မြင့်မောင် (Phil-Q)
အဘယ်ကြောင့်စာဖတ်ကြသနည်း
လူဆိုသည် (ရသ)ခံစားလိုသည်။ သိလိုမှတ်လိုသည်။ တိုးတက်ပြောင်းလဲလိုသည်။ ငြိမ်းချမ်းလိုသည်။ အဆိုပါလိုအင်ဆန္ဒများပြည့်ဝရေးအတွက် လူသားမျိုးနွယ် သက်တမ်း တစ်လျှောက် နည်းလမ်များရှာခဲ့ကြ၏။ လိုအင်ဆန္ဒများ ဖြည့်ဆည်းပေးနိုင်မည့် အသိပညာ၊ ဗဟုသုတများရှာခဲ့ကြ၏။ ထိုဆန္ဒများကား စိတ်ပိုင်းဆိုင်ရာဖွဲ့စည်းမှုကြောင့် ဖြစ်ထွန်းလာသော ဆန္ဒများဖြစ်၏။ ထိုဆန္ဒကြောင့် လူတို့သည် သင်ယူမှု၊ လေ့လာမှု၊ ဆည်းပူးမှုများ အာသာ ငမ်းငမ်းဖြင့် လုပ်ခဲ့ကြသည်။ ယခုလည်း လုပ်နေကြသည်။ ဆက်၍လည်းလုပ်ကြဦးမည်။ ထိုလိုအပ် ချက်နှင့်လိုအင်ဆန္ဒတို့ ပြည့်ဝရေးအတွက်ဆိုလျှင် “စာဖတ်ခြင်း”က အလွန်အရေးပါသော နည်းလမ်းတစ်ခုဖြစ်၏။
ဝိဇ္ဇာ၊ သိပ္ပံပညာရပ်များစွာကို စာအုပ်များဖြင့် ရေးသားမျှဝေသူများရှိသလို ထိုထိုသောပညာရပ် တို့ကို သိလိုတတ်လိုသဖြင့် စာအုပ်စာတမ်းရှာဖွေဖတ်ရှုသူများလည်းရှိ၏။ သို့ဖြင့်စာအုပ်များနှင့် စာဖတ်ခြင်းတို့က လူသားတို့အတွက် ပညာရတနာ သိုက်များနှင့် ထိုရတနာသိုက်များဖော်နည်းကား ဖြစ်လာသည်။ စာဖတ်ခြင်း၏ ရည်ရွယ်ချက်ကို ယေဘုယျပြောရလျှင် ‘အသစ်အသစ်သော အသိ၊ အတတ်ပညာ ဗဟုသုတတို့ လေ့လာဆည်းပူးရန်’ ဖြစ်သည်။
ယခင်က ရွေးချယ်စရာများများမရှိ။ ရေဒီယို နားထောင်၊ ကက်ဆက်နားထောင်မည်။ မဟုတ်လျှင် စာဖတ်မည်။ ရေဒီယို၊ ကက်ဆက်တို့ထက် စာအုပ် က အလွယ်တကူရနိုင်၏။ နှစ်သက်ရာစာအုပ် တစ်အုပ်ဖတ်မည်။ ထို့အတွက် မှိုပေါက်သလို စာအုပ်အငှားဆိုင်များစွာရှိ၏။ စာအုပ်များကလည်း အရေအတွက်အရရော အရည်အသွေးအရပါ များမှ များ။ စာဖတ်ရေး အထူးတိုက်တွန်းစရာမလို။ ခံစားလို၊ မှတ်သားလို၊ တိုးတက်လို၊ ငြိမ်းချမ်းလို သူတို့ စာအုပ်များဘက်သို့ ခြေဦးလှည့်ကြ၏။
ယနေ့အချိန်၌ ခပ်ပါးပါးစာအုပ်မျိုး ဖတ်ရှုရေးအတွက် အခြားသူမပြောနှင့်၊ ကိုယ့်ဘာသာကိုယ်ပင် မနည်းတိုက်တွန်းနေရ၏။ နည်းပညာတိုးတက်လာသည့်ခေတ်တွင် တီဗွီဇာတ်လမ်းများ၊ ရုပ်ရှင်များ ထိုင်ရာမထကြည့်နိုင်ပြီ။ မဟုတ်လျှင်လည်း Desktop, laptop တို့မှသည် Tablet ခေါ် လက်တစ်ဝါးစာ အိုင်တီပစ္စည်းတို့ဖြင့် ယူကျုကြည့်မည်။ ဆိုရှယ်မီဒီယာများသုံးမည်။ မိမိ၏ နေ့စဉ် စာဖတ်ခြင်းအမှုသည် စာအုပ်တစ်အုပ်ဖြင့် ဆိုခြင်းထက် ဆိုရှယ်မီဒီယာပို့စ်များ၊ သတင်းစကားတိုများ၊ အွန်လိုင်းအာလာပသလ္လာပများ ဖတ်ရှုခြင်းဖြင့် အချိန်ကုန်နေပြီး သတင်းဆိုလည်း ခေါင်းစဉ်မျှသာ ဖတ်သည့် အနေအထားမျိုးဖြစ်လာ၏။ ယနေ့ခေတ်၌ အဆိုးဆုံးက သတင်းတု၊ သတင်းမှားများ မျက်စိရှေ့သို့ ရောက်လာနေခြင်းပင်။ စာအုပ်ကို ဘေးဖယ် ထားလိုက်ခြင်းသည် ဘဝတိုးတက်အောင်မြင်ရေးအတွက် အလွယ်တကူရယူနိုင်သည့် အခွင့်ကောင်း ကြီးတစ်ခု လက်လွှတ်လိုက်ခြင်းဖြစ်သည်။
စာဖတ်ခြင်း၏အကျိုးထူးများ
စာဖတ်ခြင်း၏ အကျိုးကျေးဇူးများက ထူးခြားလှ၏။ ထိုအကျိုးကျေးဇူးတို့ကို သိမြင်နားလည်လျှင် စာဖတ်ခြင်း၏ အရေးပါမှုကို နားလည်မည်။ ထိုသို့ နားလည်လျှင် စာဖတ်လိုစိတ်ထက်သန်လာမည်။ စာကိုနေ့စဉ်ဖတ်ခြင်းဖြင့် ရရှိမည့်အကျိုးထူးများကို လေ့လာသူများက အားတက်သရော တင်ပြကြ၏။ စာဖတ်ခြင်းဖြင့် ရရှိမည့်အကျိုးများက အဖိုးထိုက်လှသည်။ အကျဉ်းသဘောမျိုး တင်ပြရသော် ...။
အဖိုးတန်အသိပညာ၊ ဗဟုသုတများရရှိခြင်း
နေ့စဉ်စာဖတ်ခြင်း၏ အထင်ရှားဆုံး အကျိုးတစ်ရပ်မှာ သင်ယူနိုင်ခြင်းဖြစ်၏။ အသိပညာပေး ယူကျု၊ ပညာပေး အသံဖိုင်တို့နှင့်ပင်မတူ။ စာအုပ်တစ်အုပ်သည် အသိ၊ အတတ်ပညာကို နက်နက်နဲနဲ ဖော်ပြထား၏။ ဘဝ၌ ဖြစ်ထွန်းမှုကို ပို၍လိုလားလေလေ သင်ယူမှု ပို၍လုပ်ရလေလေဖြစ်သည်။ အသိ၊ အတတ်ပညာ နက်နက်နဲနဲရရှိနိုင်သည့် စာအုပ်သည် မိမိ၏သင်ယူမှုအတွက် များစွာ အထောက်အကူဖြစ်၏။ လိုချင်သောအသိပညာကို စာအုပ်က ပို၍ပေးနိုင်၏။
အောင်မြင်သောဘဝရယူလိုပါက အပေါ်ယံအသိလောက်နှင့်သာ တင်းတိမ်နေ၍မရ။ အသုံးချ အသိပညာအထိသွားနိုင်ရမည်။ မိမိဖြစ်လိုသောဘဝမျိုးရရှိရေးအတွက် စာအုပ်များနှင့် ထိုစာအုပ်များကို ဖတ်ရှုရေးမှာ မဖြစ်မနေလုပ်ရမည့်ကိစ္စဟု ပညာရှိများက အတိအလင်းဆိုကြ၏။ ပညာရပ်တစ်ခု၌ ကျွမ်းကျင်တတ်သိနားလည်သူမှန်သမျှ ထပ်မံသင်ယူခြင်း (Further learning) ဆိုသည့် စာအုပ်များစွာ ဖတ်ရှုလေ့လာကြသူများဖြစ်၏။ ကုန်ကုန်ဆိုရလျှင် စာဖတ်ခြင်းသည် ကောင်းသော အလုပ်မှန်းသိသော်လည်း လက်တွေ့လုပ်ရန် အီလေးဆွဲနေတတ်သူများ၊ စာအုပ်ကို ရှောင်ဖယ် နေသူများ ထိုအကျင့်ဆိုးပျောက်နိုင်မည့် နည်းလမ်းများကို စာအုပ်ကပင်ရရှိနိုင်သည်။ မိမိသိလိုတတ်လို သမျှအတွက် စာဖတ်ခြင်းက ဖြည့်ဆည်းပေးနိုင်၏။
ဦးနှောက်ကို လေ့ကျင့်ပေးနိုင်ခြင်း
ခန္ဓာကိုယ်အတွက် လေ့ကျင့်ခန်းလုပ်သလို ဦးနှောက်အတွက်လည်း လေ့ကျင့်ခန်းလုပ်ရ၏။ ဦးနှောက်အတွက် လေ့ကျင့်ရေးမှာ စာဖတ်ခြင်းဖြစ်၏။ စာဖတ်ခြင်းသည် ဦးနှောက်ကို များစွာ အကျိုးပြုကြောင်း စူးစမ်းလေ့လာသူများက အတည်ပြုကြသည်။ စာဖတ်ခြင်းက ဦးနှောက် အတွင်းရှိ များပြားရှုပ်ထွေးသော ပတ်လမ်းများနှင့် အချက်ပြမှုကွန်ရက်စနစ်များကို လှုံ့ဆော်ပေး၏။ စာဖတ်စွမ်းရည်ကောင်းလာသည်နှင့်အမျှ အဆိုပါ ကွန်ရက်စနစ်များ ပို၍အားကောင်းကာ သိမြင်နိုင် စွမ်းမြင့်မားစေသည်။ ဝတ္ထုတစ်အုပ်ဖတ်သည့်အခါ ဇာတ်လမ်းအားပြိုင်မှုများက ဦးနှောက် အစိတ်အပိုင်း များကို နှိုးဆွပေး၏။ ဦးနှောက်တွင်း ချိတ်ဆက် နိုင်စွမ်းမြင့်တက်စေ၏။
ခိုင်းနှိုင်းရလျှင် လူ့ခန္ဓာကိုယ်ရှိ ကြွက်သားများလိုပင်။ လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ကြွက်သားများ ပို၍သန်စွမ်းလာသည်။ ဦးနှောက်လည်း အလားတူဖြစ်၏။ အသုံးပြုမလား၊ အချည်းအနှီးဖြစ်ခံမလား။ စာဖတ်ခြင်းဆိုသော နေ့စဉ်လေ့ကျင့်ခန်းမလုပ်လျှင် ကျွန်ုပ်တို့၏ သိမြင်နိုင်စွမ်း ကျဆင်းလာနိုင်သည်။ နေ့စဉ်စာဖတ်ခြင်းဖြင့် ထိုအဖြစ်မျိုးကို တားဆီး ကာကွယ်နိုင်၏။
အာရုံစူးစိုက်မှု တိုးတက်ခြင်း
ဘဝအောင်မြင်ရေးနှင့် ကျန်းမာပျော်ရွှင်ရေးကို အနှောင့်အယှက်ပေးသည်မှာ စိတ်ပျံ့လွင့်မှုဖြစ်၍ စိတ်တည်ငြိမ်မှုနှင့် အာရုံစူးစိုက်နိုင်စွမ်းကောင်း ရန် မှာ လိုအပ်သော အရည်အသွေးတစ်ခုဖြစ်သည်။ စာဖတ်ခြင်း၏ အဓိကအကျိုးများအနက်တစ်ခုမှာ အာရုံစူးစိုက်မှုရရှိစေခြင်းဖြစ်၏။ စာအုပ်ကောင်း တစ်အုပ်ဖတ်နေလျှင် ထိုစာအုပ်ပေါ်၌ ရှိသမျှအာရုံ များ ရောက်နေ၏။ စာအုပ်က တင်ဆက်နေသည့် အဖြစ်အပျက်၊ အကြောင်းအရာ၊ အချက်အလက်များကို အပြည့်အဝဝင်စားနေ၏။ စိတ်တည်ငြိမ် လျက်ရှိ၏။ အာရုံစူးစိုက်မှုအားကောင်းနေ၏။ အထူးပြောစရာမလို။ အောင်မြင်မှုရလိုလျှင် အာရုံ စူးစိုက်နိုင်စွမ်းကောင်းရမည်။ အာရုံစူးစိုက်မှု အားကောင်းလိုသော် စာများများဖတ်ရမည်။
မှတ်ဉာဏ်ကောင်းခြင်း
လူ့သဘာဝအရ မေ့တတ်သည်။ စာဖတ်ခြင်း၏ အကျိုးတစ်ခုမှာ မှတ်ဉာဏ်ကောင်းခြင်းဖြစ်၏။ သုတစာအုပ်တစ်အုပ်ဖတ်လျှင် ဘာသာရပ်ဆိုင်ရာ အချက်အလက်များကို အလိုအလျောက် မှတ်သား လျက်ရှိ၏။ ဝတ္ထုတစ်အုပ်ဖတ်သည့်အခါ ဇာတ်လမ်းဇာတ်ကွက်များ၊ အဖြစ်အပျက်များ၊ ဇာတ်ကောင်များ၊ ယင်းတို့၏စရိုက်များ၊ ပြောစကားများ၊ အမူအကျင့်များ၊ ဇာတ်လမ်း ချိတ်ဆက်မှုများ၊ အဖြစ်အပျက်၏ ကာလ၊ ဒေသ၊ ပယောဂ စသည်တို့ကို မှတ်မိနေတတ်သည်။ စဉ်းစားကြည့်ပါ။ ယင်းတို့သည် အလွန်များပြားလှသော အချက်အလက် အကြောင်းအရာများ မဟုတ်ပါလား။
စာဖတ်ခြင်းဖြင့် သတင်းအချက်အလက်များကို မှတ်သားနေမိ၏။ အသစ်အသစ်သော မှတ်သားမှု သည် အသစ်အသစ်သော မှတ်ဉာဏ်ကိုဖြစ်စေ၏။ မှတ်ဉာဏ်အသစ်သည် မှတ်ဉာဏ်ဟောင်းကို အားဖြည့်ပေးနိုင်သည်။ နေ့စဉ်စာဖတ်ခြင်းက မှတ်ဉာဏ်ကောင်းစေသည်။ အကြောင်းအရာ အသစ်များ မှတ်သားခြင်းနှင့် မှတ်ဉာဏ်ဟောင်းများ ပြန်လည်နှိုးဆွခြင်းကို များစွာ အထောက်အကူပေးသည်။ ကျောင်းသား ကျောင်းသူတို့အတွက် နေ့စဉ်စာဖတ်ခြင်းဖြင့် ကျောင်းစာများ စွဲမြဲစွာ မှတ်သားမိစေနိုင်သည်။ အကြားအမြင်ဗဟုသုတနှင့် အသိကြွယ်စေမည်။
ဖျော်ဖြေမှုရရှိခြင်း
လူသည် နေ့စဉ်ဘဝအတွက် ဖျော်ဖြေမှုလိုအပ်သည်။ ထို့ကြောင့်လည်း ဖျော်ဖြေမှုပေးနိုင်မည့် အရာကို နည်းပေါင်းစုံရှာဖွေကာ ဖျော်ဖြေမှုရှာကြ၏။ စာအုပ်များကားကမ္ဘာပေါ်ရှိ ဖျော်ဖြေမှုပေးနိုင်သောအရာများအနက် အကောင်းဆုံးတစ်ခုဖြစ်၏။ လူတို့ဖန်တီးမှုများအနက် စာအုပ်က မှော်အဆန်ဆုံး ဖန်တီးမှုဟု ပညာရှင်များကဆိုသည်။ လက်ကမချ နိုင်အောင်ဖြစ်နေသည့် စာအုပ်တစ်အုပ်ဖတ်ဖူးလျှင် ထိုအဆိုကို အငြင်းပွားမည်မဟုတ်။ စာအုပ်များ ဖတ်ခြင်းဖြင့် တတ်-သိ-နားလည်-ကျွမ်းကျင်သူအဖြစ် ရပ်တည်နေသူများကမူ ခြွင်းချက်မရှိ ထောက်ခံကြလိမ့်မည်။ ထိုသူများကား စာအုပ်ဖြင့် ဖျော်ဖြေမှုလည်းရ၊ ပညာလည်းရနေသူများဖြစ်၏။
စာအုပ်ဖြင့် ဖျော်ဖြေမှုရှာခြင်းသည် လုံခြုံမှုအရှိဆုံးဖြစ်သည်။ အိုးမကွာ အိမ်မကွာရနိုင်၏။ အခြားဖျော်ဖြေမှုနည်းများလောက်လည်း ကုန်ကျစရိတ်မကြီး၊ အန္တရာယ်လည်းမများပေ။ စိတ်ကူးယဉ် ဝတ္ထုဇာတ်လမ်းများ၊ ဂန္ထဝင်စာပေများမှသည် ကိုယ့်အားကိုယ်ကိုး လမ်းညွှန်ချက်များနှင့် စီးပွားရေးပညာဆိုင်ရာစာအုပ်များအထိ သုတ၊ ရသ ပေးသည့် စာအုပ်ပေါင်းများစွာရှိ၏။ ကုန်ကုန်ဆိုရလျှင် တရားဓမ္မ၏ရသခံစားလို၊ ဘဝအမောဖြေလို သူများအတွက်လည်း စာအုပ်များစွာ ရှိနေပါသည်။ ထို့ကြောင့် တီဗွီ၊ ဗီဒီယို၊ တက်ဘလက်၊ စမတ်ဖုန်း တို့ကို ဘေးချကာ စာတစ်အုပ်၏ စာမျက်နှာများ ဖွင့်၍ စာအုပ်ကပေးသည့် ဖျော်ဖြေမှုထဲ စီးမျောကြ ကုန်ရာသည်။
မျှဝေခံစားနိုင်စွမ်း(စာနာထောက်ထားနိုင်စွမ်း)ရှိခြင်း
စာဖတ်ခြင်း၏ အခြားအကျိုးထူးတစ်ရပ်မှာ အခြားသူများ၏ ခံစားချက်ကို နားလည်ခံစားလာ တတ်ခြင်းဖြစ်၏။ စာနာတတ်ခြင်း၌ အကျိုးကျေးဇူးများစွာရှိသည်။ စိတ်ဖိစီးမှုလျော့ပါးစေနိုင်ခြင်း၊ မိတ်ဆွေပေါများခြင်း၊ ပဋိပက္ခများ ဖြေရှင်းနိုင်ခြင်း၊ ပူးပေါင်းဆောင်ရွက်နိုင်ခြင်း စသည်ဖြင့် များစွာရှိ၏။
ဝတ္ထုတစ်အုပ်ဖတ်သည့်အခါ ဝတ္ထု၏ နောက်ခံ ကာလ၊ နေရာနှင့် ပယောဂတို့ကို လက်ရှိကာလနှင့် နှိုင်းယှဉ်နားလည်နိုင်၏။ ဖတ်ရှုရသည့်ဇာတ်ကောင်တို့၏စရိုက်၊ ခံစားချက်များကို သိရှိနားလည်မှုက လက်တွေ့လောက၏ အဖြစ်အပျက်တို့ကို မျှဝေခံစားနိုင်စွမ်းရှိစေသည်။ ထို့ကြောင့် စာအုပ်ကောင်း တစ်အုပ်သည် နားလည်ပေးနိုင်စွမ်းတိုးတက်ရေးကို များစွာအထောက်အကူပေးကြောင်း ပညာရှိတို့က ဆိုခြင်းဖြစ်၏။
ဆက်သွယ်ပြောဆိုမှု အရည်အသွေးတိုးတက်ခြင်း
ထိထိမိမိ ပြောတတ်ဆိုတတ်၊ ရေးသားတတ်၊ တင်ပြတတ်ခြင်းသည် ဘဝအတွက် အရေးပါသော အရည်အသွေးတစ်ခုဖြစ်၏။ အောင်မြင်သူများကိုကြည့်လျှင် ဆက်သွယ်ပြောဆိုမှု အရည်အသွေး ကောင်းသူများ ဖြစ်သည်ကိုတွေ့ရ၏။ စာဖတ်ခြင်း၏ အကျိုးထူးတစ်ခုမှာ ထိုအရည်အသွေး ကောင်းလာစေခြင်းဖြစ်၏။ စာပုံမှန်ဖတ်ခြင်းသည် ဝေါဟာရကြွယ်စေသည်။ စာတစ်ကြောင်း တစ်ပုဒ်ကို အခက်အခဲမရှိ ရေးသားနိုင်စေသည်။
အရေးအသားကောင်းသည့် စာတစ်အုပ်ဖတ်သည့်အခါ စာရေးဟန်၊ ချောမွေ့ပြေပြစ်မှု၊ စီကုံး ဖွဲ့စည်းပုံတို့ကို အလိုအလျောက်မှတ်သားနေ၏။ ထိုမှတ်သားချက်များက စာဖတ်သူအသိ၌ စိမ့်ဝင် ကာ စာရေးရန် အခွင့်ကြုံလာပါက နောက်ကွယ်မှလမ်းညွှန်ပေး၊ ထိန်းကျောင်းပေးနေမည်။ ပြောရေး ဆိုခွင့်ကြုံလာသည့်အခါ၌လည်း ထိထိမိမိ ပြောဆိုတင်ပြနိုင်မည်။ အောင်မြင်မှုအတွက် လိုအပ်သော အရည်အသွေးတစ်ခုဖြစ်သည့် ဆက်သွယ်ပြောဆိုတတ်ခြင်းကို အထောက်အကူများစွာ ပေးကြောင်းမေ့မထားသင့်ပေ။ စာများများဖတ်လေ ပြောတတ်ဆိုတတ် ရေးသားတင်ပြတတ်လေ၊ အောင်မြင်မှုပိုရလေဖြစ်သည်။
စိတ်ဖိစီးမှု လျှော့ချနိုင်ခြင်း
စိတ်ဖိစီးမှုလျော့ပါးစေနိုင်ခြင်းသည် စာဖတ်ခြင်း၏ အကျိုးထူးတစ်ခုဖြစ်၏။ မိနစ်သုံးဆယ်ခန့် စာဖတ်ခြင်းက သွေးဖိအား၊ နှလုံးခုန်နှုန်းတို့ ညံ့သက်သွားစေပြီး စိတ်ပူပန်မှုများ ပြေလျော့သွား နိုင်ကြောင်း သုတေသနတစ်ခုက သက်သေပြခဲ့သည်။ အခြားလေ့လာမှုတစ်ရပ်၌ လမ်းလျှောက်ခြင်း၊ ကောက်ဖီ/ရေနွေးကြမ်းသောက်ခြင်း၊ ဗီဒီယို ဂိမ်းကစားခြင်းတို့ထက်စာလျှင် စာဖတ်ခြင်းမှာ စိတ်ဖိစီးမှုလျှော့ချရန် အကောင်းဆုံးနည်းလမ်း တစ်ခုအဖြစ် တွေ့ရသည်ဆို၏။
အဆိုပါလေ့လာမှုလုပ်ခဲ့သူ အာရုံကြော စိတ်ပညာရှင်တစ်ဦးက စာအုပ်ထဲတွင် စိတ်နှစ်ထား လိုက်ခြင်းသည် အဆုံးစွန်အနားယူခြင်းမျိုး ဖြစ်သည်ဟုဆို၏။ စာဖတ်ခြင်းကြောင့်ရရှိလာသည့် ကျေနပ်နှစ်သိမ့်မှုအကျိုးဆက်ဖြစ်၏။ သို့ဆိုလျှင် စာဖတ်အလေ့အကျင့်က စွဲစွဲမြဲမြဲလုပ်ရန် မည်မျှ ထိုက်တန်ကြောင်း သိသာထင်ရှားလှ၏။
စိတ်ဓာတ်ကြံ့ခိုင်ခြင်း
စာဖတ်ခြင်းမှ ရရှိသည့်အကျိုးက စိတ်ကျန်းမာ ရေးအတွက်လည်း ကျေးဇူးပြုနိုင်၏။ လူတိုင်း အချိန်နှင့်အမျှ လှုပ်ရှားရုန်းကန်ကြရစမြဲ။ ကောင်း-ဆိုးနှစ်တန် လောကဓံကို ကြုံကြရစမြဲ။ စိတ်အား ငယ်ရန်၊ စိတ်ပျက်ဝမ်းနည်းရန်၊ ဒေါသဖြစ်ရန် အမှုကိစ္စမျိုးစုံ သူ့ဘာသာသူ ရောက်လာတတ်၏။ မဟုတ်လျှင်လည်း စိတ်အားငယ်မှု၊ စိတ်ပျက် ဝမ်းနည်းမှုတို့ အခါအားလျော်စွာဖြစ်တတ်သည်။ ထိုအခါမျိုး၌ စာဖတ်ခြင်း၊ ပညာရှိတို့၏ အဆုံးအမ ဩဝါဒများ၊ အဆိုအမိန့်များ ဖတ်ရခြင်းဖြင့် စိတ်ကို ခွန်အားများရရှိလာ၏။ ရင်ဆိုင်ရဲသည့်သတ္တိများဝင်လာ၏။ ကိုယ့်အားကိုယ်ကိုး ကိုယ့်ဝန်ကိုယ်ထမ်းရန် လမ်းပြသည့်စာများ မကြာခဏဖတ်ခြင်းဖြင့် စိတ်ဓာတ်ကြံ့ခိုင်မှု ရရှိလာမည်ဖြစ်၏။
သက်တမ်းပိုရှည်ခြင်း
စာဖတ်ခြင်း၏ ဖော်ပြပါအကျိုးထူးများက အကောင်းမြင်စိတ်ကိုဖြစ်စေ၏။ ပျော်ရွှင်ချမ်းမြေ့ စေ၏။ ထို့အပြင် စာအုပ်များက အထီးကျန်ဖြစ်နေသူကို မိတ်ဆွေကောင်းပမာ မညည်းမညူ အဖော် လုပ်ပေးတတ်သည်။ ထိုအကျိုးများက လူ့သက်တမ်းကို အတန်အသင့်ရှည်စေနိုင်သည်။ သက်ကြီးပိုင်းနှင့် အငြိမ်းစားအရွယ် စာအုပ်ကိုအဖော်လုပ်သူများသည် မလုပ်သူများထက်လည်းကောင်း၊ တစ်နေ့လျှင် နာရီပိုင်းမျှ ပုံမှန်စာဖတ်သူများသည်လည်းကောင်း အသက်ပိုရှည်ကြောင်း တွေ့ရှိရသည်ဟု လေ့လာသူများကဆို၏။
အရွယ်ရင့်လာသည်နှင့်အမျှ ပို၍စမတ်ကျ၊ ပို၍ထက်မြက်လိုလျှင် စိတ်ပိုင်းဆိုင်ရာ တစ်နည်း ဦးနှောက်လေ့ကျင့်ခန်း ကောင်းကောင်းလုပ်ပေး ရမည်။ ထို့အတွက် စာဖတ်ခြင်းသည် အလွန်ကောင်း သောလေ့ကျင့်ခန်းဖြစ်၏။ စာဖတ်ခြင်းက အသက် အရွယ်အလျောက် သတိနှင့် အသိကျဆင်းမှုကို ကာကွယ်ပေးနိုင်သည်။ ထို့ကြောင့် စာကို မဖြစ်မနေ ဖတ်သင့်၏။ စာဖတ်ခြင်း၏ အကျိုးထူးများကို အချုပ်ပြန်လည်ဖော်ပြရလျှင်-
-အဖိုးတန် အသိပညာ၊ ဗဟုသုတများ ရရှိခြင်း
-ဦးနှောက်ကို လေ့ကျင့်ပေးနိုင်ခြင်း
-အာရုံစူးစိုက်မှု တိုးတက်ခြင်း
-မှတ်ဉာဏ်ကောင်းခြင်း
-ဖျော်ဖြေမှုရရှိခြင်း
-မျှဝေခံစားနိုင်စွမ်း (စာနာထောက်ထားမှု)ရှိခြင်း
-ဆက်သွယ်ပြောဆိုမှု အရည်အသွေးတိုးတက်ခြင်း
-စိတ်ဖိစီးမှုလျှော့ချနိုင်ခြင်း
-စိတ်ဓာတ်ကြံ့ခိုင်ခြင်း
-သက်တမ်းပိုရှည်ခြင်းတို့ဖြစ်သည်။
ခြုံ၍ဆိုရလျှင် နေ့စဉ်ပုံမှန်စာဖတ်ခြင်းဖြင့် သက်ရှည်ကျန်းမာစိတ်ချမ်းသာမည်။ အသိဉာဏ် ပညာထက်မြက်မည်။ ကိုယ်ကျင့်သိက္ခာအားကောင်းမည်။ ထို့ကြောင့် ကျွန်ုပ်တို့ စာဖတ်ကြရမည်၊ လူငယ်မောင်မယ်တို့ စာဖတ်ကြစေရန် လမ်းပြပေးရမည်၊ အလွယ်တကူစာဖတ်နိုင်ရန် စာအုပ်များရှိနေ အောင် ဖန်တီးကြရမည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။