နေပြည်တော်   ဧပြီ    ၂၆

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် လူရည်ချွန်မောင်မယ်များအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-II)၌ တွေ့ဆုံ၍ ဩဝါဒစကားမြွက်ကြားသည်။

 

အခမ်းအနားသို့  ကောင်စီဒုတိယဥက္ကဋ္ဌ   ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊  ဒုတိယဗိုလ်ချုပ်ကြီး  မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး   ရာပြည့်၊    ဦးဝဏ္ဏမောင်လွင်၊  ဒေါ်ဒွဲဘူ၊    ပိုးရယ်အောင်သိန်း၊   မန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်၊ ဦးမောင်ကို၊ ဒေါက်တာ အောင်ကျော်မင်း၊ ဒေါက်တာကျော်ထွန်း၊ ခွန်စံလွင်၊ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ်ကဲ ရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး   မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ  တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယ ဝန်ကြီးများ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အခြေခံပညာကျောင်းများမှ  ဆရာ ဆရာမများနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် လူရည်ချွန်မောင်မယ်များ တက်ရောက်ကြသည်။

 

အရည်အသွေးကောင်းများ ပိုင်ဆိုင်ထား

ဦးစွာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဩဝါဒစကားမြွက်ကြားရာ တွင် လူငယ်ဆိုသည်မှာ  အနာဂတ်တွင် နိုင်ငံတော်၏ တာဝန်များကို   ပခုံးပြောင်းထမ်းဆောင်ကြရမည့် သားကောင်းရတနာများပင်ဖြစ်ပါကြောင်း၊   လူငယ် ဆိုသည်မှာ   ဖျတ်လတ်သွက်လက်ခြင်း၊   နိုးကြား တက်ကြွခြင်း၊ ခွန်အားရှိခြင်း၊ စူးစမ်းတတ်ခြင်း၊ စွန့်စားခြင်း၊ ရဲရင့်ခြင်းနှင့် ဖန်တီးနိုင်စွမ်းအား ရှိသူများပင် ဖြစ်ကြကြောင်း၊ မောင်တို့မယ်တို့  ကျောင်းသား လူငယ်များသည် ကလေးဘဝနှင့် လူကြီးဘဝအကြား တွင်ရှိသည့် လူငယ်များဖြစ်သည့်အတွက် အဆိုပါ အရည်အသွေးကောင်းများကို  ပိုင်ဆိုင်ထားပြီးဖြစ်ကြောင်း၊  မိမိဘဝအတွက်၊  မိမိ  မိသားစုအတွက်၊ မိမိတိုင်းပြည်နှင့်လူမျိုးအတွက် မိမိလိုလားတောင့်တသည့် ပန်းတိုင်ကို   အရောက်လှမ်းနိုင်ရန်   ရည်မှန်းချက်၊ မျှော်လင့်ချက်များနှင့် တွန်းအားပေးနိုင်သည့် မောင်းနှင်အားများကို ပိုင်ဆိုင်ထားကြသည်ဟု ပြောနိုင်ကြောင်း။

ဘဝတွင် အောင်မြင်မှုများကို ရရှိနိုင်မည်

အဆိုပါ အရည်အသွေးကောင်းများကို  ပိုင်ဆိုင်ထားသည့် မောင်တို့မယ်တို့ ကျောင်းသားလူငယ်များ သည်   လူ့အသိုင်းအဝိုင်းတွင်   အချင်းချင်းပူးပေါင်း ဆောင်ရွက်မှု၊ ရိုင်းပင်းကူညီမှု၊ စာနာထောက်ထား မှု၊ ရင်းနှီးဖော်ရွေမှု၊ ယဉ်ကျေးသိမ်မွေ့မှု၊ အပြန်အလှန်လေးစားမှုတို့နှင့် နေထိုင်ပြောဆို   ဆက်ဆံကြပြီး စဉ်းစားဆင်ခြင်မှု အသိဉာဏ်ပညာများနှင့် ကြိုးစားအားထုတ်သွားကြမည်ဆိုပါက ဘဝတွင် အောင်မြင်မှုများကို  ရရှိနိုင်မည်မှာ  မလွဲဧကန်ပင်ဖြစ်ကြောင်း။

 

ပညာထူးချွန်ပြီး   ထက်မြက်သည့်  ဉာဏ်ရည် ဉာဏ်သွေးနှင့် အသိပညာ အတတ်ပညာများ တတ်မြောက်သည့်အပြင် ကျန်းမာသန်စွမ်းခြင်း၊ ကြိုးစားအားထုတ်ခြင်း၊ စာရိတ္တကောင်းမွန်ခြင်း၊ ကိုယ်ကျင့်တရားကောင်းမွန်ခြင်း၊ ယဉ်ကျေးလိမ္မာခြင်း၊  မျိုးချစ်စိတ်ရှိခြင်းစသည့်  ကောင်းမြတ်သော အရည်အသွေးများ ပြည့်စုံသည့်  လူ့စွမ်းအားအရင်းအမြစ်များ ရရှိပိုင်ဆိုင်ကြစေရန် လေ့ကျင့်ပျိုးထောင် ပေးခြင်းသည်  အနာဂတ်နိုင်ငံတော်ကို  အုတ်မြစ်ချ တည်ဆောက်ခြင်းပင်ဖြစ်ကြောင်း။

 

ကျောင်းသားကျောင်းသူများကို စံနမူနာပြု

ထို့ကြောင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် လူရည်ချွန် စီမံကိန်းကို ဉာဏ်ပညာထူးချွန်ပြီး ကျန်းမာသန်စွမ်း ကာ    အကျင့်စာရိတ္တကောင်းမွန်သည့်     ထူးချွန် ထက်မြက်သော ကျောင်းသားလူငယ်များ  ပေါ်ထွန်း လာစေရန်၊ ပညာရေး လက်တွေ့ဖွံ့ဖြိုးမှုလုပ်ငန်းများတွင် ပိုမိုစိတ်ပါဝင်စားလာပြီး နိုင်ငံအကျိုးပြု လုပ်ငန်းများ၌ ပါဝင်ဆောင်ရွက်နိုင်သည့် နိုင်ငံ့သားကောင်းများ  ပေါ်ပေါက်လာစေရန်၊  ထူးချွန် ထက်မြက်သော ကျောင်းသားကျောင်းသူများကို စံနမူနာပြု၍ ကျောင်းသားလူငယ်များအား  ပြုစု ပျိုးထောင်ပေးရန်ဆိုသည့်  ကောင်းမြတ်သော ရည်ရွယ်ချက်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း။

 

လာမည့်နှစ်တွင် နှစ်  ၆၀ ပြည့်တော့မည်

 “လူရည်ချွန်စီမံကိန်း” ကို  ၁၉၆၄  ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး ၁၉၈၈ ခုနှစ် (၂၅)ကြိမ်မြောက် ငွေရတုလူရည်ချွန်စီမံကိန်းအထိကို ဆောင်ရွက်နိုင်ခဲ့ကြောင်း၊  ၁၉၈၈  ခုနှစ်မှစပြီး  ခေတ္တရပ်နားခဲ့သည့် “လူရည်ချွန်စီမံကိန်း”ကို ၂၀၁၃ ခုနှစ်တွင် “ဘက်စုံ ပညာထူးချွန် လူငယ်စီမံကိန်း” အဖြစ်    ပြန်လည် ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ်တွင်  “လူရည်ချွန် စီမံကိန်း” အမည်နှင့်  ပြန်လည်ပြင်ဆင်ဆောင်ရွက် ခဲ့သည်ကိုတွေ့ရပြီး လာမည့်နှစ်တွင် နှစ်  ၆၀ ပြည့်တော့မည်ဖြစ်ကြောင်း။

 

၂၀၁၉-၂၀၂၀  ပညာသင်နှစ်မှစပြီး   ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှုထိန်းချုပ် ရသည့်အခြေအနေ ကြောင့် လူရည်ချွန်စီမံကိန်းကို ခေတ္တရပ်နားခဲ့ရာမှ ယခု ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင်   ပြန်လည် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း။

 

ယခုပညာသင်နှစ်တွင်    အဋ္ဌမတန်းလူရည်ချွန် ၁၆၀၊ ဒသမတန်း လူရည်ချွန် ၁၆၀၊ ဧကာဒသမတန်း လူရည်ချွန် ၁၅၈ ဦး စုစုပေါင်း ၄၇၈ ဦးကို ရွေးချယ် မွေးထုတ်နိုင်ခဲ့ပြီး   ပုဂံ၊  တောင်ကြီး၊   ငွေဆောင် စသည့် လူရည်ချွန်စခန်းအသီးသီးကို လေ့လာရေး ခရီးစဉ်အဖြစ် စေလွှတ်သွားမည်ဖြစ်ကြောင်း။

 

ဒေသန္တရဗဟုသုတများ တိုးပွားစေမည်

ထိုသို့ အဖွဲ့လိုက် စုစုစည်းစည်းသွားလာနေထိုင် လေ့လာကြခြင်းဖြင့် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးမှ   လူရည်ချွန်မောင်မယ်များအနေဖြင့် အချင်းချင်း ရင်းနှီးခင်မင်မှုရရှိခြင်း၊ ပူးပေါင်းဆောင် ရွက်ခြင်း၊ ဒေသန္တရဗဟုသုတများဖလှယ်ခြင်းဖြင့် မိမိတို့သူငယ်ချင်းများ နေထိုင်ရာဒေသ အကြောင်းနှင့် လူရည်ချွန်စခန်း အခြေစိုက်ရာဒေသများ၏ ရိုးရာယဉ်ကျေးမှုဓလေ့များ၊ ဒေသန္တရဗဟုသုတများ တိုးပွားစေမည်ဖြစ်ပြီး    မိမိတို့နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးစိတ်၊  တန်ဖိုးထားစိတ်များ  ကိန်းအောင်း ရှင်သန်လာစေမည်ဖြစ်ကြောင်း။

 

မဖြစ်မနေ ဆောင်ရွက်ရမည့်လုပ်ငန်း

မျိုးဆက်သစ်လူငယ်မောင်မယ်များကို ယခုကဲ့သို့ ထူးချွန်ထက်မြက်သည့် လူရည်ချွန်များဖြစ်လာစေရေး    ပြုစုပျိုးထောင်ပေးရန် အရေးကြီးသကဲ့သို့ ကိုယ်နှုတ်နှလုံးသုံးပါး  ယဉ်ကျေးလိမ္မာပြီး  လူမှုရေး အသိစိတ်ဓာတ်များရရှိစေရန်၊ လူ့အဖွဲ့အစည်းတွင် အဆင်ပြေစွာလိုက်လျောညီထွေ နေထိုင်တတ်စေရန်၊ ပူးပေါင်းညှိနှိုင်းဆောင်ရွက်တတ်စေရန်၊ ဦးဆောင် တတ်သူများ ဖြစ်လာစေရန်နှင့် နောက်လိုက်ကောင်း များ ဖြစ်စေရန်၊ အသက်အရွယ်အလိုက် ရရှိထိုက် သည့် အခွင့်အရေးများရရှိကြရန်လိုကြောင်း၊ အဆိုပါ အခွင့်အရေးများနှင့်  လျော်ညီစွာ  ထမ်းဆောင်ရမည့် တာဝန်ဝတ္တရားများကို    သိရှိနားလည်ပြီး   လိုက်နာ ကျင့်သုံးတတ်စေရန်၊  လူလိမ္မာနှင့်လူမိုက်ကို   ခွဲခြားသိရှိ ပေါင်းသင်းဆက်ဆံတတ်စေရန်၊ ပညာရှိသူတော် ကောင်းများ၏ သဘောသဘာဝကို သိရှိနားလည်ပြီး အဆိုပါပုဂ္ဂိုလ်များကဲ့သို့  နေထိုင်ပြုမူကျင့်သုံးတတ်စေရန်၊   တစ်နည်းအားဖြင့်   စိတ်ထားမြင့်မြတ်ပြီး အဘက်ဘက်က ပြည့်စုံသည့်   လူရည်ချွန်  လူရည်မွန်များ   ဖြစ်လာစေရန်   ပျိုးထောင်ပေးရေးသည် နိုင်ငံတော်က မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းတစ်ရပ်ပင်ဖြစ်ကြောင်း။

 

လူငယ်ကဏ္ဍအစီအစဉ်များစွာကိုလည်း အားပေး

ထို့ကြောင့်  နိုင်ငံတော်အနေဖြင့်  မောင်တို့မယ်တို့ကို နိုင်ငံ၏အနာဂတ်အတွက် ဦးဆောင်နိုင်သည့် ခေါင်းဆောင်ကောင်းများ  ဖြစ်လာစေရန်   ရည်မှန်း ချက်ထားပြီး အများနှင့်စုပေါင်းနေထိုင်တတ်စေရန်၊ အများအကျိုးကို ဆောင်ရွက်နိုင်စေရန်၊ ကာယ၊ဉာဏ၊ စာရိတ္တနှင့် ပြည့်စုံသည့်  အနာဂတ်မျိုးဆက်သစ် များဖြစ်အောင်    ပြုစုပျိုးထောင်ပေးနိုင်ရန်အတွက် လူရည်ချွန်စီမံကိန်းအပြင်  လူငယ်ကဏ္ဍအစီအစဉ် များစွာကိုလည်း အားပေးဆောင်ရွက်လျက်ရှိကြောင်း။

 

ထိုသို့  လေ့ကျင့်ပေးသည့်အတွက်  မောင်တို့မယ် တို့သည် ဘက်စုံထူးချွန် လူရည်ချွန် လူရည်မွန်များ အဖြစ် တိုင်းပြည်၏ အနာဂတ်အတွက် အုတ်တစ်ချပ်၊ သဲတစ်ပွင့် အထောက်အကူဖြစ်လာမည်ပင် ဖြစ် ကြောင်း၊ မောင်တို့မယ်တို့   ကျောင်းသားလူငယ် များထဲမှ အနာဂတ်နိုင်ငံတော်ကို ဦးဆောင်နိုင်မည့် နိုင်ငံ့ခေါင်းဆောင်ကောင်းများ ပေါ်ထွက်လာစေရန်လည်း အများကြီးမျှော်လင့်သည်ကို ပြောကြားလို ကြောင်း။

 

နိုင်ငံတော်အနေဖြင့် အသိပညာ၊ အတတ်ပညာ ပြည့်စုံသည့်   ပညာတတ်များ   ပေါ်ထွက်လာစေရန် အလေးထားဆောင်ရွက်နေသကဲ့သို့    ကျောင်းနေ အရွယ်ကလေးအားလုံး ကျောင်းနေရေး၊ကျောင်းသား ကျောင်းသူများအားလုံး   အနည်းဆုံးအလယ်တန်း ဆင့် ( KG + 9 ) ပြီးမြောက်ရေးအတွက်  အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊  ၂၀၂၃- ၂၀၂၄     ပညာသင်နှစ်မှစပြီး   အလယ်တန်းဆင့် ပြီးမြောက်အောင်မြင်ပြီး      စိတ်ပါဝင်စားသူများ တက်ရောက်နိုင်သည့်  စက်မှု၊  စိုက်ပျိုး၊  မွေးမြူရေး တွဲဖက်အထက်တန်းကျောင်း  ၅၁  ကျောင်းကို ခရိုင် ၅၀ တွင် ဖွင့်လှစ်နိုင်ရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပညာရေးဝန်ကြီး ဌာနနှင့်သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း။

 

အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်မည်

ထို့ကြောင့်    အခြေခံပညာအလယ်တန်းဆင့် ပြီးမြောက်အောင်မြင်ပြီး  ပညာဆက်လက်သင်ယူ မည့်   ကျောင်းသားလူငယ်များအနေဖြင့်    အခြေခံပညာ(အထက်တန်း)၊ စက်မှုနည်းပညာ၊ စိုက်ပျိုးရေး အတတ်ပညာ၊ မွေးမြူရေးအတတ်ပညာ စသည့်ပညာ ရေး လမ်းသွယ် လေးမျိုး သင်ယူနိုင်မည့် အခွင့်အလမ်းများကို ရရှိနိုင်ပြီး  အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်သည်ကို     အသိပေး ပြောကြားလိုကြောင်း၊ ထူးချွန်ထက်မြက်သူများအနေဖြင့်လည်း ဝါသနာပါရာအဆင့်မြင့်ပညာများကို သက်ဆိုင်ရာ သိပ္ပံ၊ ကောလိပ်၊ တက္ကသိုလ်များတွင်   ဆက်လက်သင်ယူနိုင်ကြမည်ဖြစ်သဖြင့်    မိမိတို့ ဘဝအတွက်၊ နိုင်ငံအတွက် ကြိုးစားကြရန် မှာကြားလိုကြောင်း။

 

နိုင်ငံတော်အနေဖြင့်   ထူးချွန်ထက်မြက်သည့် ကျောင်းသား ကျောင်းသူများကို အရည်အချင်းစိစစ်ပြီး နိုင်ငံအသီးသီးသို့  ပညာတော်သင်များ  စေလွှတ်နိုင်ရေးအတွက်လည်း ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ ထို့ကြောင့်  ကျောင်းသား  ကျောင်းသူများ အနေဖြင့် နိုင်ငံအရေးကို  ဦးထိပ်ထားပြီး  မိမိသင်ယူရမည့်    ပညာရပ်နယ်ပယ်တွင် ထူးချွန်ထက်မြက်အောင်  အပတ်တကုတ် ကြိုးစားအားထုတ်ကြရန် မှာကြားလိုကြောင်း။

 

ထို့ပြင် မိမိတို့၏ ကျန်းမာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်ခြိမ်းခြောက်လျက်ရှိသည့် မိမိဘဝ အညွန့်ကျိုး   ဒုက္ခရောက်စေမည့်   မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ် များကို ပိုမိုသိရှိနားလည် သတိထား ရှောင်ရှားကြရန်နှင့် အမှောင့်ပယောဂ အမျိုးမျိုးတို့ကို အသိဉာဏ်ပညာနှင့် ရှောင်ရှားနိုင်ရန် လိုအပ်ကြောင်း၊ ထို့ကြောင့်  အားလပ်သည့်အချိန်တွင် မိမိတို့၏ ပင်ကိုအရည်အသွေးကို    မြှင့်တင်သည့် လုပ်ငန်းများကို  ဆောင်ရွက်ကြရန်၊  အင်တာနက်ကို  အကျိုးရှိစွာအသုံးချပြီး အင်တာနက်ကို   ပညာရှာ မှီးရာတွင် အသုံးချရန်၊ စာများများဖတ်ကြရန်နှင့် မိမိကျန်းမာရေးကို ဂရုစိုက်ကြရန် မှာကြားလိုကြောင်း။

 

နိုင်ငံတစ်နိုင်ငံ အဓွန့်ရှည်တည်တံ့ခိုင်မြဲပြီး အောင်မြင်ရန်အတွက် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေး သည်   အရေးကြီးသကဲ့သို့ နိုင်ငံသူ၊ နိုင်ငံသားများ၏   စိတ်ဓာတ်နှင့်  ကိုယ်ကျင့်တရားကောင်းမွန် ရေးသည်လည်း  အလွန်အရေးကြီးကြောင်း၊ နိုင်ငံတော် ထာဝရအဓွန့်ရှည်တည်တံ့ခိုင်မြဲ ရေးအတွက်  နိုင်ငံသားများ၏  မြင့်မားသည့်  အသိဉာဏ်ပညာ စွမ်းပကားနှင့် တည်ဆောက်ကြရမည် ဖြစ်သကဲ့သို့ နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးသည့်စိတ်၊ ကိုယ်ကျင့်သိက္ခာတရားကို  တန်ဖိုးထားသည့်စိတ်၊ ကြိုးစား အားထုတ်လိုစိတ်၊ တီထွင်ဖန်တီးထိုးထွင်း ဆောင်ရွက်လိုစိတ်များရှိရန်လည်း အထူးလိုအပ်သည်ကို ပြောကြားလိုကြောင်း။

 

မောင်တို့ မယ်တို့အနေဖြင့် မိဘ၊ ဆရာသမားများ ၏    ပြောဆိုဆုံးမမှုအောက်တွင်    ကောင်းမွန်သည့် စည်းကမ်းများ၊  ကိုယ်ကျင့်တရားများနှင့်အညီ ကြိုးစားအားထုတ်ခဲ့ကြသဖြင့် ယခုကဲ့သို့   ဂုဏ်ပြု အခမ်းအနားကြီးကို    တက်ရောက်ခွင့်ရရှိခြင်းဖြစ်သည့်အတွက် ဆက်လက်၍လည်း ယခုကဲ့သို့ကြိုးစား သွားကြရန် ထပ်လောင်းပြောကြားလိုကြောင်း။

 

မမေ့မလျော့ အစဉ်အမြဲကျင့်ကြံနေထိုင်

“စည်းကမ်းသည် လူ၏တန်ဖိုးဖြစ်သည်”ဆိုသည့် စကားနှင့်အညီ ဆက်လက်လျှောက်လှမ်းရမည့် အနာဂတ်ခရီးလမ်းတွင်လည်း မောင်တို့မယ်တို့ ကျောင်းခန်းထဲတွင် တွေ့မြင်နေကြရသည့် “အမျိုး သားစည်းကမ်းအစ   စာသင်ကျောင်းက”  ဆိုသည့် ဆောင်ပုဒ်အတိုင်း ဥပဒေနှင့်စည်းကမ်းကို လေးစား လိုက်နာသည့် နိုင်ငံကြီးသားပီသစေရန် မမေ့မလျော့ အစဉ်အမြဲ ကျင့်ကြံနေထိုင်ကြရန်လည်း တိုက်တွန်း လိုကြောင်း။

 

ကျောင်းသား  ကျောင်းသူဘဝတွင်   တပည့်ကောင်းဖြစ်စေရေး ကြိုးပမ်းရမည်ဖြစ်သကဲ့သို့ တိုင်းပြည်ကို ဦးဆောင်မည့်သူများဖြစ်ရန်အတွက် စည်းကမ်းကောင်းမွန်သည့် ခေါင်းဆောင်ကောင်းများ ဖြစ်လာကြရေး   ကြိုးပမ်းအားထုတ်ရန်   တိုက်တွန်းမှာကြားလိုကြောင်း။

 

ဘဝအတွက် အခြေခံကောင်းများကို ပိုင်ဆိုင်

မောင်တို့မယ်တို့     ကျောင်းသားကျောင်းသူ လူငယ်များအနေဖြင့်     ဘဝဆက်လက်ရှင်သန် အောင်မြင် အောင်  လျှောက်လှမ်းနိုင်ရန်  အခြေခံကောင်းများ ပြည့်စုံနေရန်  လိုအပ်ကြောင်း၊  ယင်းအခြေခံ ကောင်းများသည် လူငယ်ဘဝတွင် ကျင့်ကြံ လိုက်နာပြုမူ ကြရမည့် ကျင့်ဝတ်များပင်ဖြစ်ကြောင်း၊ အဆိုပါကျင့်ဝတ်များမှာ   မောင်တို့မယ်တို့   သိရှိပြီး ဖြစ်သည့် “သားသမီးကျင့်ဝတ် ငါးပါး” နှင့် “တပည့် ကျင့်ဝတ်ငါးပါး” တို့ပင်ဖြစ်ကြောင်း၊  လူငယ်ဘဝတွင် အဆိုပါကျင့်ဝတ်များကို ထိန်းသိမ်းလိုက်နာ သွားနိုင်ကြမည်ဆိုပါက ဘဝအတွက် အခြေခံကောင်းများကို ပိုင်ဆိုင်ကြပြီး တိုးတက်အောင်မြင်ကြမည် ဖြစ်သကဲ့သို့    နိုင်ငံတော်က   အားကိုးအားထားပြုရမည့် သားကောင်းရတနာများ ဖြစ်လာကြမည်မှာ ဧကန်မလွဲ ဖြစ်သည်ဟု ပြောကြားလိုကြောင်း။

 

သစ္စာရှိစွာ ပခုံးပြောင်းတာဝန်ယူ

လူရည်ချွန်မောင်မယ်များအနေဖြင့် မိမိကိုယ်တိုင်၊ မိမိကျောင်း၊ မိမိပတ်ဝန်းကျင်နှင့်  မိမိ နိုင်ငံတော်၏   အကျိုးစီးပွားအတွက် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ  သစ္စာရှိစွာ ပခုံးပြောင်းတာဝန်ယူ ဆောင်ရွက်နိုင်ရေး  ကြိုးပမ်းဆောင်ရွက်သွားကြရန် အလေးအနက် တိုက်တွန်းမှာကြားလိုကြောင်း။

 

 “လူရည်ချွန်စီမံကိန်း” သည်  ဆယ်စုနှစ်များစွာ သန္ဓေတည်ဖွံ့ဖြိုးလာခဲ့ပြီး  နိုင်ငံ့သားကောင်းရတနာ များ မွေးထုတ်ပေးခဲ့သည့်၊ အစဉ်အလာကောင်းရှိခဲ့ သည့် ပညာရေးစီမံကိန်းလုပ်ငန်း တစ်ခုဖြစ်ကြောင်း၊ နိုင်ငံတော်၏ လူမှုရေးဦးတည်ချက်တစ်ရပ်ဖြစ်သည့် “ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးအတွက် လိုအပ်သည့် လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်နိုင်ရန် ဘက်စုံပညာရေး ကဏ္ဍမြှင့်တင်ရေး”   ဆိုသည့်    ဦးတည်ချက်ကို ပေါက်မြောက် အောင်မြင်ရန်အတွက် လာမည့်ပညာ သင်နှစ်များတွင်လည်း အနာဂတ်မျိုးဆက်သစ်များ စဉ်ဆက်မပြတ် ဖော်ထုတ်နိုင်ရေးအတွက်ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားကြရန်၊ လူရည်ချွန်မောင်မယ်များအားလုံး ကျန်းမာပျော်ရွှင်စွာနှင့် လေ့လာရေး ခရီးစဉ်တွင်  အစအဆုံး အောင်အောင်မြင်မြင် ပါဝင်နိုင်ကြပြီး ဗလငါးတန်နှင့် ပြည့်စုံသည့် နိုင်ငံ့အကျိုးပြု  သားကောင်းရတနာ  သမီးကောင်း ရတနာများဖြစ်ကြပါစေဟု ဆုမွန်ကောင်း တောင်းပါ ကြောင်း  ပြောကြားသည်။

 

ထို့နောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် လူရည်ချွန် မောင်မယ်များကိုယ်စား နေပြည်တော် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း  Grade-11  မှ နှစ်ထပ်ကွမ်းလူရည်ချွန် မခြူးမြတ်စန္ဒီက ဂါရဝပြု ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

ရင်းရင်းနှီးနှီးနှုတ်ဆက်

ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်နှင့်   အခမ်းအနား တက်ရောက်လာကြသူများ၊  လူရည်ချွန်မောင်မယ် များသည်   စုပေါင်းမှတ်တမ်းတင်   ဓာတ်ပုံရိုက်ကြ သည်။ ၎င်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လူရည်ချွန် မောင်မယ်များကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။                                                

 သတင်းစဉ်