နေပြည်တော် ဇန်နဝါရီ ၁၆
မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိ ပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်း၊ ဇမ္ဗူရွှေကြာ ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက ဇာတိမာန်တေးသီချင်းဖြင့် သီဆိုဖျော်ဖြေသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နိုင်ငံတော်အနေဖြင့် စာကြည့်တိုက်များ ပြန့်ပွားအောင် ဆောင်ရွက်နေပြီး လူငယ်များအတွက် စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းများကို အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းသား/ ကျောင်းသူများ၊ လူငယ်များအနေဖြင့် အားလပ်ချိန်များတွင် ကျန်းမာရေးအတွက် အားကစားပြုလုပ်ခြင်းနှင့် စာဖတ်ခြင်းတို့သည် ကျန်းမာရေးနှင့် အသိပညာ၊ ဉာဏ်ပညာဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူပြုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ပြောကြားပြီး စာရေးဆရာမ သက်သက်နွယ် (ရန်ကုန်တက္ကသိုလ်) က “လူငယ်နှင့်ကိုယ်ကျင့်တရား” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက စာရေးဆရာမ သက်သက်နွယ် (ရန်ကုန်တက္ကသိုလ်) အား ဂုဏ်ပြုလက်ဆောင်ပေးအပ်ပြီး ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်းအတွက် အားကစားပစ္စည်းများကို ကျောင်းအုပ် ဆရာမကြီးထံ ပေးအပ်သည်။
ထို့နောက် လူငယ်ရေးရာ ဉာဏ်စမ်းပဟေဠိ မေးမြန်းဖြေကြားသည့် အစီအစဉ်ကို ဆောင်ရွက်ကြပြီး ဖြေဆိုနိုင်သည့် ကျောင်းသား ကျောင်းသူများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်