တာမင်းမင်းထွန်းနှင့် တာဝန်သူများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

 

ဦးစွာ ကော်မရှင် အတွင်းရေးမှူးက အဂတိလိုက်စားမှုကို ရှက်ရွံ့သည့်၊ ဆန့်ကျင် သည့်၊ တွန်းလှန်တိုက်ဖျက်လိုစိတ်ရှိသည့် လူ့အဖွဲ့အစည်း ဖြစ်တည်လာရေး ဆောင်ရွက် ရာတွင် ကျောင်းသား လူငယ်တို့၏ အခန်းကဏ္ဍကို မြှင့်တင်ရန်၊ ကျောင်းသားလူငယ်များ အနေဖြင့် အများအကျိုး ဆောင်ရွက်ခြင်းနှင့် ကိုယ်ကျိုးရှာခြင်းတို့အကြား ခွဲခြားတွေးတော သည့် အခြေခံ စဉ်းစားတွေးခေါ်မှုများ မှန်ကန်စေရန်၊ ဖြောင့်မတ်တည်ကြည်မှုရှိသည့် နိုင်ငံ့သားကောင်းများ ဖြစ်လာစေရန်နှင့် အဂတိလိုက်စား မှုကို လုံးဝလက်မခံသော ယဉ်ကျေးမှုတစ်ရပ် ဖြစ်ထွန်းစေရန် ရည်ရွယ်ပြီး တက္ကသိုလ်/ကောလိပ်များတွင် ယခုကဲ့သို့ လူငယ်စကားဝိုင်းများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း။

 

ဖြောင့်မတ်တည်ကြည်မှုရှိသည့် ယဉ်ကျေးမှုတစ်ရပ် ဖြစ်ပေါ်လာစေရန် စာသင် ကျောင်းများမှ စတင်ရမည်ဖြစ်ကြောင်း၊ ကျောင်းသားလူငယ်များကို ဖြောင့်မတ်တည်ကြည် မှုရှိသည့် အပြုအမူ၊ စဉ်းစားတွေးခေါ်မှုနှင့် ကျင့်ဝတ်လိုက်နာမှုများကို ငယ်စဉ်ကတည်းက စနစ်တကျ လေ့ကျင့်ပျိုးထောင် ပေးရမည်ဖြစ်ကြောင်း၊ ကျင့်ဝတ်နှင့်ညီသည့် လူ့အဖွဲ့ အစည်းသည် ဖြောင့်မတ်တည်ကြည်မှုရှိသည့် အဖွဲ့အစည်းဖြစ်ပြီး နိုင်ငံတော်၏ ကောင်းမွန်သည့်အနာဂတ်ကို ပုံဖော်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက “လူငယ်နှင့် ဖြောင့်မတ်တည်ကြည်မှု” ခေါင်းစဉ်ဖြင့် ဆွေးနွေးကြပြီး တက်ရောက်လာသူများ၏ မေးမြန်းမှုများအပေါ်  ပြန်လည် ဆွေးနွေး ဖြေကြားကြသည်။

 

ယင်းနောက် အစိုးရစက်မှုလက်မှုသိပ္ပံ (နေပြည်တော်) ကျောင်းအုပ်ကြီးက ကျေးဇူးတင်စကား ပြောကြားခဲ့ ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)