နေပြည်တော် ၃ အောက်တိုဘာ
လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံချက် (၂၀၂၀-၂၀၂၄) အရ ဦးစားပေးလုပ်ငန်းဖြစ်သည့် ပြည်သူ့နီတိနှင့် နိုင်ငံသားကောင်းဖြစ်မှုဆိုင်ရာ လုပ်ငန်းစီမံချက် ရေးဆွဲအကောင်အထည်ဖော်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီးဦးစိုးအောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးကော်မရှင်တို့က တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံလူငယ်ရေးရာ ကော်မတီဝင်လူငယ်များ ပါဝင်ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက လူငယ်ရေးရာမူဝါဒကို ရေးဆွဲပြဋ္ဌာန်းခဲ့ပြီး မူဝါဆိုင်ရာမဟာဗျူဟာ (၂၀၂၀-၂၀၂၄)ကို အတည်ပြုပြီးဖြစ်၍ လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် လာမည့်ဘတ်ဂျက်တွင် စတင်အကောင်အထည်ဖော်ရမည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကို ရင်ဆိုင်ကျော်လွှားဆဲကာလမှာပင် ကိုဗစ်-၁၉နှင့် ယှဉ်တွဲပြီး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များတွင်လည်း ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုမဟာဗျူဟာကို အကောင်အထည်ဖော်ရန် လူငယ်များ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ လူငယ်ရေးရာကော်မတီများအနေဖြင့် အဆင့်ဆင့်ဆောင်ရွက်နေကြပါကြောင်း၊ အကောင်အထည်ဖော်သည့်နေရာတွင် အဓိကတာဝန်ရှိသည့် ပြည်ထောင်စုဝန်ကြီးဌာန (၃)ခုသာမက ဆက်စပ်ဝန်ကြီးဌာနများအားလုံး ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း။
ယခင်က မူဝါဒရေးဆွဲရေး၊ မဟာဗျူဟာရေးဆွဲရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်ခဲ့ကြပါကြောင်း၊ သက်ဆိုင်ရာဌာနများအပြင် လူမှုအဖွဲ့အစည်းများ၊ ပညာရှင်များပါဝင်ရန်လိုပါကြောင်း၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ကုလသမဂ္ဂအဖွဲ့များလည်း ပါဝင်ရန်လိုပါကြောင်း၊ မဟာဗျူဟာတွင် လုပ်ငန်းစဉ် (၁၆)ရပ်ရှိရာ လက်ရှိ ကိုဗစ်-၁၉ နှင့်ယှဉ်ပြီး ဆောင်ရွက်နိုင်သည့်ကဏ္ဍကို ဦးစားပေးရွေးချယ်ခဲ့ပါကြောင်း၊ မိမိတို့အနေဖြင့် မျိုးဆက်သစ်လူငယ်များကို လေ့ကျင့်ပြုစုပျိုးထောင်ရန်လိုပါကြောင်း၊ ပညာရေးဝန်ကြီးဌာန၏ ပါဝင်မှုသည် အရေးကြီးသည်ကို ဖော်ပြလိုပါကြောင်း။
မဟာဗျူဟာအနေဖြင့် ချမှတ်ရာတွင် ကဏ္ဍ(၁)ခုတည်းကို မဟာဗျူဟာ (၆)ရပ် ချမှတ်ထားပါကြောင်း၊ မဟာဗျူဟာ (၁)သည် လူ့အခွင့်အရေးတန်ဖိုးများ၊ ဒီမိုကရေစီစံနှုန်းများနှင့် ဖက်ဒရယ်သဘောတရားများကို အခြေခံထားသည့် ပြည်သူ့နီတိသင်ရိုးနှင့် သင်ကြားမှုပုံစံသတ်မှတ်ခြင်းဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများ ပူးပေါင်း ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာန၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပညာရေး၏ ရေရှည်သင်ခန်းစာတွင် ထည့်ရန်ဖြစ်ပါကြောင်း။
မဟာဗျူဟာ (၂)သည် သင်ကြားပေးရန်ဖြစ်ပါကြောင်း၊ ယခုဆောင်ရွက်နိုင်ရသည်မှာ ကျောင်းပြင်ပလူငယ်များကို သင်တန်းပေးခြင်းဖြစ်ပါကြောင်း၊ အိမ်မှာနေပြီး အကျိုးရှိအောင် လေ့ကျင့်သင်တန်းများ ပေးရပါကြောင်း၊ ရပ်ကွက်ကျေးရွာက လူငယ်များအထိ ရောက်ရှိအောင် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ လူငယ့်ရေးရာကော်မတီများနှင့် ပေါင်းစပ်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။
မဟာဗျူဟာ (၃)သည် တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော ကဏ္ဍစုံမှ စံပြလူငယ်များ ပေါ်ထွက်လာနိုင်စေရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လူငယ်ရေးရာကော်မတီများက ဦးဆောင်ပြီး တိုင်းရင်းသားဒေသများအားလုံး ပါဝင်နိုင်ရန် ပံ့ပိုးပေးသွားရမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီစံနှုန်းများကို ပြည်သူ အများသိရှိစေရန်အတွက် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် အရပ်ဘက်အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် အွန်လိုင်းစနစ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲများ ဆောင်ရွက်နိုင်ပါကြောင်း၊ နည်းပညာ ပံ့ပိုးမှုများလည်း လိုအပ်မည်ဖြစ်ကြောင်း။
မဟာဗျူဟာ (၄)သည် လူငယ်များက လူငယ်အကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် အစီအစဉ်များဖော်ထုတ် ပေးရမည်ဖြစ်ကြောင်း။
မဟာဗျူဟာ(၅)သည် လူငယ်များ ပရဟိတလုပ်ငန်းများတွင်ပါဝင်ရန် အစီအစဉ်များကို ချမှတ်ပေးရန်ဖြစ်ကြောင်း၊ ယင်းကဏ္ဍအတွက် အထူးအထွေပြောနေစရာ မလိုပါကြောင်း၊ မြန်မာနိုင်ငံလူငယ်များအနေဖြင့် လက်ရှိလူငယ်များ ပရဟိတလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်နေခြင်းဖြစ်ပါကြောင်း။
မဟာဗျူဟာ(၆)သည် ဝန်ထမ်းလူငယ်များ၏ အလုပ်နှင့်ပတ်သက်ပြီး တက်ကြွစွာ ဆောင်ရွက်လိုစိတ်ရှိလာအောင်၊ ဒီမိုကရေစီစံနှုန်းများ၊ ဖက်ဒရယ်သဘောတရားများကို သိရှိနားလည်ပြီး အဂတိကင်းရှင်းစွာ လုပ်ငန်းခွင်အတွင်း အလေ့အကျင့်ကောင်းများကို လက်ဆင့်ကမ်းပေးမည့် အစီအစဉ်များကို ဖော်ထုတ်ရန်ဖြစ်ပါကြောင်းနှင့် အဆိုပါ မဟာဗျူဟာ(၆) ရပ်ကို အကောင်အထည်ဖော်ရန် ယခုတက်ရောက်လာကြသော ဖိတ်ကြားထားသူများ၊ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ လူငယ်ရေးရာကော်မတီဝင်များကို ဆွေးနွေးပေးရန် ဖိတ်ခေါ်လိုပါကြောင်း ပြောကြားသည်။
ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လူငယ်ဆိုင်ရာကဏ္ဍကြီး (၁၆)ရပ်အနက်မှ ပြည်သူ့ နီတိနှင့် နိုင်ငံသားကောင်းဖြစ်မှုဆိုင်ရာကဏ္ဍကို ဦးစားပေးဆောင်ရွက်ရန် ရွေးချယ်ထားသည့်အတွက် လုပ်ငန်းစဉ် များချမှတ်ရန်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာကဏ္ဍအလိုက် ပြည်သူ့နီတိနှင့် နိုင်ငံသားကောင်းဖြစ်မှုဆိုင်ရာ ကဏ္ဍတွင် အကောင်အထည်ဖော်နေသည့် ဌာနများအနေဖြင့်လည်း အကြံပြုဆွေးနွေးပေးစေလိုကြောင်း ပြောကြားပြီး ၂၀၂၀ - ၂၀၂၁ ခု ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များက လုပ်ငန်းများအပေါ် ဘဏ္ဍာငွေလျာထားမှု၊ သုံးစွဲနိုင်မှုများနှင့် စပ်လျဉ်း၍လည်းကောင်း၊ လူငယ်ရေးရာကိစ္စရပ်များအတွက် အချိန်ကာလသတ်မှတ်၍ ဆောင်ရွက်မည့် အစီအစဉ်များနှင့် လုပ်ငန်းစီမံချက်မူကြမ်းနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တက်ရောက်လာသော ပြည်ထောင်စုဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ လူငယ်ရေးရာကော်မတီဝင် လူငယ်များက အမျိုးသားအဆင့်မဟာ ဗျူဟာစီမံချက် (၂၀၂၀-၂၀၂၄) အရ ဦးစားပေးလုပ်ငန်းဖြစ်သည့် ပြည်သူ့နီတိနှင့် နိုင်ငံသားကောင်းဖြစ်မှုဆိုင်ရာ လုပ်ငန်းစီမံချက် ရေးဆွဲအကောင် အထည်ဖော်နိုင်ရေးအတွက် အကြံပြုညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


