နေပြည်တော် ဩဂုတ် ၇
လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး အတွေးအခေါ်မှန်ကန်စေရေးနှင့် နိုင်ငံတော်အတွက် အားထားရမည့် နိုင်ငံ့သားကောင်းရတနာများ ဖြစ်ပေါ်လာစေရေး အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန လူငယ်ရေးရာဦးစီးဌာနနှင့် နေပြည်တော်ကောင်စီလူငယ်ရေးရာ ကော်မတီတို့ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ဥတ္တရသီရိမြို့နယ်ရှိ CAE ကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျင်းပသည်။
အခမ်းအနားသို့ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ နေပြည်တော်ကောင်စီလူငယ် ရေးရာကော်မတီဝင်များနှင့် တာဝန်ရှိသူများ၊ CAE ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ CAE ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက "မြန်မာ့စိတ်ရင်း မြန်မာ့ရှုခင်း" တေးသီချင်းဖြင့် ဖျော်ဖြေကြသည်။
ထို့နောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အနာဂတ်နိုင်ငံတော်၏ တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် လူငယ်များအနေဖြင့် ပညာပြည့်ဝနှလုံးလှပြီး ဗလငါးတန်၊ ပညာ့မာန်ဖြင့် အနာဂတ်ပဲ့ကိုင်ရှင်များဖြစ်အောင် ကြိုးစားကြရန် တိုက်တွန်းပြောကြားသည်။
ယင်းနောက် စာရေးဆရာမ ဒေါ်သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)က "ရသစာပေဖတ် စေချင်" ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပြီး မြန်မာ့လက်ရွေးစင် ဂျူဒိုအားကစား သမားများက ဂျူဒိုအားကစားနည်းသရုပ်ပြတင်ဆက်မှုနှင့် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဝန်ထမ်းများက Fitness Dance ဖြင့် ဖျော်ဖြေခဲ့ကြကာ ဉာဏ်စမ်းပဟေဠိများ ဖြေကြားကြသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက အားကစားပစ္စည်းများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ရာ CAE ကိုယ်ပိုင်အထက်တန်းကျောင်း ကြီးကြပ်အုပ်ချုပ်သူနှင့် စာရေးဆရာမ ဒေါ်သက်သက်နွယ် (ရန်ကုန်တက္ကသိုလ်)တို့က လက်ခံရယူကြပြီး သရုပ်ပြအဖွဲ့များနှင့် ဉာဏ်စမ်းပဟေဠိဖြေဆိုသည့် ကျောင်းသား၊ကျောင်းသူများကို တာဝန်ရှိသူများက ဂုဏ်ပြု ချီးမြှင့်ငွေနှင့် ဆုလက်ဆောင်များ ပေးအပ်ကြသည်။
သတင်းစဉ်


