ဆိုးလ်   မတ်   ၁၀

ပြီးခဲ့သည့်   သီတင်းပတ်တွင်  စစ်ရေးလေ့ကျင့်မှု ပြုလုပ်သည့် နေရာပြင်ပသို့ မတော်တဆမှားယွင်း ဗုံးကြဲချမှု၏  အဓိကအကြောင်းရင်းမှာ လေယာဉ်မှူး၏ အမှားကြောင့်ဖြစ်ကြောင်း တောင်ကိုရီးယား တပ်မတော်က ပြောသည်။

တောင်ကိုရီးယားလေတပ်အကြီးအကဲက အဆိုပါဖြစ်ရပ်နှင့်ပတ်သက်ပြီး တောင်းပန်ထားသည်။  အရပ်သား ၁၉  ဦးအပါအဝင်    လူပေါင်း  ၃၁ ဦး ထိခိုက်ဒဏ်ရာရခဲ့သော ယင်းမှားယွင်းဗုံးကြဲ ချမှုနှင့်ပတ်သက်ပြီး တောင်ကိုရီးယားတပ်မတော် က မတ် ၁၀ ရက်တွင် ကြားဖြတ်အစီရင်ခံစာ တစ်ခု ထုတ်ပြန်ခဲ့သည်။

ကေအက်ဖ်-၁၆ ဂျက်တိုက်လေယာဉ်နှစ်စင်းက တောင်ကိုရီးယားနိုင်ငံ မြို့တော်ဆိုးလ်၏ မြောက်ဘက် ၄၀ ကီလိုမီတာခန့်အကွာ ပိုချွန်းမြို့ပြင်တွင် မတ် ၆ ရက်က ဗုံးရှစ်လုံး မှားယွင်းကြဲချမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး လီယောင်ဆူးက  ပြည်သူများ၏   အသက် အိုးအိမ်စည်းစိမ်ကာကွယ်ပေးရမည့်    လေတပ်အနေဖြင့်   ၎င်းတို့ကို  ထိခိုက်နစ်နာစေခဲ့ကြောင်း ပြောကြားကာ သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် တောင်းပန်ခဲ့သည်။

တောင်ကိုရီးယားနှင့်    အမေရိကန်တို့သည် ၎င်းတို့၏ ပုံမှန်ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို မတ် ၁၀ ရက်တွင်   စတင်ပြုလုပ်ခဲ့ကြောင်း  သိရသည်။ တားဆီးကာကွယ်ရေးအစီအမံများ   စနစ်တကျ ချမှတ်မှုမပြီးမချင်း လက်နက်အစစ်များဖြင့် ပစ်ခတ်မှုများကို  ဆိုင်းငံ့ထားကြောင်း   တောင်ကိုရီးယားတပ်မတော်က ပြောသည်။      

 အင်န်အိတ်ချ်ကေ