လူရည်ချွန်မောင်မယ် ကျောင်းသား ကျောင်းသူများအား မြိတ်လေဆိပ်တွင် ဂုဏ်ပြုကြိုဆို

မြိတ် မေ ၃

 

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း ထူးချွန်ထက်မြက်သည့် မြိတ်မြို့မှ လူရည်ချွန်မောင်မယ် ကျောင်းသား ကျောင်းသူများသည် လူရည်ချွန်စခန်းများသို့ လေ့လာရေးခရီးသွားရောက်ခဲ့ကြပြီး မေ ၂ ရက် ညနေပိုင်းတွင် မြိတ်မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့ရာ မြိတ်လေဆိပ်၌ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တနင်္သာရီတိုင်းဒေသကြီး လုံခြုံ ရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ဌာနဆိုင်ရာများ၊ ဆရာ ဆရာမများ၊ တာဝန်ရှိသူများနှင့် ကျောင်းသား ကျောင်းသူများ၊ မိဘအုပ် ထိန်းသူများက ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

 

ဂုဏ်ပြုကြိုဆိုရာ၌ လူရည်ချွန်မောင်မယ်များကို တိုင်းမှူး ဗိုလ်ချုပ်စိုးမင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းမင်းလတ်၊ မြိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်ပညာရေးမှူး ဒေါ်လှလှအေး၊  ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမမများ၊ ကျောင်းသား ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများက ဂုဏ်ပြုပန်းကုံး၊ ပန်းစည်းများဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

 

ထိုနောက် လေဆိပ်ခန်းမဆောင်တွင် တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်ဖက်ရည်ဝိုင်းဖြင့် လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုခဲ့ရာ တိုင်းမှူးက ဂုဏ်ပြုအမှာစကားပြောကြားပြီး ခရိုင်ပညာရေးမှူးက ကျေးဇူးတင် စကားပြောကြားသည်။ လူရည်ချွန်မောင်မယ်များတွင် နဝမတန်းမှ နှစ်ဦး၊ ဒသမတန်းမှ နှစ်ဦး၊ ဧကာဒသမတန်းမှ တစ်ဦးနှင့် ဒွါဒသမတန်းမှ နှစ်ဦးတို့မှ ကျောင်းသား ကျောင်းသူများဖြစ်ကြကာ မောင်မယ်များသည် ပုဂံ၊ တောင်ကြီး၊ ငွေဆောင်နှင့် ချောင်းသာ လူရည်ချွန်လေ့လာရေး အပန်းဖြေစခန်းများသို့ သွားရောက်လေ့လာခဲ့ကြပြီး  ရန်ကုန်မြို့မှတစ်ဆင့် မြိတ်မြို့သို့  လေကြောင်းခရီးစဉ်ဖြင့်  ပြန်လည်ရောက်ရှိလာကြခြင်း ဖြစ်သည်။

 

ခိုင်ထူး(ပြန်/ဆက်)