လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

 

နေပြည်တော် ဇွန် ၁၆

 

မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီတို့ ပူးပေါင်းဆောင်ရွက်သည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းတွင် “လူငယ်နှင့် အနာဂတ် နိုင်ငံတော် ဖွံ့ဖြိုးရေးခေါင်းစဉ်”ဖြင့် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပရာ လူငယ်ရေးရာ ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ (၁)၊ လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ ဒုတိယဝန်ကြီး ဦးစစ်နိုင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စွန့်ဦးတီထွင်လုပ်ငန်းရှင်လူငယ်ကိုယ်စားလှယ်များ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားကာ အမှတ် (၆) အခြေခံပညာအထက်တန်း ကျောင်းအတွက် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းသည်။

 

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကားပြောကြားပြီး ကျောင်းအတွက် သင်ထောက်ကူပစ္စည်းများနှင့် အလှူငွေကျပ် (၁၀)သိန်း၊ နေပြည်တော်စွန့်ဦးတီထွင်လုပ်ငန်းရှင် လူငယ်ကိုယ်စားလှယ်အား ဂုဏ်ပြုလက်ဆောင်ပေးအပ်သည်။

 

ယင်းနောက် နေပြည်တော် စွန့်ဦးတီထွင်လုပ်ငန်းရှင်လူငယ်ကိုယ်စားလှယ် ဦးအောင်မျိုးသန့်က “လူငယ်နှင့် အနာဂတ် နိုင်ငံတော်ဖွံ့ဖြိုးရေးခေါင်းစဉ်”ဖြင့် ဟောပြောပြီး နေပြည်တော် လူငယ်ရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးက ဉာဏ်စမ်းပဟေဠိများ မေးမြန်း၍ မှန်ကန်စွာဖြေဆိုနိုင်သည့် ကျောင်းသား ကျောင်းသူများအား ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ဆုလက်ဆောင်များ ပေးအပ်ချီးမြှင့် ခဲ့ကြောင်း သိရသည်။

သတင်းစဉ်