ပုသိမ်  မတ်  ၂၇

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို မတ် ၂၆ ရက် မွန်းတည့် ၁၂ နာရီက ပုသိမ်မြို့အမှတ် (၃) ရပ်ကွက်ရှိ အ.ထ.က (၁) ကျောင်း၊ ရတနာတန်ဆောင်ခန်းမ၌ ကျင်းပပြုလုပ်သည်။ 

 

ဟောပြောပွဲသို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း/ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပညာရေးဝန်ကြီးဌာန၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ ပုသိမ်မြို့ပေါ်ရှိ အခြေခံပညာအမှတ် (၁/၂/၃) ကျောင်း (၃) ကျောင်းမှ ဆရာဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

 

ဦးစွာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျောင်းသားကျောင်းသူများ စာမေးပွဲကြီး ပြီးဆုံးသောနေ့ ဖြစ်သည်နှင့် အားလျော်စွာ လူငယ်များအနေဖြင့် ကျောင်းအားလပ်ရက်များတွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်ရန် လိုကြောင်း၊ ယနေ့ခေတ်လူငယ်များသည် မိမိသွားချင်သည့် လမ်းကြောင်းကို လျှောက်လှမ်းနေကြသူများ ဖြစ်သည့်အတွက် လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးရေးအတွက် ကြိုးစား ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ လူငယ်များ၏ အတွေးအခေါ်မှန်ကန်ပြီး စစ်မှန်သော မျိုးချစ်စိတ်များ ပေါ်ထွန်းလာစေရန် အထူးပင်အရေးကြီးကြောင်း စသည့် လူငယ်နှင့်ပတ်သက်သည့် အခန်းကဏ္ဍများကို အမှာစကားပြောကြားပြီး ဝန်ကြီးချုပ်မှ အမှတ် (၁) အခြေခံပညာကျောင်းသို့ အားကစားပစ္စည်းများ ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်သန်းက လက်ခံရယူသည်။

 

ဆက်လက်၍ ပုသိမ်ခရိုင် ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်အောင်က မိမိတို့ကျောင်းတွင် သင်ကြားခဲ့ပြီးဖြစ်သည့် ရည်မှန်းချက်များအတိုင်း မိမိကိုယ်ကို ကောင်းအောင် ကြိုးစားကြရင်း မိမိနိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။ ထို့နောက် ပုသိမ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းရှိန်က ကျောင်းအားလပ်ရက်များတွင် ပုသိမ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် အသိပညာဗဟုသုတများ တိုးပွားလာစေရေးအတွက် စာကြည့်တိုက်များကို အသုံးချ လေ့လာဆည်းပူးပြီး နွေရာသီ ကျောင်းပိတ်ရက်များတွင် ဌာနအသီးသီးမှ ဖွင့်လှစ်သည့် သင်တန်းများကို တက်ရောက်ကြစေလိုပါကြောင်းနှင့် လူငယ်များ ဘက်စုံဖွံ့ဖြိုးရေးဆိုင်ရာ ဖွင့်လှစ်သင်ကြားသွားမည့် သင်တန်းများနှင့် ပတ်သက်၍ မည်သူမဆို အခမဲ့ သင်တန်းများ လာရောက်တက်နိုင်ကြောင်း၊ စာအုပ်များကို လေ့လာဖတ်ရှုလိုပါက မှတ်သားထားပြီး ပုသိမ်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) စာကြည့်တိုက်တွင် လာရောက် အခမဲ့ ငှါးရမ်းဖတ်ရှုနိုင်ပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

 

ယင်းနောက် ပုသိမ်ခရိုင် အားကစားနှင့် လူငယ်ရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းဇံက နွေရာသီ ကျောင်းအားလပ်ရက်များတွင် ဖွင့်လှစ်သင်ကြားသွားမည့် အားကစားနည်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြသည်။

 

လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲများကို နိုင်ငံတဝှမ်း ဆောင်ရွက်လျက်ရှိရာ လူငယ်များ၏ အခန်းကဏ္ဍသည် နိုင်ငံတစ်နိုင်ငံအတွက် အရေးပါသည်ဖြစ်သောကြောင့် မိမိတို့၏ဘဝများ မြင့်မား တိုးတက်လာရေးအတွက် မည်ကဲ့သို့ ပြုမူနေထိုင်သွားကြရေးတို့အတွက် ရည်ရွယ်ပြီး စီစဉ်ကျင်းပရခြင်း ဖြစ်ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)