ရွှေဘို ၂၉ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ မြို့တော်ခန်းမ၌ ဒီဇင်ဘာ ၂၈ ရက် နံနက် ၉ နာရီက စစ်ကိုင်းတိုင်းဒေသကြီး၊ လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသော စစ်ကိုင်းတိုင်းဒေသကြီး လူငယ်တွေ့ဆုံပွဲ (Youth Forum) ကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဝင်းက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး စစ်ကိုင်းတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ အတွင်းရေးမှူး ကိုဝေမိုးနိုင်က ဖိုရမ်ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး လူငယ်ရေးရာအကြောင်းအရာများ၊ တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ၏ နှစ်ပတ်လည်လုပ်ငန်းအစီရင်ခံစာများ ဖတ်ကြားခြင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်နှင့် ရွှေဘိုခရိုင် ရွေးကောက်ပွဲကော်မရှင်တို့ ပူးပေါင်းပြီး မဲစတင်ပေးရမည့် လူငယ်များအတွက် အသိပညာပေးခြင်းနှင့် မဲရုံသရုပ်ပြပွဲများ ဆောင်ရွက်ပေးခြင်းများကို ဒီဇင်ဘာ ၂၈ ရက်တွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါလူငယ်တွေ့ဆုံပွဲ (Youth Forum) ၂၀၁၉ ကို ဒီဇင်ဘာ ၂၉ ရက်တွင် ဆက်လက်ကျင်းပခဲ့ရာ တိုင်းဒေသကြီးလူငယ်ရေးရာ ကော်မတီအတွင်းရေးမှူး ကိုဝေမိုးနိုင်က လူငယ်ရေးရာမူဝါဒဖြစ်စဉ်အား ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းခဲ့ကြသည်။ ဆက်လက်၍ လူငယ်ရေးရာအကြောင်းအရာများကို အုပ်စုဖွဲ့ဆွေးနွေးခဲ့ကြပြီး အုပ်စုဖွဲ့ဆွေးနွေးမှုများကို ပြန်လည်တင်ပြခြင်းနှင့် ၂၀၂၀ ခုနှစ်အတွက် ခရိုင်အလိုက် ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းများ စုစည်းဆွေးနွေးကာ ဆွေးနွေးမှုကို ပြန်လည်တင်ပြခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယနေ့အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်များမှ လူငယ်ရေးရာကော်မတီဝင်များ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ လူငယ်ရေးရာကော်မတီဝင်များ စုစုပေါင်း ၂၃၀ တက်ရောက်ခဲ့ကြောင်း သိရသည်။
စိုးသီဟ(ကုန်းဘောင်)