ရန်ကုန် ဒီဇင်ဘာ ၁၃
လူနှင့် ဆင်ပဋိပက္ခဖြစ်ပွားမှုများကြောင့် သေကျေထိခိုက်မှုများရှိပြီး ဆင်များ ကျူးကျော်ဝင်ရောက်ခြင်းမှ ကာကွယ်ရန် လျှပ်စစ်ခြံစည်းရိုး ကာရံခြင်းသည် အကောင်းဆုံး နည်းလမ်းဖြစ်သည့်အတွက် လျှပ်စစ်ခြံစည်းရိုး တပ်ဆင်ခြင်းနှင့် ပြည်သူများအား ကြိုတင်ကာကွယ်ရေး နည်းလမ်းများ အသိပညာပေးခြင်းလုပ်ငန်းကို သစ်တောဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“လူနဲ့ တောဆင်ရိုင်း အများဆုံးပဋိပက္ခဖြစ်ပွားမှုက မဟူရာကြိုးဝိုင်း၊ တိုက်ကြီး အနောက်ခြမ်း၊ ပဲခူးရိုးမနဲ့ သစ်တောကြိုးဝိုင်းအစပ်တွေမှာ အဖြစ်များပါတယ်။ တိုက်ကြီး၊ လှည်းကူးနဲ့ ပဲခူးရိုးမအစပ်က စိုက်ခင်းတွေမှာ တောဆင်ရိုင်း ကောင်ရေ ၃၀ လောက် လှည့်လည်ကျက်စားနေတာ ရှိပါတယ်။ ဒေသခံတွေရဲ့ စိုက်ခင်းတွေကို ဝင်ရောက်လာ လေ့ရှိပြီးတော့ ဒေသခံတွေ ထိခိုက်သေဆုံးမှု ကြုံတွေ့ရတာ ရှိပါတယ်။ တစ်ဖက်မှာလည်း အန္တရာယ်ဖြစ်မှာစိုးတဲ့အတွက် တုံ့ပြန်တဲ့အခါ ဆင်ရိုင်းတွေ ထိခိုက်သေဆုံးမှုရှိတယ်။ ဒါကြောင့် နည်းလမ်းမှန်တဲ့ လျှပ်စစ်ခြံစည်းရိုး ကာရံခြင်းလုပ်ငန်းတွေက လူနဲ့ဆင် သဟဇာတဖြစ်ဖို့အတွက် နည်းလမ်းတစ်ခု ဖြစ်တဲ့အတွက် ဒေသခံပြည်သူတွေကို အသိပေးတာတွေ ဆောင်ရွက်နေပါတယ်” ဟု သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် နှစ်စဉ် လူနှင့် ဆင်ပဋိပက္ခဖြစ်ပွားမှုကြောင့် ထိခိုက်သေဆုံးမှု လျှော့ချနိုင်ရန် သစ်တောဦးစီးဌာနနှင့် NGO အဖွဲ့များ ပူးပေါင်း၍ လျှပ်စစ်ခြံစည်းရိုး တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့်အတူ ပြည်သူများအား ကြိုတင်ကာကွယ်ရေး နည်းလမ်းများ အသိပညာပေးခြင်းတို့ကို ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း လှည်းကူးမြို့နယ် သစ်တောဦးစီးဌာနမှ သိရသည်။
“ဒီရာသီမှာ တောဆင်ရိုင်းတွေ ဝင်ရောက်တတ်တဲ့အတွက် ကျေးရွာစိုက်ခင်းတွေမှာ ဝင်ရောက်မှုမရှိအောင် လျှပ်စစ်ခြံစည်းရိုးတပ်ဆင်မှု၊ ဆင်လိုက်ခံရရင် လုပ်ဆောင်ရမယ့် အချက်တွေနဲ့ ကြိုတင်ကာကွယ်ရေး နည်းလမ်းတွေကို အသိပညာပေး ကွင်းဆင်းဆောင်ရွက်နေပါတယ်။ အထူးသဖြင့် စိုက်ခင်းတွေနဲ့ ကျေးရွာမှာ ဆင်အန္တရာယ်ကာကွယ်ရေး လျှပ်စစ်ခြံစည်းရိုး တပ်ဆင်ခြင်းဟာ လူနဲ့ဆင်တွေအတွက် အန္တရာယ်မရှိကြောင်းကို ကျောင်းသားလူငယ်တွေကအစ သိရှိအောင် လက်တွေ့သရုပ်ပြ လုပ်ဆောင်ပါတယ်။ ကျေးရွာတွေကလည်း လျှပ်စစ်ခြံစည်းရိုး တပ်ဆင်တာကို ဒီနှစ်ပိုင်းတွေမှာ ပိုပြီးစိတ်ဝင်စားမှု များလာပါတယ်”ဟု လှည်းကူးမြို့နယ် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
၁၉၉၄ ခုနှစ်တွင် ထုတ်ပြန်ပြဋ္ဌာန်းခဲ့သော တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေအရ ဆင်ကို လုံးဝကာကွယ်ထားသော တိရစ္ဆာန်အဖြစ် သတ်မှတ်ထားသည်။
ဆင်များကျက်စားရာ နေရာဒေသများတွင် တောင်ယာခုတ်ထွင်ခြင်း၊ လူဦးရေ တိုးပွားလာခြင်းနှင့် ရွှေ့ပြောင်းနေထိုင်ခြင်းတို့ကြောင့် လူနှင့်ဆင်မကြာခဏ ပဋိပက္ခဖြစ်ပွားမှုရှိသည့်အတွက် ဆင်တို့၏ အမူအကျင့်ကို သိရှိနားလည်ပြီး ကာကွယ်နိုင်မည့် နည်းလမ်းများကို ဒေသခံပြည်သူများ လိုက်ပါဆောင်ရွက်အောင် သစ်တောဦးစီးဌာနမှ စဉ်ဆက်မပြတ် အသိပညာပေး ဆောင်ရွက်လျက်ရှိသည်။
သစ္စာ(MNA)၊ ဓာတ်ပုံ- ဇွဲမာန်


