လူရည်ချွန်တစ်ယောက်ဖြစ်ဖို့ အားကစားကနေ ကျောင်းစာအထိ ဘက်စုံထူးချွန်နေရမယ် (သုံးထပ်ကွမ်းလူရည်ချွန် မောင်စောလင်းထက်ကိုကို)
“ယနေ့လူငယ်၊ နောင်ဝယ်လူကြီး” ဆိုသည့် စကားနှင့်အညီ နိုင်ငံတော်ခေတ်မီ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မျိုးဆက်သစ်များဖြစ်သည့် ကျောင်းသားလူငယ်များကို ဘက်စုံထူးချွန်ထက်မြက်သော နိုင်ငံ့သားကောင်းများ ဖြစ်လာစေရန် ကျောင်းသားလူငယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ စသည်တို့အပေါ်တွင် စိစစ်ရွေးချယ်ပြီး ဂုဏ်ပြုချီးမြှင့်သည့် အစီအစဉ်ကို ခေတ်အဆက်ဆက် ဆောင်ရွက်ခဲ့ကြသည်။
ယခုနှစ်တွင်လည်း အခြေခံပညာ ကျောင်းများမှ အဋ္ဌမတန်း၊ နဝမတန်း၊ ဒသမတန်း လူရည်ချွန်ကျောင်းသား ကျောင်းသူများကို ပုဂံ၊ အင်းလေး၊ ငွေဆောင် လူရည်ချွန်စခန်းများ ဖွင့်လှစ်ပြီး လူရည်ချွန်လူငယ်များ နေထိုင်အပန်းဖြေကာ ဒသန္တရဗဟုသုတများ တိုးပွားစေရန် လေ့လာရေး ခရီးစဉ်များ စီစဉ်ဆောင်ရွက်ပေး လျက်ရှိသည်။
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငွေဆောင်ကမ်းခြေရှိ လူရည်ချွန်စခန်း (ငွေဆောင်) သို့ ရောက်ရှိနေသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ၂၀၁၈-၂၀၁၉ ဒသမတန်း လူရည်ချွန်မောင်မယ်များနှင့် တွေ့ဆုံမေးမြန်းထားသည်များကို ရေးသား တင်ပြလိုက်ရပါသည်။
နှစ်ထပ်ကွမ်းလူရည်ချွန်မောင်ရှန်ကျုံးလျန်(အထက(၁)ဟားခါး၊ ချင်းပြည်နယ်)
ချင်းပြည်နယ် တောင်ပေါ်မှာ နေတာဆိုတော့ ဟားခါးမြို့က အထူးသဖြင့်အေးတယ်။ ရာသီဥတုက ဒီမှာနဲ့ဆို ကွာခြားတယ်။ ငယ်ငယ်ကတည်းက ပင်လယ်ပြင်ကြီးကို မြင်ချင်ခဲ့တာပါ။ ကိုယ်တိုင်မြင်တွေ့ခွင့်ရလို့ ဝမ်းသာပီတိဖြစ်မိပါတယ်။ ပင်လယ်ပြင်ကြီးက ဘယ်လို အလှတရားမျိုး ရှိသလဲဆိုတာ ကိုယ်တိုင်ကြုံတွေ့ခွင့် ရခဲ့တယ်။ မန္တလေးမြို့ကိုလည်း ရောက်ခဲ့တော့ မန္တလေးမြို့မှာရှိတဲ့ စာသင်ကျောင်းတွေ၊ မြို့ကြီးရဲ့ သန့်ရှင်းသာယာလှပမှုတွေကိုလည်း လေ့လာခွင့်ရတယ်။ ရန်ကုန်မှာ ဆိုလည်း အများကြီး လေ့လာခွင့်ရခဲ့ပါတယ်။ ဘဝရည်မှန်းချက်ကတော့ ဆရာဝန်တစ်ယောက်ဖြစ်ချင်ပါတယ်။ နိုင်ငံ့ဝန်ထမ်း တာဝန်ထမ်းဆောင်ရင်း ပရဟိတ ဆရာဝန်တစ်ယောက် အနေနဲ့လည်း ပြည်သူတွေကို ဆေးကုသပေးချင်တယ်။ ချင်းပြည်နယ်က တစ်နိုင်ငံလုံးမှာ ဖွံ့ဖြိုးမှု အနည်းဆုံးပြည်နယ်ပါ။ ချင်းပြည်နယ်က သယံဇာတတွေလည်း မထွက်ဘူး။ ပညာရေးပိုင်းမှာ အားပေးဖို့လိုပါတယ်။ ပညာရေးပိုင်းမှာ ဘာကြောင့် အားပေးဖို့လိုသလဲဆိုရင် ပညာရေးက မြန်မာနိုင်ငံအတွက် အထူးအရေးကြီးပါတယ်။ မြန်မာနိုင်ငံအတွက် စံပြဂုဏ်ယူရမယ့် ပုဂ္ဂိုလ်တွေဖြစ်အောင် ချင်းပြည်နယ်မှာ ရှိကြတဲ့ ညီငယ်ညီမငယ်တွေလည်း ကြိုးစားကြပါလို့ ပြောချင်ပါတယ်။
သုံးထပ်ကွမ်းလူရည်ချွန် မောင်စောလင်းထက်ကိုကို (အထက(၂) လွိုင်ကော်၊ ကယားပြည်နယ်)
လူရည်ချွန် တစ်ယောက်ဖြစ်ဖို့ အားကစားကနေ ကျောင်းစာအထိ ဘက်စုံထူးချွန်နေရမယ်။ တချို့က ကျောင်းစာတော်ပြီး အားကစားမှာ အားနည်းကြတယ်။ ဒီမှာရောက်လာတဲ့ သူတွေကတော့ အားကစားမှာရော ပညာရေးမှာပါ ထူးချွန်ကြတယ်။ အသိပညာ ဗဟုသုတတွေလည်း ကြွယ်ဝကြတယ်။ ကျွန်တော်က အားကစားထဲမှာတော့ ဘတ်စကက်ဘောကို ဝါသနာပါတယ်။ ဘဝ ရည်မှန်းချက်ကတော့ စာရေးဆရာကြီးတစ်ယောက် ဖြစ်ချင်တယ်။ စာအုပ်စာပေတွေ အများကြီးဖတ်ဖြစ်ပါတယ်။ ဘာသာပြန်စာပေတွေ အများဆုံးဖတ်ဖြစ်ပါတယ်။ စာရေး ဆရာကြီးတွေရဲ့ သူတို့အတွေ့အကြုံတွေ ရေးထားတဲ့ စာအုပ်တွေ ဖတ်ဖြစ်ပါတယ်။ စာရေးဆရာကြီးတွေရေးထားတဲ့ စာပေတွေထဲက စာတွေကို မှီငြမ်းလေ့လာပြီး ကိုယ်တိုင်လည်း ရေးနိုင်အောင် ကြိုးစားနေတယ်။ ကျောင်းက စာစီစာကုံးပြိုင်ပွဲတွေကိုလည်း ဝင်ပြိုင်ဖြစ်ပါတယ်။ လူရည်ချွန်ဖြစ်ပြီး စခန်းသုံးခုလုံးကို သွားခဲ့ရတဲ့အတွက် ဗဟုသုတတွေလည်း ရခဲ့ပါတယ်။
သုံးထပ်ကွမ်းလူရည်ချွန်မစိန်စီတိုး (အထက (၁) ပြည်၊ ပဲခူးတိုင်းဒေသကြီး)
လာခဲ့တဲ့ လမ်းခရီးတစ်လျှောက်မှာ အသစ်အဆန်းတွေလည်း မြင်ခဲ့ရတယ်။ ကျောင်းသား ကျောင်းသူတွေကလည်း လမ်းတစ်လျှောက် ကြိုဆိုကြတယ်။ ပျော်စရာလည်း ကောင်းသလို ဗဟုသုတတွေလည်း ရပါတယ်။ လူရည်ချွန်တွေထဲမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အနှံ့ကလာကြတော့ သူငယ်ချင်းတွေဖြစ်သွားပြီး ခင်မင်ခွင့်ရပါတယ်။ သူတို့ ဒေသအကြောင်းကိုလည်း သိရှိခွင့်ရခဲ့ပါတယ်။ လူရည်ချွန်ကြီးတွေနဲ့ တွေ့တဲ့အခါမှာလည်း သူတို့ပြောတာတွေက မှတ်သားစရာတွေ၊ ဗဟုသုတတွေ အများကြီးရပါတယ်။ အတုယူစရာလည်း ကောင်းပါတယ်။ ဘဝရည်မှန်းချက်ကတော့ ဆရာဝန်တစ်ယောက်ဖြစ်ချင်ပါတယ်။
သုံးထပ်ကွမ်းလူရည်ချွန် မနှင်းသီရိကျော် (အထက (၁) မြစ်ကြီးနား၊ ကချင်ပြည်နယ်)
ဒီခရီးစဉ်က အတွေ့အကြုံတွေ အများကြီးရပါတယ်။ ရန်ကုန်မှာ ဆိုရင်လည်း မြန်မာနိုင်ငံရဲ့ အထင်ကရ ဖြစ်တဲ့ ရွှေတိဂုံစေတီတော်ကြီးကို ဖူးမြော်ခွင့်ရရှိခဲ့ပါတယ်။ ရွှေတိဂုံစေတီတော်ရဲ့ ဘုရားသမိုင်းတွေကိုလည်း လေ့လာသိရှိခွင့်ရခဲ့ပါတယ်။ လူမျိုးအသီးသီးရဲ့ ရိုးရာဓလေ့တွေကိုလည်း လေ့လာခွင့်ရပါတယ်။ ဒီခရီးစဉ်က ပျော်စရာလည်း ကောင်းသလို ဗဟုသုတတွေလည်း ရပါတယ်။ ပင်းတယမီးအိမ်ရှင်လို မိမိအလုပ်ကိုချစ်မြတ်နိုးတဲ့ ဆရာဝန်ကောင်းတစ်ယောက် ဖြစ်အောင်ကြိုးစားသွားမယ်။ လူရည်ချွန်တစ်ယောက် ဖြစ်ဖို့အတွက်လည်း ငယ်ငယ်ကတည်းက ကြိုးစားခဲ့ပါ တယ်။ ကျောင်းစာတွေအပြင် ဗဟုသုတ တိုးပွားစေမယ့် ရသစာပေတွေကိုလည်း ဖတ်ရှုလေ့လာခဲ့ပါတယ်။
သုံးထပ်ကွမ်းလူရည်ချွန်မခိုင်သဇင်နှင်း (တာချီလိတ်မြို့၊ ရှမ်းပြည်နယ် အရှေ့ပိုင်း)
လူရည်ချွန်ဖြစ်အောင် ငယ်ငယ်ကတည်းက ရည်မှန်းချက်ထားပြီး ကြိုးစားခဲ့တယ်။ ကျောင်းစာတွေအပြင် ဗဟုသုတဖြစ်စေမယ့် စာပေ တွေကိုလည်း ဖတ်ရှုပါတယ်။ စာပေ တွေ ဖတ်ရှုလေ့လာခွင့်ရတဲ့အတွက်အရင်က စာမဖတ်ခင်ကနဲ့ အခုစာပေ တွေဖတ်ရှုပြီး နောက်ပိုင်းအတွေး အခေါ်ကအစ ပြောင်းလဲလာတယ်။ ဒီခရီးစဉ်မှာ ဒေသအသီးသီးက လာကြတဲ့ သူငယ်ချင်းအသစ်တွေရတယ်။ ငွေဆောင်ဒေသက ရာသီဥတုအခြေအနေတွေ၊ ပတ်ဝန်းကျင်ရှုခင်းတွေ ခံစားရတယ်။ ကမ်းခြေရဲ့ အလှအပ တွေကိုလည်း ခံစားရတယ်။ ဒီဒေသက လူတွေရဲ့ လူမှုဘဝတွေကိုလည်း လေ့လာခွင့်ရတယ်။ ဗဟုသုတတွေအများကြီးရပါတယ်
တွေ့ဆုံမေးမြန်း- မင်းသစ်(MNA)
ဓာတ်ပုံ-စိုးမင်းဦး(ပြန်/ဆက်)