နေပြည်တော် မတ် ၂၀

လူငယ်ရေးရာဦးစီးဌာနရှိ အရာထမ်း/အမှုထမ်းများ ပြည်သူ့စစ်မှုထမ်းဥပဒေကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရှင်းလင်းပြောကြားခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လူငယ်ရေးရာဦးစီးဌာနရုံး၌ ကျင်းပသည်။

အခမ်းအနားတွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက် က ဝန်ထမ်းများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် စပ်လျဉ်းသည့် နောက်ခံသမိုင်းများ၊ အခြား နိုင်ငံများတွင် စစ်မှုထမ်းဥပဒေပြဋ္ဌာန်း အကောင်အထည်ဖော် ဆောင်ရွက်မှုများ၊ စစ်မှုထမ်း ဥပဒေပါ အကြောင်းအရာများတွင် ပါဝင်သည့် အချက်များဖြစ်သည့် စစ်မှုထမ်းရမည့်အသက် အရွယ်များ၊ စစ်မှုထမ်းခြင်း တာဝန်ထမ်းဆောင်ရမည့်ကာလ၊ စစ်မှုထမ်းခြင်းမှ ယာယီရွှေ့ဆိုင်း နိုင်သူများ၊ စစ်မှုထမ်းသူတို့၏ ခံစားခွင့်များ၊ စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုနိုင်သည့် ပုဂ္ဂိုလ်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများကို ထဲထဲဝင်ဝင် နားလည်သဘောပေါက်စေရန် ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် ဒို့တာဝန် အရေး(၃)ပါးကို စောင့်ထိန်းရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိကြောင်း၊ နိုင်ငံ့ဝန်ထမ်း ကျင့်ဝတ်များကို သိရှိလိုက်နာ ဆောင်ရွက်သွားရန် လိုကြောင်း၊ နိုင်ငံသားတိုင်း နိုင်ငံချစ်စိတ် မျိုးချစ်စိတ်ရှိရန်လိုကြောင်း မှာကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်