နေပြည်တော် ၂၀ စက်တင်ဘာ
ပြီးခဲ့သည့် သြဂုတ်လအတွင်း ပြည်ပသို့ တရားဝင်အလုပ်သွားရောက် လုပ်ကိုင်သူ ၃၃၀ဝဝ ကျော် ရှိခဲ့ပြီး ပြည်တွင်း၌လည်း အစိုးရအလုပ် အကိုင်များတွင် ၆၁၆ ဦး၊ ပုဂ္ဂလိကအလုပ်များတွင် ၂၈၃၆၆ ဦး စုစုပေါင်း ၂၈၉၈၂ ဦးတို့ကို အလုပ်အကိုင် ရှာဖွေပေးနိုင်ခဲ့ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ သတင်းတစ်ရပ်တွင် မကြာသေးမီက ဖော်ပြခဲ့သည်။ ပြည်ပ အလုပ်အကိုင်များဟု ဆိုရာတွင် မလေးရှား၊ စင်ကာပူ၊ ကိုရီးယား၊ ထိုင်း၊ ဂျပန်၊ ယူအေအီး၊ ဂျော်ဒန်၊ ကာတာနိုင်ငံများသို့ တရားဝင်စေလွှတ်ပေးခဲ့ခြင်းဖြစ်သည်။
ပြည်တွင်းပြည်ပ အလုပ်အကိုင်များတွင် အလုပ်ရရှိရေးအတွက် လိုအပ်သည့် အရည်အချင်း သတ်မှတ်ချက်များ၊ ကျွမ်းကျင်မှုများနှင့် အခြားလိုအပ်ချက်များကို ကြိုတင်ဖြည့်ဆည်းထားခြင်းအားဖြင့် အလုပ်အကိုင်ရရှိရေးဆိုသည်မှာ အလှမ်းမဝေးဟု ဆိုချင်သည်။ လက်ရှိအခြေအနေတွင် မြန်မာလူငယ်များအနေဖြင့် ပြည်တွင်းအလုပ်အကိုင်များထက် ပြည်ပအလုပ်အကိုင်များကို ပို၍စိတ်ဝင်စားကြသည်ကို တွေ့ရသည်။ အဓိကအချက်မှာ ပြည်ပအလုပ်အကိုင်များ၏ လုပ်ခလစာပိုမို များပြားမှုကြောင့်ဖြစ်ပြီး လုပ်ခလစာ၏ ဆွဲဆောင်မှုကြောင့် ပြည်ပသို့ ထွက်ခွာလိုသူများ အများအပြားရှိနေရခြင်းဖြစ်သည်။ တစ်နိုင်ငံမှ အခြားနိုင်ငံသို့ ရွှေ့ပြောင်းသွားလာ အလုပ်လုပ်ကိုင်ကြခြင်းမှာ တစ်ကမ္ဘာလုံးတွင် ဖြစ်ပေါ်နေပြီး ယင်းသို့ ရွှေ့ပြောင်း အလုပ်သမားများကြောင့် အလုပ်သမားစေလွှတ်သည့် နိုင်ငံများတွင်ရော အလုပ်သမား လက်ခံသည့် နိုင်ငံများတွင်ပါ နှစ်ဖက်အကျိုးဖြစ်ထွန်းရသည်။ ကာယကံရှင် ရွှေ့ပြောင်းအလုပ်သမားအဖို့လည်း ဝင်ငွေကောင်းမွန်စွာရရှိခြင်းကြောင့် မိသားစု၏ လူမှုစီးပွားဘဝကို ဖွံ့ ဖြိုးတိုးတက်စေသည့် အကျိုးကို ခံစားကြရသည်။
သို့ရာတွင် ပြည်ပသို့ ရွှေ့ပြောင်းအလုပ်သမားအဖြစ် သွားရောက်လုပ်ကိုင်ကြရာတွင် တရားမဝင် နည်းလမ်းများဖြင့် သွားရောက်မှုများ၊ ကြားပွဲစားများ၏ နည်းပေါင်းစုံဖြင့် ဆွဲဆောင်စည်းရုံးမှုများကို နားယောင်၍ အောက်လမ်းခေါ် တရားမဝင်နည်းလမ်းဖြင့် ပြည်ပသို့ ထွက်ခွာကြရာမှ အန္တရာယ်အမျိုးမျိုးနှင့် ကြုံတွေ့ရမှုများ၊ ဘဝပျက်ရသည့် အခြေအနေသို့ ရောက်ရှိသွားကြသည်များကိုလည်း မကြာခဏ ကြားသိနေရသည်။ လူကုန်ကူးသည့် ကြားပွဲစားများ၏ လိမ်လည်လှည့်ဖြားမှု၊ အမြတ်ထုတ်မှုများကို ခံကြရသူအများစုမှာ အခြေခံအားဖြင့် ဗဟုသုတ နည်းပါးသူများဖြစ်ပြီး အလွယ်တကူ လိမ်လည်လှည့်ဖြားကာ ဗိုလ်ကျခံကြရခြင်းဖြစ်သည်။ ကြားပွဲစားမှတစ်ဆင့် တရားမဝင် သွားရောက်လုပ်ကိုင်ကြခြင်းကြောင့် အလုပ်ရှင် သူဌေးများ၏ ညှဉ်းပန်းနှိပ်စက်မှုကို ခံကြရသည်။ အချို့လည်း မိမိတို့၏ လုပ်ခလစာများကို အပြည့်အဝမရရှိဘဲ ထိမ်ချန်ထားခြင်း၊ ထိန်းချုပ်ထားခြင်းတို့နှင့် ကြုံတွေ့ကြရပြီး အထောက်အထားမဲ့ ဝင်ရောက်လာကြခြင်းကြောင့် သက်ဆိုင်ရာသို့ တိုင်ကြားခြင်း၊ အကူအညီ တောင်းခံခြင်းတို့ ပြုလုပ်ရန် ခက်ခဲကြရသည်။
ရေခြားမြေခြား တိုင်းတစ်ပါးကို ရောက်ရှိနေချိန်တွင် မိတ်ရင်းဆွေရင်းနှင့် တစ်ခါတစ်ရံ ဆွေမျိုးများသည်ပင်လျှင် မယုံကြည်ရတော့သည်ကိုလည်း သတင်းများတွင် မကြာခဏ တွေ့ရသည်။ ရွှေ့ပြောင်းအလုပ်သမားများအတွက် ထုတ်ဝေသည့် အသိပညာပေး လမ်းညွှန်စာအုပ်တစ်အုပ်တွင် “သင်၏သူငယ်ချင်းများထဲမှ တစ်ယောက်ယောက်က သင့်အားသက်သောင့် သက်သာလည်းရှိပြီး လစာကောင်းကောင်းရနိုင်သော အလုပ်တစ်ခု ရှာပေးမည်ဟု ကတိများပေးထားသော်လည်း ၎င်းသူတို့သည် သင့်အား လိမ်လည်လှည့်စားနိုင်ပါသေးသည်” ဟူ၍ သတိပေးထားသည်ကို တွေ့ရသည်။ ယုံကြည်စိတ်ချရသော သူငယ်ချင်းများက ကျူးလွန်ခဲ့သည့် ပြစ်မှုများစွာ ရှေ့တွင်သာဓကများ ရှိထားခြင်းကြောင့်သာ ယင်းသတိပေးချက်ကို ဖော်ပြထားခြင်းဟု ဆိုရမည်။ သူငယ်ချင်းပင် မယုံရလျှင် သူစိမ်းများသည်ကား ဆိုဖွယ်ရာပင် မရှိတော့။
ပြည်ပသို့ အလုပ်အကိုင် ရှာဖွေစေလွှတ်ပေးနိုင်သည့် တရားဝင် ပြည်ပ အလုပ်အကိုင် ရှာဖွေရေးအေဂျင်စီ ၁၈၀ ခန့်ရှိသည်။ ပြည်ပအလုပ်အကိုင် သွားရောက် လုပ်ကိုင်လိုသူများမှာ နီးစပ်ရာ အလုပ်အကိုင်နှင့် အလုပ်သမား ရှာဖွေရေးရုံးများ၊ တရားဝင်ပြည်ပ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများနှင့် ကိုယ်တိုင်သွားရောက် ဆက်သွယ်ကြရန်သာဖြစ်ပြီး မိမိအိမ်တံခါး ရှေ့အရောက်လာကာ လိမ်လည်လှည့်ဖြား အမြတ်ထုတ်ကြမည့် လူပွဲစားများကို ရှောင်ကြဉ်ကြရန်နှင့် အလုပ်လုပ်လိုသူတိုင်းက မိမိကိုယ်ကိုယ် အရည်အချင်းပြည့်မီအောင် ဖြည့်ဆည်းကြခြင်းသည်သာ မှန်ကန်သော နည်းလမ်းဖြစ်ပါကြောင်း။
မြန်မာ့အလင်း