နေပြည်တော် ၇ အောက်တိုဘာ 

 

လူရယ်လို့ဖြစ်လာသည်နှင့် ဒုက္ခနှင့် သုခမှာ အတူယှဉ်တွဲဖြစ်ပေါ်လေ့ရှိသည်။ ကံကံ၏အကျိုးအားဖြင့်သာ ဒုက္ခနည်းခြင်း၊ များခြင်း၊ သုခနည်းခြင်း၊ များခြင်းတို့ လူတစ်ဦးနှင့်တစ်ဦးမတူကွဲပြား ကြုံတွေ့ခံစားကြရသည်။ ထိုဒုက္ခ၊ သုခတို့သည် ပတ်ဝန်းကျင်အကြောင်းတရားတို့အပေါ် တည်မှီပြီး ချမ်းသာခြင်း၊ ဆင်းရဲခြင်း အနည်း၊ အများတို့ကို ထင်ဟပ်ပေါ်လွင်စေပါသည်။

 

ဗုဒ္ဓဘာသာတရားတော်အလိုအရ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါးဟူ၍ ဆင်းရဲဒုက္ခဖြစ်စေနိုင်သော အကြောင်းတရားတို့ကို ဖော်ညွှန်းထားရာ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော လူသားများအနေဖြင့်လည်း အရပ်ဒေသနေရာအလိုက် ဘေးရန်တစ်မျိုးမဟုတ်တစ်မျိုး သို့မဟုတ် တစ်မျိုးထက်ပို၍ ကြုံတွေ့ခံစားနေကြရသည်။ တရားအလိုအရ ကံအကြောင်းတရားကြောင့်ဟု ဆိုသော်လည်း လူလူချင်းထားရှိအပ်သော ဗြဟ္မစိုရ်တရားလေးပါးနှင့်အညီ ကူညီစောင့်ရှောက် ရိုင်းပင်းကြရမည်ဖြစ်သည်။

 

အဆိုပါဒုက္ခဆင်းရဲရောက်ကြရသူများအား လောကအလိုအားဖြင့် လူသားချင်းစာနာထောက်ထားသော အမှုတို့ကို ပြုကြရသည်။ မြန်မာနိုင်ငံတွင် လတ်တလောကြုံတွေ့နေရသည့် မောင်တောဒေသ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်နောက်ပိုင်း ဒေသနေအသိုက်အဝန်းအားလုံးမှ ပဋိပက္ခ၏ နောက်ဆက်တွဲ အကျပ်အတည်း များကြုံတွေ့နေမှု၊ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခကြောင့် တိုင်းရင်းသားဒေသအချို့မှ ဒေသခံတိုင်းရင်းသား များစစ်ဘေးရှောင်နေရမှု၊ မကြာခဏ ကြုံတွေ့နေရသော သဘာဝဘေးဒဏ်ကြောင့် ဒေသခံပြည်သူအချို့ ဘေးဒုက္ခသင့်နေရမှုစသည့်ဘေးအမျိုးမျိုးကြောင့် ပြည်သူများ ဆင်းရဲဒုက္ခရောက်ကြရသည်။

 

ထိုဘေးဒုက္ခအားလုံးတို့ကို ထောက်ပံ့ကူညီဖြည့်ဆည်းပေးနိုင်ရေး တွင် ဘဏ္ဍာရေးနှင့် အထောက်အပံ့ ကောင်းများ ပြည့်စုံလုံလောက်မှုမှာ အထူးအရေးပါသည်မှန်သော်လည်း မြန်မာနိုင်ငံအနေဖြင့်မူ ရှိသည့် ဝန်၊ ရှိသည့်အားဖြင့် အတတ်နိုင်ဆုံး ထောက်ပံ့ကူညီ ဖြည့်ဆည်းပေးလျက်ရှိသည်။ မြန်မာနိုင်ငံအစိုးရက ဆောင်ရွက်နေသည့် ကျယ်ပြန့်သောပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များတွင် မြန်မာနိုင်ငံအား ပံ့ပိုးကူညီ လိုသည့် နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများနှင့်လက်တွဲ၍ ပူးပေါင်းကူညီနိုင်ရေးဆောင်ရွက်လျက်ရှိသည်။

 

ရခိုင်ပြည်နယ်တွင် နိုင်ငံတော်အစိုးရနှင့်လက်တွဲ၍ UNDP- UEHRD  တို့ ပူးပေါင်းဆောင်ရွက်နေသည်။ အပြည်ပြည်ဆိုင်ရာကြက်ခြေနီအသင်းဖြစ်သည့် ICRC သည် မြန်မာနိုင်ငံနှင့် ရှည်လျား ကောင်းမွန်သည့် ပူးပေါင်းဆက်ဆံဆောင်ရွက်မှုများရှိခဲ့သည်။ ရခိုင် ပြည်နယ် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်နောက်ပိုင်း မြန်မာအစိုးရ၏ လူသားချင်းစာနာမှု အကူအညီပေးရေးလုပ်ငန်းများတွင် ကြက်ခြေနီ အသွင်ဖြင့် လှုပ်ရှားကူညီဆောင်ရွက်ပေးမှုများမှာ ထိရောက်သောအကျိုးများ ရရှိခဲ့ပါသည်။

 

ICRC အနေဖြင့် ရခိုင်ပြည်နယ်သာမက အခြားကချင်၊ ကယား၊ ကရင်၊ ချင်း၊ ရှမ်းတိုင်းရင်းသားဒေသများတွင်လည်း ပူးပေါင်းကူညီဆောင်ရွက်ပေးမည်ဖြစ်သည်။ ယခင်ကလည်း စစ်ဘေးဒဏ်သင့်ဒေသများတွင် ICRC သည် အစောဆုံး ကူညီဆောင်ရွက်ပေးသော အသင်းဖြစ်သည်။ အရေးပေါ်အခြေအနေတွင် ပံ့ပိုးမှုအပြင် ကျန်းမာရေး၊ ရေနှင့် သန့်ရှင်းရေး၊ ကောင်းမွန်သည့် အခြေခံ လူနေမှုအဆင့်အတန်းရရှိစေရေးတို့ကို လူမျိုး၊ ဘာသာမခွဲခြားဘဲ လိုအပ်ချက်ရှိသူတိုင်းအား ကူညီပေးနေခြင်းမှာ ကြက်ခြေနီလုပ်ငန်း၏ မွန်မြတ်သော ရည်မှန်းချက်နှင့်အညီ စေတနာ၊ ကရုဏာထား၍ ဆောင်ရွက်ပေးခြင်းဖြစ်သည်။

 

သို့ဖြစ်ရာ ဒုက္ခဆင်းရဲရောက်ကြသူ မည်သည့်လူမျိုး၊ မည်သည့်ဘာသာဝင်၊ မည်သည့်လူတန်းစားကိုမဆို အယုတ်၊ အလတ်၊ အမြတ်မခွဲခြားဘဲ ရိုင်းပင်းကူညီစောင့်ရှောက်ခြင်းသည် စစ်မှန်သောလူသားချင်း စာနာထောက်ထားမှုကို ပြုလုပ်ဆောင်ရွက်ခြင်းဖြစ်၍ ICRC အသင်းကဲ့သို့ပင် အခြားနိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့်လည်း ကျယ်ကျယ်ပြန့်ပြန့်မျှမျှတတ ကူညီဆောင်ရွက်ပေးကြပါရန် တိုက်တွန်းအပ်ပါ သည်။ ။

 

ကြေးမုံ